![]() |
Image Created with Gemini |
Software-defined Super Cores (SDC) လို့ ရည်ညွှန်းထားတဲ့ ဒီနည်းပညာဟာ core အများအပြားကို အလိုအလျောက် ပေါင်းစည်းပြီး single-threaded workload တွေကို လုပ်ဆောင်စေမှာဖြစ်ကာ Operating System ကတော့ ဒါကို physical core တစ်ခုတည်းအဖြစ်သာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Intel ရဲ့အဆိုအရ ဒီချဉ်းကပ်ပုံဟာ voltage ဒါမှမဟုတ် frequency ကို တိုးမြှင့်စရာမလိုဘဲ single-threaded performance ကို တိုးတက်စေတယ်လို့ ဆိုပါတယ်။
အရင်က CPU တွေကို single-core performance ပိုကောင်းအောင်အတွက် core အကြီးကြီးတွေ၊ မြင့်မားတဲ့ frequency တွေနဲ့ ဒီဇိုင်းထုတ်ဖန်တီးလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက power သုံးစွဲမှုကို မြင့်တက်စေပြီး၊ workload များလာတဲ့အခါ CPU ရဲ့ အပူချိန်ကို မြင့်တက်စေပါတယ်။ အခုနည်းပညာအသစ်ကတော့ power သုံးစွဲမှုကို ပိုမိုထိရောက်စေပြီး အပူချိန်ကို ထိန်းချုပ်ထားရင်းနဲ့ single-threaded performance ကို သိသိသာသာ တိုးတက်စေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
![]() |
Image via TechSpot |
Intel က SDC နည်းပညာဟာ အထူးပြု software နဲ့ shared memory space တို့ရဲ့အကူအညီနဲ့ workload တွေကို core အများအပြားဆီကို ဖြန့်ဝေပေးခြင်းအားဖြင့်၊ အရွယ်အစားကြီးမားတဲ့ core တွေရဲ့ အားနည်းချက်တွေကို ရှောင်ရှားနိုင်တယ်လို့ အခိုင်အမာဆိုပါတယ်။
ကုမ္ပဏီက ဒီနည်းလမ်းဟာ performance per watt ကို ပိုကောင်းအောင် ပေးစွမ်းနိုင်ပြီး CPU တွေကို workload လိုအပ်ချက်ပေါ်မူတည်ပြီး standard core mode နဲ့ super core mode ကြားမှာ အလိုအလျောက်ပြောင်းလဲနိုင်စေမယ်လို့ ယုံကြည်ထားပါတယ်။
အဓိကစိန်ခေါ်မှုတစ်ခုကတော့ program အလုပ်လုပ်တဲ့ အစီအစဉ် (program order) ကို မမှားယွင်းစေဘဲ workload တွေကို core အများအပြားဆီ ခွဲခြမ်းပေးဖို့ပါပဲ။ Intel ရဲ့အဖွဲ့က ဒီပြဿနာကို Shadow Store Buffer လိုမျိုး ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနည်းလမ်းက ပေါင်းစည်းထားတဲ့ core တွေကို OS က single logical core တစ်ခုအဖြစ် မြင်ကာ instruction တွေကို အစီအစဉ်တကျ လုပ်ဆောင်စေမှာဖြစ်ပါတယ်။
Software-defined Super Cores (SDC) နည်းပညာဟာ Intel ရဲ့ နာမည်ကြီး Hyper-Threading နည်းပညာနဲ့တော့ ပြောင်းပြန်လို့ဆိုနိုင်ပါတယ်။ Hyper-Threading က core တစ်လုံးကို နှစ်လုံးလို အလုပ်လုပ်ခိုင်းတာဖြစ်ပြီး အခု SDC မှာတော့ core အများအပြားကို တစ်လုံးတည်းလို ပေါင်းစည်းလုပ်ဆောင်စေခြင်းဖြစ်ပါတယ်။
![]() |
Image via TechSpot |
Intel က SDC ကို အနာဂတ်ထုတ်ကုန်တွေထဲမှာ ဘယ်လိုထည့်သွင်းမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ ဒီနည်းလမ်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဖို့အတွက်၊ ကုမ္ပဏီအနေနဲ့ synchronization ရှုပ်ထွေးမှုလိုမျိုး core တွေအကြား ဆက်သွယ်မှု (inter-core communication) ကို ချောမွေ့ပြီး ကြန့်ကြာမှုနည်းအောင် လုပ်ဆောင်ရမဲ့ စိန်ခေါ်မှုတွေကိုလည်း ဖြေရှင်းသွားရဦးမှာ ဖြစ်ပါတယ်။
ဇွန်လက ပေါက်ကြားခဲ့တဲ့ Intel document တစ်ခုအရ ကုမ္ပဏီဟာ desktop တွေအတွက် Nova Lake-S နဲ့ low-power laptop တွေအတွက် Nova Lake-U ကို ဖန်တီးနေပြီး နောက်ဆက်တွဲအနေနဲ့ Twin Lake, Wildcat Lake, နဲ့ Bartlett Lake-S family တွေ ထွက်ရှိလာမယ်လို့ သိရပါတယ်။ ဒီ platform တွေထဲက တစ်ခုခုမှာ SDC ပါဝင်လာမလား ဒါမှမဟုတ် ဒီနည်းပညာက လူသုံးကုန်ပစ္စည်းတွေအဖြစ် ရောက်ရှိလာဖို့ အချိန်ပိုလိုအပ်ဦးမလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Note: En Thue Tech ၏ သတင်းဆောင်းပါးများအား အခွင့်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: TechSpot
0 Comments