![]() |
Image via WinFuture |
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဟာ သမားရိုးကျ PC mouse ဒီဇိုင်းတွေရဲ့ အလွန်ထူးခြားတဲ့ ပုံစံအမျိုးမျိုးကို တွေ့မြင်ခဲ့ရပါတယ်။ အခုတော့ Logitech ဟာ သူတို့ရဲ့ premium MX Master series ကို ရှားပါးတဲ့ feature တစ်ခုဖြစ်တဲ့ physical feedback ကို ထည့်သွင်းပြီး အဆင့်မြှင့်တင်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
WinFuture ဆိုတဲ့ ဂျာမန်ဝက်ဘ်ဆိုဒ်ကနေ ပေါက်ကြားလာတဲ့ သတင်းအရ Logitech ဟာ သူတို့ရဲ့ MX Master 4 mouse အသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ MX Master 4 ဟာ ၂၀၂၂ ခုနှစ်က MX Master 3 ရဲ့ အဆင့်မြှင့်တင်မှုအဖြစ် ထွက်ရှိခဲ့ပြီး ဒီနေ့အထိ အကောင်းဆုံး wireless mouse တွေထဲက တစ်လုံးအဖြစ် ရပ်တည်နေဆဲဖြစ်တဲ့ MX Master 3S ကို အစားထိုးဖို့ ဒီဇိုင်းထုတ်ထားတာပါ။
![]() |
Image via WinFuture |
MX Master 4 မှာ haptic feedback ပါဝင်လာမှာဖြစ်ပြီး၊ ဒါဟာ mouse လောကမှာ အလွန်ရှားပါးတဲ့ feature တစ်ခုဖြစ်ပါတယ်။ Logitech က ဒီ feature ကို "Haptic Sense" လို့ နာမည်ပေးထားပြီး လက်မ,တင်တဲ့နေရာမှာ ထည့်သွင်းထားတယ်လို့ WinFuture က ဖော်ပြခဲ့ပါတယ်။
အတွင်းမှာထည့်သွင်းထားတဲ့ မော်တာတစ်ခုက သီးခြားလုပ်ဆောင်ချက်တွေ လုပ်ဆောင်ချိန်မှာ mouse ကို တုန်ခါစေမှာဖြစ်ပြီး၊ ဥပမာအားဖြင့် web link တွေကို နှိပ်လိုက်ချိန် ဒါမှမဟုတ် notification တွေ လက်ခံရရှိချိန်မျိုးမှာ တုန်ခါမှာဖြစ်ပါတယ်။ အသုံးပြုသူတွေက Haptic Sense feature ကို အပြည့်အဝ စိတ်ကြိုက်ပြင်ဆင်နိုင်မှာဖြစ်ပြီး တုန်ခါမှု ပြင်းအားနဲ့ ဘယ်လုပ်ဆောင်ချက်တွေမှာ တုန်ခါစေမလဲဆိုတာကို ချိန်ညှိခွင့်ရနိုင်မှာပါ။
MX Master 4 ဟာ သူ့ရဲ့အရင်မျိုးဆက် ဒီဇိုင်းကို အဆင့်မြှင့်တင်ထားတဲ့ပုံစံကို အခြေခံထားပြီး၊ အခုအခါမှာတော့ ပိုမိုခိုင်ခံ့မှုရှိလာကာ ပိုပေါ့ပါးပြီး texture ပါတဲ့ မျက်နှာပြင်နဲ့ ထွက်ရှိလာမှာပါ။ ခလုတ်စုစုပေါင်း ၈ခုထဲက အဓိကခလုတ်၂ခုကို ဖောက်မြင်နိုင်တဲ့ ပလတ်စတစ်နဲ့ ပြုလုပ်ထားပြီး Logitech ရဲ့အဆိုအရ ယခင်ကတည်းက အလွန်တိတ်ဆိတ်နေပြီဖြစ်တဲ့ MX Master 3S ရဲ့ခလုတ်တွေထက်တောင် ၉၀ ရာခိုင်နှုန်း ပိုပြီးတိတ်ဆိတ်နေဦးမှာ ဖြစ်ပါတယ်။
MX Master 4 အသစ်မှာ ပါဝင်တဲ့ တခြားဒီဇိုင်းအပြောင်းအလဲတွေကတော့ လက်မ,တင်တဲ့နေရာက actions ring ဆိုတဲ့ feature ဖြစ်ပြီး ဒါကို အသုံးပြုသူက သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်တွေကို အမြန်လုပ်ဆောင်ဖို့ ချိန်ညှိလုပ်နိုင်မှာပါ။ mouse ရဲ့ အဓိက specification တွေကတော့ MX Master 3S နဲ့ အတူတူပဲဖြစ်ပါတယ်။ 200 DPI ကနေ 8,000 DPI အထိရှိတဲ့ optical sensor၊ ရက် ၇၀ အထိ အသုံးခံတဲ့ အားပြန်သွင်းနိုင်တဲ့ 500 mAh ဘက်ထရီ အပြင် Bluetooth 5.0 နဲ့ Logitech ရဲ့ Bolt wireless dongle နှစ်မျိုးလုံးကိုလည်း အထောက်အပံ့ပေးမယ်လို့ဆိုပါတယ်။
WinFuture ရဲ့အဆိုအရ ဒီအချက်အလက်တွေနဲ့ ပုံတွေအားလုံးကို ဥရောပ မူပိုင်ခွင့်နှင့် ကုန်အမှတ်တံဆိပ်ရုံးကနေ ရရှိခဲ့တာဖြစ်ပြီး၊ Logitech က ဒီ mouse ကို မိတ်ဆက်ဖို့အတွက် လပေါင်းများစွာ ပြင်ဆင်နေခဲ့တယ်လို့ ဆိုပါတယ်။ MX Master 4 ဟာ device အများအပြားနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး၊ Mac နဲ့ business သမားတွေအတွက် နောက်ထပ်ဗားရှင်းတွေလည်း ထွက်ရှိလာဖို့ မျှော်လင့်ရပါတယ်။ mouse ကို မီးခိုးဖျော့(light grey)နဲ့ မီးခိုးရင့် (graphite) ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မှာပါ။
ဈေးနှုန်းကတော့ ယူရို ၁၃၀ (ဒေါ်လာ ၁၅၀ ဝန်းကျင်) ကနေ စတင်ဖွယ်ရှိပြီး စက်တင်ဘာလ ၃၀ ရက်နေ့မှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ Logitech ဟာ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြိုးပမ်းမှုတွေကိုလည်း အလေးပေးထားပါတယ်။ MX Master 4 မှာ စုစုပေါင်း ၂၇ ရာခိုင်နှုန်း ပြန်လည်အသုံးပြုထားတဲ့ ပစ္စည်းတွေကို သုံးစွဲထားပြီး ဘက်ထရီကို ၁၀၀ ရာခိုင်နှုန်း ပြန်လည်သန့်စင်ထားတဲ့ ကိုဘော့သတ္တုနဲ့ light grey နဲ့ graphite ဗားရှင်းတွေမှာ recycled plastic တွေ ၄၈ရာခိုင်နှုန်းနဲ့ ၅၄ရာခိုင်နှုန်း အသီးသီးပါဝင်တယ်လို့ သိရပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများအား အခွင့်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: TechSpot
0 Comments