Subscribe Us

header ads

Intel မှ အနာဂတ် CPU များ၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် AVX10၊ AVX10.2 နှင့် APX Instruction အသစ်များကြေညာ

Image via OC3D

CPU စွမ်းဆောင်ရည်ကိုတိုးတက်လာအောင်ပြုလုပ်တဲ့ နည်းလမ်း ၃သွယ်ရှိပါတယ်။ ပထမတစ်ခုက သတ်မှတ်ထားတဲ့အချိန်မှာ clock cycle တိုးလာအောင် clock speed ကိုတိုးမြှင့်ပေးတာဖြစ်ပါတယ်။ ဒုတိယတစ်ခုက cycle တစ်ခုခြင်းကို အလုပ်ပိုလုပ်နိုင်အောင် core/architecture ပိုင်းကို အပြောင်းအလဲပြုလုပ်တာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ အလုပ်တွေကိုပိုမြန်မြန်ဆန်ဆန်ပြီးမြောက်အောင် စွမ်းဆောင်ရည်အသစ်တွေဖြစ်တဲ့ CPU instruction တွေတိုးမြှင့်ပေးတာပဲဖြစ်ပါတယ်။

မနေ့က Intel ဟာ AVX10၊ AVX10.2 နဲ့ APX Instruction အသစ် ၃ခုကို ကြေညာလိုက်ပါတယ်။

Intel Advanced Performance Extensions (Intel APX)

instruction အသစ်တွေထပ်တိုးခြင်းဖြင့် Intel ဟာ ၎င်းတို့၏ processorတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်လိုပြီး အလုပ်တွေကို CPU resources အနည်းငယ်နဲ့ ပြီးမြောက်စေခြင်း၊ CPU တွေကို ပိုမိုအလုပ်လုပ်စေနိုင်ခြင်း (သို့မဟုတ်) စွမ်းအင်သုံးစွဲမှုလျှော့နည်းပြီးတူညီတဲ့အလုပ်ကို ပြုလုပ်လိုနေပါတယ်။

Intel APX နဲ့ Intel ဟာ general purpose registers (GPRs) အရေအတွက်ကို 16 မှ 32 အထိ နှစ်ဆတိုးလိုက်ပြီး compilerတွေဟာ registers မှာ value တွေပိုမိုထားရှိနိုင်ကာ APX-compiled code နဲ့ CPU စွမ်းဆောင်ရည်အလုံးစုံကို တိုးတက်စေပါတယ်။ ဒါဟာ စွမ်းအင်သုံးစွဲမှုနည်းပါးစေသလို စွမ်းဆောင်ရည်ကောင်းလာစေပါတယ်။ ဒီအတွက် developer တွေအနေနဲ့ ကုဒ်အပြောင်းအလဲ မလိုအပ်သင့်ဘဲ compiler အသစ်တစ်ခုကိုသာ လိုအပ်မှာဖြစ်ပါတယ်။

Intel APX ဟာ ၂၀၂၄ခုနှစ်ဝက်အကျော်လောက်မှာ Intel processor အသစ်တွေမှာ ပထမဆုံးရောက်ရှိလာမှာဖြစ်ပြီး ၂၀၂၅ခုနှစ်လောက်မှာ processor အားလုံးမှာ ပါဝင်လာဖွယ်ရှိပါတယ်။

Developer အနေနဲ့ APX နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ compiler အသစ်နဲ့ သူတို့ဆော့ဖ်ဝဲလ်ကို recompile လုပ်ပေးလိုက်ရုံနဲ့ အနည်းငယ်အားစိုက်ပြီး စွမ်းဆောင်ရည်သိသိသာသာတိုးတက်လာတာကိုခံစားရမှာပါ။ Intel ရဲ့ Granite Rapids processor တွေကို မိတ်ဆက်ခြင်းနဲ့အတူ APX instruction ကို Intel ရဲ့ enterprise customerတွေ ရရှိလာမှာဖြစ်ပါတယ်။

Image via OC3D

AVX10 သို့ AVX-512 ၏အနာဂတ်

Intel ရဲ့ AVX-512 instruction set ဟာ ထူးခြားတဲ့သမိုင်းရှိပြီး ဒီ instruction set ဟာ အချို့ CPU တွေမှာပါခဲ့ပေမယ့် မပါခဲ့တာလည်းရှိပါတယ်။ 12th Gen နဲ့ 13th Gen တို့မှာဆိုရင် မပါဝင်ခဲ့ပေမယ့် 11th Gen မှာပါဝင်ခဲ့ပါတယ်။ အကြောင်းက Intel ရဲ့ နောက်ပိုင်း CPU တွေမှာ hybrid architecture သုံးလာလို့ P-Cores တွေကအထောက်အပံ့ပေးပေမယ့် E-Cores တွေကအထောက်အပံ့‌မပေးတာကြောင့် ဒီ processor တွေဟာ AVX-512 ကိုအထောက်အပံ့မနိုင်တာဖြစ်ပါတယ်။

ဒီအတွက် E-Cores တွေမှာ AVX-512 အထောက်အပံ့ပေးမယ့်အစား Intel P-Cores နဲ့ E-Cores တွေရဲ့ စွမ်းဆောင်နိုင်မှုကိုစုစည်းပြီး E-Cores တွေမှာ မလိုအပ်တဲ့ feature ကိုပေါင်းထည့်စရာမလိုတဲ့ AVX10.2 ကိုဖန်တီးခဲ့ပါတယ်။

AVX 10 နှင့် AVX10.2

Intel အနေနဲ့ ပထမဆုံး AVX10 အထောက်အပံ့ကို Xeon processor တွေမှာ စတင်ထည့်သွင်းပေးမှာဖြစ်ကာ AVX10.1 ကတော့ အနာဂတ် processor တွေမှာ AVX10.2 မတိုင်ခင် လှေခါးထစ်တစ်ခုအဖြစ်လုပ်ဆောင်မှာဖြစ်ပါတယ်။

AVX10.1 က Xeon တွေရဲ့ P-Cores သီးသန့်ဖြစ်ပြီး AVX10.2 မှာတော့ P-Cores နဲ့ E-Cores အကြားထောက်ပံ့အောင် စုစည်းပေးမှာဖြစ်ပါတယ်။ AVX10.2 ဟာ P-Cores သီးသန့်၊ E-Cores သီးသန့်နဲ့ P-Cores ရော E-Cores ပါ ဒီဇိုင်းပြုမယ့် ပုံစံနဲ့လာမှာဖြစ်ပါတယ်။

AVX10 မှာ 512bit အထောက်အပံ့ကို optional အနေနဲ့ရနိုင်ပါတယ်။ Intel အနေနဲ့ AVX512 ISA အထောက်အပံ့ကို legacy support option အနေနဲ့ P-Cores မှာသာအထောက်အပံ့ပေးမှာပါ။ Intel ဟာ AVX-512 ကိုစွန့်ခွာနေပြီမို့ စွမ်းရည်အသစ်တွေကိုထပ်တိုးဖို့မရှိတော့ပါဘူး။

Image via OC3D

AVX10 က AVX-512 ကိုစွန့်ပယ်ပြီး Intel ရဲ့ရှေ့ဆက်မယ့်လမ်း‌ကြောင်းဖြစ်ပါတယ်။ ဒီလိုရှေ့ဆက်တဲ့အခါ AVX-512 ကို legacy option အနေနဲ့ P-Cores သီးသန့်ထားရှိပြီး instruction အသစ်တွေထည့်သွင်းလာမှာပါ။ ဆိုလိုတာက Intel ရဲ့ AVX-512 instructions ကို consumer အဆင့် CPU တွေမှာ ပြန်မြင်ရဖို့မရှိပေမယ့် AVX10.2 ကြောင့် hybrid CPU တွေမှာ စွမ်းဆောင်ရည်အသစ်တွေမြင်ရမယ်လို့ မျှော်လင့်နိုင်ပါတယ်။

Source: Intel and OC3D

#EnThueTech
#News
#CPU


Post a Comment

0 Comments