Subscribe Us

header ads

Review: MSI Summit E16 Flip A12UDT


ကျနော့်အနေနဲ့ MSI ရဲ့ Gaming နဲ့ Business/Productivity အတွက် Laptop တွေအများကြီးကို Review လုပ်လာခဲ့တာကိုသိကြမှာပါ။ ဒီတစ်ခေါက်မှာတော့ ယခင် MSI ရဲ့ Business နဲ့ Productivity တွေထက်ပိုမိုအဆင့်မြင့်ပြီး Premium တန်းဝင်တဲ့ Summit E16 Flip A12UDTကို review လုပ်ပေးသွားပါမယ်။

Introduction

MSI ဟာ စစခြင်းမှာ Gaming Laptop တွေကိုသာအဓိကထားထုတ်ပေမယ့် နောက်ပိုင်းပြောင်းလဲလာတဲ့ခေတ်အရ Business နဲ့ Productivity အတွက်လည်း Prestige နဲ့ Modern Series Laptop တွေထုတ်လာပါတယ်။ နောက်ပိုင်းမှာ ဒီ၂မျိုးထက်ပိုပြီး Premium ဖြစ်တဲ့ Summit Series ကိုပါမိတ်ဆက်လာခဲ့ပါတယ်။ Premium အတန်းအစား Summit မှာ ပိုကောင်းတဲ့ Hardware နဲ့တည်ဆောက်ပုံတွေကိုတွေ့မြင်ရပါတယ်။ အခုကျနော် review လုပ်ပေးမယ့် Summit E16 Flip A12UDT ဟာ နောက်ဆုံးထွက်ရှိထားတဲ့ Summit Series ဖြစ်ပြီး သူ့မှာနောက်ဆုံးထွက်ရှိထားတဲ့ Intel Core-i7 1280P CPU နဲ့ Nvidia RTX 3050Ti တပ်ဆင်ထားသလို Touch Screen ပါဝင်ပြီး 2 in 1 Convertible Laptop အမျိုးအစားပါ။ ဒီ laptop ဟာ လွန်ခဲ့တဲ့ မတ်လတုန်းကကျင်းပခဲ့တဲ့ MSIOLOGY ပွဲမှာမိက်ဆက်သွားတဲ့ Laptop ထဲကတစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။

Design and Build Quality

Design ပိုင်းအနေနဲ့ပြောရရင် MSI Summit E16 Flip A12UDT ရဲ့ပုံစံဟာ Prestige တို့ Modern တို့နဲ့အခြေခံအားဖြင့်နီးနီးစပ်စပ်တူညီပါတယ်။ Premium laptop ဖြစ်တာမို့ ပိုမိုလှပသပ်ရပ်ပြီး တည်ငြိမ်တဲ့ ဒီဇိုင်းကိုတွေ့ရပါတယ်။ ကိုယ်ထည်ဟာအနက်ရောင်ဖြစ်ပြီး အရောင်မှိုင်းတဲ့ဘက်ကိုရောက်တယ်ဆိုနိုင်ပါတယ်။ ပြောင်လက်နေတဲ့ အနက်ရောင် MSI တံဆိပ်က အရောင်မှိုင်းတဲ့ကိုယ်ထည်မှာအတော်လေးလိုက်ဖက်တယ်လို့ခံစားရပါတယ်။ အရောင်မှိုင်းတယ်ဆိုပေမယ့် ကိုယ်ထည်ဟာ လက်ရာထင်စေတာမို့ မကြာခဏဆိုသလိုသန့်ရှင်းရေးလုပ်ရမှာပါ။ အဖုံးကိုပိတ်ထားချိန်ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဘယ် brand လဲဆိုတာပြောရခက်သလိုရှိပါတယ်။


Lid ကိုဖွင့်ကြည့်လိုက်ချိန်မှာ Summit E16 Flip ရဲ့ Screen ဟာ ပြောင်လက်နေပြီး အနားသတ်ဘောင်တွေကပါးပါးလေးတွေပါ။ Businessနဲ့ Productivity ပိုင်းအတွက်အလေးပေးထားတာမို့ Screen ဟာ Golden Ratio 16:10 နဲ့ဖြစ်ပါတယ်။ Lid ကတောင့်တင်းပြီး အရမ်းကျပ်နေတာမျိုးမဟုတ်ပေမယ့် Prestige နဲ့ Modern Series တွေမှာလို လက်တစ်ဖက်ထဲသုံးပြီးဖွင့်ဖို့ အချိုင့်ကလေးတစ်ခုမပါတာကြောင့်ဖွင့်ရတာနည်းနည်းခက်တယ်လို့ခံစားရပါတယ်။


2 in 1 convertible မို့ screen ကို 360°အထိလှန်လို့ရပြီး presentation ပြတာပဲဖြစ်ဖြစ် Tablet ပုံစံသုံးတာပဲဖြစ်ဖြစ်သုံးနိုင်ပါတယ်။ Display ထိပ်မှာ Webcam လေးကိုတပါတည်းထည့်သွင်းထားပြီး IR လည်းပါဝင်တာတွေ့ရပါတယ်။


ကီးဘုတ်ရှိတဲ့ကိုယ်ထည်ဟာတောင့်တင်းပြီး Cooling ပိုင်းအတွက် air intake အပေါက်တွေက laptop ကိုယ်ထည်အောက်မှာသာရှိပါတယ်။ exhaust အတွက်က ကိုယ်ထည်ရဲ့ထိပ်မှာတွေ့ရပါတယ်။



Summit E16 Flip ဟာ အလျား 358mm၊ အနံ 258.55mm နဲ့ အမြင့် 16.85 mm လောက်အထူရှိပြီး Gaming Laptop တွေထက် သိသိသာသာပိုပါးတယ်ဆိုနိုင်ပါတယ်။ 1.9kg ဆိုတဲ့အလေးချိန်က Gaming Laptop တွေထက် ပေါ့ပါးတယ်ဆိုသည့်တိုင် ပုံမှန် thin and light laptop တွေထက်တော့ အများကြီးပိုလေးပါတယ်။ ဒါကလည်း သူ့မှာစွမ်းအားကောင်းလှတဲ့ CPU နဲ့ RTX GPUအတွက် Cooling စနစ်တွေကြောင့်လို့ထင်ပါတယ်။

Specifications

MSI Summit E16 Flip မှာ နောက်ဆုံးထွက်ရှိလာတဲ့ Intel 12th Gen Alder Lake P-series ထဲက အမြန်ဆုံးလို့ဆိုနိုင်တဲ့ Core i7-1280P CPU ကိုသုံးထားပါတယ်။ 12th Gen Alder Lake P-series ဆိုတာ ယခင် 11th Gen တုန်းကဆို Tiger Lake H35 နေရာကိုအစားထိုးဝင်လာတာဖြစ်ပါတယ်။ Core i7-1280P ဟာ ယခင်ကျနော် နောက်ဆုံး review လုပ်ခဲ့တဲ့ laptop ၃မျိုးမှာပါဝင်တဲ့ Core i7-12700H နဲ့ Cores/Threads တွေ အတူတူပဲဖြစ်ပါတယ်။

Intel Core i7-1280P မှာ Alder Lake CPU ရဲ့ ထုံးစံအတိုင်း ARM CPU တွေလိုမျိုး Hybrid Design ကိုသုံးလာပါတယ်။ ARM မှာ High Performance အတွက် big Cores တွေရှိပြီး low performance အတွက် LITTLE cores တွေကိုသုံးပါတယ်။ ဒီလိုဆင်တူတဲ့ Intel ရဲ့ Hybrid Designမှာ စွမ်းဆောင်ရည်ကောင်းတဲ့ core တွေကို performance cores (P-cores) တွေလို့ခေါ် ပြီး ပါဝါစားသက်သာတဲ့ core တွေကို efficiency cores (E-cores) လို့ခေါ်ဆိုပါတယ်။ Intel Core i7-1280P မှာ P-cores ကို 6 Cores 12 Threads ထည့်ထားပြီး E-cores ကိုတော့ 8 Cores 8 Threads အနေနဲ့ ထည့်သွင်းထားတဲ့အတွက် စုစုပေါင်း 14 Cores 20 Threads ရှိပါတယ်။ ဒီလိုပါးလွှာတဲ့ laptop မှာ ဒီလို Cores/Threads တွေပါဝင်လာတာက အားရစရာအတော်ကောင်းပါတယ်။

Intel Core i7-1280P ရဲ့ P-cores တွေဟာ Base Clock 1.8 GHz နဲ့ Boost Clock 4.8GHz အထိရနိုင်ပြီး E-cores တွေအနေနဲ့ Base Clock 1.3 GHz နဲ့ Boost Clock 3.6GHz အထိရနိုင်ပါတယ်။ သူကပုံမှန် gaming laptop တွေမှာ တွေ့ရတဲ့ 12th Gen Core i7-12700H နဲ့ စာရွက်ပေါ်မှာသိပ်မကွာဘူးထင်ရပေမယ့် TDP တစ်ဝက်လောက်လျော့နည်းလို့အပူပိုသက်သာအောင်နဲ့ ပါဝါစားသုံးမှုနည်းပါးအောင်ဖန်တီးထားပါတယ်။ ဒါကြောင့် benchmark တွေမှာ scoreတွေ ပိုလျော့နေနိုင်ပါတယ်။ Intel Core i7-1280P မှာ Intel Iris Xe graphics လည်းပါဝင်ပြီး ဘက်ထရီချွေတာဖို့လိုတဲ့အခါဖွင့်သုံးနိုင်ပါတယ်။

Graphics ပိုင်းအတွက် Summit E16 Flip မှာ Nvidia RTX 3050Ti 4GB GDDR6 GPU ကိုတပ်ဆင်ထားပါတယ်။ RTX 3050Ti ဟာ 8nm Ampere Architecture နဲ့ ထုတ်ထားတဲ့ GPU ဖြစ်ပြီး Max-Q ဖြစ်လို့ TDP 35W သာရှိပြီး dynamic boost အကူအညီနဲ့ 5W တိုးလာကာ 40W ဖြစ်လာပါတယ်။ သူရဲ့စွမ်းဆောင်ရည်က အားရစရာမဟုတ်ပေမယ့် GTX 1650 ထက်တော့ သိသိသာသာပိုမြန်ပါတယ်။ RTX ဖြစ်တဲ့အတွက် Ray Tracing သုံးနိုင်တယ်ဆိုပေမယ့် Entry Level RTX GPU မို့ အဖြစ်လောက်ပဲသုံးနိုင်ပါတယ် တကယ်အသုံးဝင်တာက FPS ပိုတက်လာစေတဲ့ DLSS ဖြစ်ပါတယ်။ VRAM ကတော့ 4G GDDR6 ပဲရှိလို့ နည်းတယ်လို့ဆိုနိုင်ပြီး 1200P Gaming အတွက်သာသင့်တော်ပါတယ်။

MSI Summit E16 Flip မှာ Storage 2TB PCIe Gen 4 SSD ပါဝင်ပါတယ်။ Memory ပိုင်းအတွက် 32GB LPDDR5 (4800MHz) ကိုမားသားဘုတ်ပေါ်မှာ embedded လုပ်ထားပြီး ထပ်စိုက်စရာslot မပါပါဘူး။ 32GB ဆိုတာ ပုံမှန်ထက်ပိုနေပြီမို့ ထပ်တိုးစရာလိုလိမ့်မယ်လို့မထင်မိပါဘူး။ အကယ်၍ ကိုယ်က Memory 16GB လောက်ပဲလိုတယ်ဆိုရင် RTX 3050 ပါဝင်တဲ့ Summit E16 Flip A12UCT ကိုရွေးချယ်နိုင်ပါတယ်။

MSI Summit E16 Flip A12UDT ရဲ့ Specifications တွေကတော့
CPU: Alder Lake Core i7-1280P (14Cores/20Threads, 6 P-Cores and 8 E-Cores)
Memory: 32GB LPDDR5 (4800MHz)
Graphics: Nvidia RTX 3050Ti 4GB GDDR6
Storage: 2TB NVMe PCIe Gen4 x4 SSD
Display: 16in 165Hz QHD+(2560x1600) IPS Level Touch Screen
Dimensions (WxDxH): 358 x 258.55 x 16.85 mm
Weight: 1.9kg
I/O Ports: 2x USB Type-C (USB/DP/Thunderbolt 4) with PD charging
2x USB Type-A 3.2 Gen 2
1x card reader (microSD)
1x (4K @60Hz) HDMI
Connectivity: Wi-Fi 6E, Bluetooth 5.2
Camera: 1080P Webcam with IR
Speakers: 2x 2W
Audio Jack: 1x 3.5mm Audio Combo Jack (HiFi)
Operating System: Windows 11 Home
Battery: 82WH (4 Cell Li-ion)
Power Adaptor: 100W
Price: $1900

Display

MSI Summit E16 Flip ဟာ business နဲ့ productivity ပိုင်းကိုဦးစားပေးထားလို့ ပုံမှန်မြင်နေကြ laptop တွေလို 16:9 နဲ့မဟုတ်ပဲ Content Creation ‌တွေအတွက် အနည်းငယ်ပိုအဆင်ပြေတဲ့ aspect ratio 16:10 ရှိတဲ့ 16လက်မ QHD+ Display ကိုသုံးထားပါတယ်။ screen အတွက် Panel ကို AU Optronics ရဲ့ (B160QAN02.N)Panel ကိုသုံးထားပြီး တောက်ပကာရှင်းလင်းပြတ်သားပါတယ် ဒါ့အပြင် Tablet လိုသုံးနိုင်တာမို့ Touch ပါရပါတယ်။


Color Accuracy ပိုင်းမှာ
sRGB 99.89%
AdobeRGB 85.78%
DCI-P3 98.8%
ရှိလို့ content creator တွေအတွက်ပါ အဆင်ပြေတယ်ပြောနိုင်ပါတယ်။

Gaming Laptop တစ်ခုမဟုတ်သည့်တိုင် Screen ဟာ 165Hz နဲ့ Variable Refresh Rate (VRR) ကိုအထောက်အပံ့ပေးထားတာကြောင့် ဂိမ်းကိုလည်းကောင်းကောင်းကစားနိုင်ပါတယ်။ Viewing Angle ကလည်း အတော်‌ လေးကောင်းတယ်လို့လည်းပြောနိုင်တာမို့ screen ဟာကြေနပ်စရာကောင်းတယ်လို့ဆိုနိုင်ပါတယ်။

Image: MSI

သူ့ရဲ့ 500nits ရှိတဲ့ screen brightnessက outdoor မှာသုံးမယ်ဆိုသုံးနိုင်ပါတယ်။ Tabletပုံစံဖြစ်အောင် screenကို အနောက်လှန်ပြီး သုံးကြည့်ချိန်မှာ keyboard နဲ့ trackpad တွေအလုပ်မလုပ်တော့တာမို့မတော်တဆမှားထိတာမျိုးတွေမဖြစ်ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ကြီးမားတဲ့အရွယ်အစားနဲ့ 1.9kg ရှိတဲ့အလေးချိန်ကြောင့် Tablet တစ်ခုလိုလက်ထဲမှာ အချိန်ကြာကြာကိုင်သုံးဖို့ကတော့မလွယ်ကူလှပါဘူး။

Keyboard, Trackpad and Stylus

MSI Summit E16 Flip ဟာ Gaming Laptop မဟုတ်တာကြောင့် ကီးဘုတ်မှာ RGB Lights တွေမပါဝင်ပဲ အဖြူရောင်မီးတစ်ခုသာပါဝင်ပါတယ်။ သူ့မှာ စာရိုက်ရတဲ့ဖီလင်က အသံမကျယ်ပဲ Key တွေကိုနှိပ်ရတဲ့ခံစားမှုကကောင်းပါတယ်။ Key တစ်ခုနဲ့တစ်ခုအကြားအကွာအဝေးကလဲကောင်းမွန်ပါတယ် စာလုံးတွေမှားရိုက်မိတာမျိုးလဲမရှိပါဘူး။ ပါးလွှာပေမယ့် တောင့်တင်းလှတဲ့ကိုယ်ထည်ကြောင့် အားစိုက်ပြီးဖိတဲ့အခါ ညွှတ်လာတာမျိုးမရှိပါဘူး။


သာမန်စာရိုက်တဲ့အချိန်နဲ့ ဂိမ်းဆော့တဲ့အချိန်မှာ ပုံမှန် laptop တွေအတိုင်းအဆင်ပြေပြေသုံးနိုင်ပါတယ်။ အရွယ်အစားကြီးမားတဲ့ Laptop မို့ Numpad လည်းပါဝင်လာတာသဘောကျစရာပါ။ Laptop ရဲ့ အပူကိုအများကြီးမထွက်အောင်ထိန်းချုပ်ထားတာမို့ ဂိမ်းဆော့ချိန်မှာ ပူတယ်ဆိုပေမယ့် အရင်စမ်းဖူးတဲ့ Prestige နဲ့ Modern တို့ထက်သုံးရတာအဆင်ပြေပါတယ်။



Trackpad ဟာ သုံးတဲ့အချိန်တုံ့ပြန်မှုအတော်လေးကောင်းမွန်တာကိုတွေ့ရပြီး စိတ်ကျေနပ်စရာစွမ်းဆောင်ရည်ကိုပေးပါတယ်။ touchpad မှာ မျက်နှာပြင်ဟာချောမွေ့ပြီး သီးခြား key တွေမပါပါဘူး။ အားနည်းချက်က click နှိပ်ရင်အသံဆူတာ လှုပ်စိလှုပ်စိဖြစ်သလိုမျိုးတွေမရှိပါဘူး။ Premium Laptopမို့ aesthetic ပိုင်းအနေနဲ့ trackpad ငွေရောင်ဘောင်လေးနဲ့ခုတ်စားပေးထားတာ‌တွေ့ရပါတယ်။ Trackpad အရွယ်အစားမကြီးလွန်း မသေးလွန်းဆိုနိုင်ပေမယ့် ဒီထက်နည်းနည်းပိုကျယ်မယ်ဆိုရင်သုံးလို့ပိုကောင်းမယ်လို့ယူဆမိပါတယ်။


MSI Summit E16 Flip မှာ Stylus အတွက် MSI Pen တပါတည်းပါဝင်ပါတယ်။ Stylus ဟာ ပုံတွေဆွဲရတာအတော်လေးကိုအဆင်ပြေသလို 165Hz Screen မှာဆွဲရတာဆိုတော့ အတော်မိုက်ပါတယ်။ Screen ပေါ်ကိုလက်တင်ပြီး စာရေးပုံဆွဲတဲ့အခါ Touch Screen က Stylus နဲ့သာ အလုပ်လုပ်အောင်ထားနိုင်သလို ပေတံနဲ့မျဉ်းကြောင်းတွေဆွဲကြည့်တာလည်းအဆင်ပြေပါတယ်။ Stylus ဟာ အားသွင်းလို့ရတဲ့အမျိုးအစားမို့ အားကုန်တဲ့အခါ USB Type-C နဲ့ အလွယ်တကူအားသွင်းနိုင်ပါတယ်။ အားနည်းချက်က ပုံဆွဲတာနဲ့ calligraphy တွေ အမြန်ရေးတဲ့အခါ တစ်ခါတစ်လေလွတ်သွားတာမျိုးရှိပါတယ်။


Stylus လေးကိုသုံးရင်းနဲ့ ကျနော် Microsoft Paint 3D မှာ နမူနာပန်းချီပုံတစ်ပုံဆွဲပြထားပါတယ်။ MSI Pen ကိုသိမ်းဖို့အတွက်သီးခြားနေရာမပါပေမယ့် ဘယ်ဘက်ဘေးမှာ ကပ်ထားလို့ရပါတယ်။ တစ်ခုကောင်းတာက MSI Pen ဟာ stylus အနေနဲ့ရော PowerPoint တွေပြသတဲ့အချိန် presentation remote အဖြစ်ပါသုံးလို့ရပါတယ်။

Ports and Buttons

MSI Summit E16 Flip မှာ port တွေက အားနည်းတယ်လို့မမြင်ရပဲသင့်တင့်လျောက်ပတ်တဲ့ပမာဏပါဝင်ပါတယ်။


ဘယ်ဘက်မှာ USB Type-C (Display Port/Power Delivery/Thunderbolt 4 ၂ခုနဲ့ (4K @60Hz) HDMI တစ်ခုပါဝင်ပါတယ်။ မိမိလုံခြုံရေးအတွက် Webcam ကိုပိတ်ထားနိုင်တဲ့ ခလုပ်လေးတစ်ခုကိုပါထည့်ပေးထားတာတွေ့ရပါတယ်။ Type-C port ၂ခုစလုံးမှာ ပါဝါကြိုးတပ်လို့ရပါတယ်။


ညာဘက်မှာတော့ USB 3.2 Gen 2 Type-A ၂ခု၊ Micro SD Card Readerနဲ့ 3.5mm Audio Combo Jack တစ်ခုပါပါတယ်။

Webcam and Windows Hello

Business ပိုင်းကိုလည်းဦးစားပေးထားတဲ့ MSI Summit E16 Flip မှာ 1080P Webcam တစ်ခုပါဝင်ပြီး Webcam ရဲ့ ရုပ်ထွက်က အတော်ကောင်းတယ်လို့ပြောနိုင်ပါတယ်။ Windows Hello အတွက် Webcam နဲ့အတူ Windows Hello အတွက် IR Camera လည်းထည့်သွင်းထားတာမို့ သင့်မျက်နှာကိုမြင်တာနဲ့ unlock လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် Mask တပ်ထားချိန်မှာတော့အလုပ်မလုပ်ပါဘူး။ Fingerprint Reader ဟာ trackpad ရဲ့ ညာဘက်မှာရှိပြီး သူ့ရဲ့တုန့်ပြန်မှုကအတော်လေးမြန်ဆန်ပါတယ်။

Audio

Audio ပိုင်းကိုပြောရမယ်ဆိုရင် MSI Summit E16 Flip မှာ 2w Speaker ၂လုံးကို laptop ရဲ့ အောက်ခြေဘယ်ညာထောင့်‌တစ်ခုစီမှာနေရာချထားပါတယ်။ သူ့စျေးတန်းနဲ့သူဆိုရင် Speaker တွေရဲ့အသံထွက်က base သံနည်းတာကပြဿနာမဟုတ်တောင် high နဲ့ mid အသံတွေကသေးတယ်ဆိုနိုင်ပါတယ်။ အသံပိုင်းကိုဒီထက်ပိုကောင်းမယ်ဆိုရင် အတော်လေးသဘောကျမိမယ်လို့ထင်ပါတယ်။

Headphone နဲ့ Mic အတွက် 3.5mm Audio Combo Jack တစ်ခုပါဝင်ပြီး Headset အများစုနဲ့အဆင်ပြေပြေသုံးနိုင်မှာပါ။ Headphone အတွက် 24 bit 192 KHz အထိရတဲ့ Audio ကိုထုတ်ပေးနိုင်တာတွေ့ရပါတယ်။ သူ့ရဲ့အသံက အတော်လေးအဆင်ပြေတယ်လို့ပြောနိုင်ပါတယ်။


အသံပိုင်းအတွက် DTS software ကိုတပါတည်းထည့်သွင်းပေးထားတာဖြစ်ပါတယ်။ DTS software ဟာ နားကျပ်နဲ့ရော speaker နဲ့ပါအလုပ်လုပ်တယ်ဆိုပေမယ့် နားကျပ်တပ်ထားချိန်မှာ အသံကွာခြားမှုကပိုသိသာပါတယ်။


သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်သလို အကယ်၍ မိမိပတ်ဝန်းကျင်ကဆူညံနေတယ်ဆိုရင် MSI Center Pro က Noise Cancelation ကိုဖွင့်သုံးနိုင်ပါတယ်။ သူက Microphone အတွက်ရော Speaker အတွက်ပါအလုပ်လုပ်ပေးနိုင်ပါတယ်။

Storage

MSI Summit E16 Flip မှာ 2TB ရှိတဲ့ Samsung MZVL22T0HBLB-00BTW PCIE 4.0 NVME SSD ကိုထည့်‌ထားပါတယ်။ SSD ရဲ့ စွမ်းဆောင်ရည်ဟာ Read/Write နှုန်းတွေဟာ PCIE 4.0 NVME SSD တွေထဲမှာစွမ်းဆောင်ရည်ကောင်းတာကိုတွေ့ရပါတယ်။ 2TB Capacity ရှိတဲ့ SSD ဟာ သုံးရတာလုံးဝကိုအဆင်ပြေပြီး ဖိုင်တွေအများကြီးထည့်ထားနိုင်လို့ အရမ်းသဘောကျမိပါတယ်။


loading အချိန်အတော်ပေးရတဲ့ Microsoft Flight Simulator ဆိုရင်လည်း loading အတော်လေးမြန်လာတာကိုခံစားမိစေပါတယ်။ စွမ်းဆောင်ရည်အတိအကျကို Benchmark ပုံမှာကြည့်ပါ။

Battery

MSI Summit E16 Flip မှာ 82WH ရှိတဲ့ 4 Cell Li-ion battery ကိုထည့်သွင်းပေးထားပြီး အရွယ်အစားကြီးမားတယ်လို့မဆိုနိုင်ပေမယ့် နည်းတယ်လို့လည်းမဆိုနိုင်ပါဘူး။

MSI Center Pro

MSI Summit E16 Flip မှာ Utility Software တစ်ခုဖြစ်တဲ့ MSI Center Proပါဝင်ပါတယ်။ သူက ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ်၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့ Power တွေချိန်လို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကြည့်လို့ရမယ်။


ဒါပေမယ့် gaming laptop တွေလို E-Cores တွေကိုပိတ်လို့ရတာမျိုး၊ dedicated graphics အဖွင့်အပိတ်ခလုပ်နဲ့ screen color တွေချိန်ညှိဖို့ function တွေထည့်ပေးထားတာမျိုးတော့မတွေ့ရပါဘူး။

Testing Methodology and Benchmarks

CPU Benchmark အတွက် Cinebench R15၊ Cinebench R20 နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Core i7-1280Pဟာ 14 Cores CPU ဖြစ်ပြီး ယခင်ကျနော်စမ်းဖူးတဲ့ Core i7-12700Hနဲ့ဆင်တူကာ Clock Speed တွေလည်းသိပ်မကွာကြပါဘူး။ TDP တစ်ဝက်လောက်လျော့ထားတာမို့ ပါဝါစားပိုနည်းကာ အပူပို့လျော့သွားတာကိုတွေ့ရပါတယ်။ စွမ်းဆောင်ရည်ပိုင်းက သူ့အနေအထားနဲ့အတော်အားရစရာကောင်းပါတယ်။


Single Core မှာ P-Cores ဟာ 4.1GHz အထိရပြီး ဂိမ်းဆော့နေချိန်မှာဆို ပါဝါအများစုကို GPU ကိုပို့ပေးထားတာမို့ 2.7GHzအထိသာရပါတယ်။ Multi Core Rendering လုပ်ချိန်မှာ‌‌တော့ P-Cores တွေဟာ 2.8 GHz နဲ့ E-cores တွေဟာ 2.4GHz အထိသာအများဆုံးတွန်း‌ပေးတာတွေ့ရပါတယ်။




Summit E16 Flip ဟာ gaming laptop မဟုတ်ဘူးဆိုပေမယ့် သူ့ရဲ့ hardware တွေကဂိမ်းဆော့လို့ရတဲ့အခြေအနေမှာရှိပါတယ်။ Gaming Performance အတွက် ဂိမ်း ၁၁ခု နဲ့စမ်းသပ်ထားပါတယ် အများစုက AAA Titles တွေပါ။ E16 Flip ရဲ့ Display က 2560x1600 QHD+နဲ့ဆိုတော့ native resolution မှာ eSports ဂိမ်းတွေလောက်ပဲဆော့လို့အဆင်ပြေတာမို့ 1920x1200 မှာသာထားပြီးစမ်းသပ်ထားပါတယ်။


RT Cores တွေပါတဲ့ RTX 3050Ti GPU အတွက် အချို့ဂိမ်းတွေကို Ray Tracing ကို Ultra ဖွင့်စမ်းထားပါတယ်။ စမ်းသပ်ကြည့်တဲ့အခါ AAA ဂိမ်းအများစုကို 1200P Ultra Setting မှာ 40FPS ဝန်းကျင်ကစားနိုင်ပြီး အချို့ demend မြင့်မားတဲ့ဂိမ်းတွေကိုတော့ကစားလို့အဆင်မပြေတာတွေ့ရပါတယ်။ Max-Q လို့ပြောလို့ရတဲ့ RTX 3050Ti အတွက် Ray Tracing ဆိုတာအဖြစ်လောက်သာရှိပြီး တကယ်ဖွင့်ကစားမယ်ဆိုရင်အဆင်မပြေလှပဲ သူ့မှာပါတဲ့ DLSS ကသာပိုအလုပ်ဖြစ်ပါတယ်။


သူ့မှာပါတဲ့ Iris Xe Graphics အခု‌ နောက်ပိုင်းဂိမ်းတွေကို အတန်အသင့်ကစားနိုင်လာတာတွေ့ရပါတယ်။








Overall Performance အတွက်ကတော့ PCMark 10 နဲ့ပါ။ Productivity အတွက် Blender၊ Corona နဲ့ Vray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့ပြထားပေးပါတယ်။ Benchmark အားလုံးကို Windows 11 Version 21H2 နဲ့ GeForce Driver Version 516.59 မှာစမ်းသပ်ထားပါတယ်။


ဘက်ထရီစွမ်းဆောင်ရည်ကို Audio Level and Brightness 50% နဲ့ Power Balanced Mode မှာစမ်းထားပါတယ်။ Screen brightness မြင့်မားတာမို့ Super Battery Mode မှာ Brightness 18% နဲ့ပါထပ်စမ်းထားပါတယ်။ 82WH ရှိတဲ့ 4 Cell Li-ion battery ဟာမနည်းလှတဲ့ ပမာဏလို့ဆိုနိုင်ပေမယ့် စွမ်းဆောင်ရည်ကောင်းတဲ့ hardware တွေကြောင့် ဘက်ထရီသုံးစွဲနိုင်မှုက သာမန်လို့ပဲပြောနိုင်ပါတယ်။ Video ကြည့်မယ်ဆိုရင် Balance Modeနဲ့ဆို ၄နာရီ‌ခွဲလောက်သာခံပါတယ်။ အကယ်၍ Super Battery Mode နဲ့ ပုံဆွဲတာ web browsing လုပ်တာလောက်ဆိုရင် ၇နာရီဝန်းကျင်လောက်ရနိုင်ပါတယ်။ အားပြန်သွင်းရင်တော့ ၂နာရီ‌နီးပါးသာကြာတာကိုတွေ့ရပါတယ်။ ဂိမ်းဆော့ကြည့်တာတစ်နာရီကျော်ရပါတယ်။

Temperatures and Noise

MSI Summit E16 Flip ရဲ့ CPU ဟာ 14 Cores 20 Threads ရှိတဲ့ Core i7-1280Pပါ။ Core တွေ Thread တွေအများကြီးပါတယ်ဆိုပေမယ့် CPU ရဲ့TDP နဲ့ GPU ရဲ့ TDP တွေလျော့ချထားတာမို့ ပိုပါးပေမယ့် ပုံမှန် MSI Gaming Laptop ‌တွေထက်သိသိသာသာကိုအပူလျော့နည်းနေတာတွေ့ရပါတယ်။



ဂိမ်းကစားတဲ့အခါ Fan ကို Auto နဲ့ ကစားရင် အများဆုံး CPUက 66°C နဲ့ GPU က 69°C လောက်တက်လာပြီး Cooler Boost နဲ့ကစားမယ်ဆိုရင် CPU က 62°C နဲ့ GPU က 66°C လောက်သာရှိပါတယ်။ ဒါဟာ အတော်အားရစရာဖြစ်ပြီး ပုံမှန် 80°C အထက်မှာသာရှိတဲ့ ပိုထူပိုလေးတဲ့ MSI Gaming Laptop တွေနဲ့ သိသိသာသာကိုကွာခြားပါတယ်။



ပုံဆွဲတာ web browsing လို အလုပ်တွေမှာ fan အသံကို သိပ်မကြားရသလို ပူလည်းမပူပါဘူး။ အကယ်၍ ဂိမ်းတွေဆော့မယ် rendering လုပ်မယ်ဆိုရင် အသံကGaming laptop တွေလောက်မကျယ်ဘူးဆိုပေမယ့် အတော်လေးကျယ်တာကိုတွေ့ရပါတယ်။

Power Draw

Power ပိုင်းအနေနဲ့ Benchmark တွေအရ Single Core မှာ 17W နဲ့ Multi Core မှာ 45Wလောက်အထိသုံးတာ‌ တွေ့ရပါတယ်။ Turbo Boost မှာ CPU ဟာ 66W အထိရတယ်ဆိုပေမယ့် စက္ကန့်အနည်းငယ်လောက်ပါပဲ။ Gaming အတွက်မဟုတ်လို့ပဲလားမသိရပေမယ့် BIOS နဲ့ MSI Center Pro ကနေ ကလိစရာသိပ်မထည့်ပေးထားလို့ E-cores တွေကို ပိတ်ထားလို့ရတဲ့ function မျိုးမတွေ့ရပါဘူး။

Summit E16 Flip ဟာ 14 Cores CPU နဲ့ RTX GPU တွေပါတယ်ဆိုပေမယ့် ပါးလွှာတဲ့ကိုယ်ထည်မှာစွမ်းအင်သုံးစွဲမှုနဲ့ အပူလျော့နည်းအောင် သေချာချိန်ညှိပေးထားတာတွေ့ရပါတယ်။ ဒီအတွက် ပါဝါစားသုံးမှုမှာ CPU နဲ့ GPU ၂ခုပေါင်း ဟာ အများအားဖြင့် 50W ထက်ပိုမစားအောင် ဒီဇိုင်းထုတ်ထားပါတယ်။ CPU အသားပေးတဲ့ အလုပ်တွေမှာ CPU ဟာ 45W လောက်အထိပဲသုံးတာတွေ့ရပြီး GPU က 5Wဝန်းကျင်သာရှိပါတယ်။ ဂိမ်းကစားမယ်ဆိုရင် GPU ဟာ 20~28W အတွင်းမှာသာ ရှိနေပြီး CPU ဟာ 10~15W လောက်သာသုံးစွဲပါတယ်။ Gaming Laptop မဟုတ်တဲ့အတွက် ဂိမ်းကစားချိန်မှာ GPU ကိုပါဝါသိပ်မပေးတာကြောင့်အချို့ဂိမ်းတွေမှာ ထင်ထားတာထက် FPS လျော့တာမျိုးတွေကြုံရပါတယ်။

The Good

  • Powerful CPU for Thin and Light Laptop
  • More Than Enough Memory and Storage
  • Good Display (QHD+ and 165Hz) Color Gamut/165Hz
  • Good Trackpad
  • Stylus Included
  • Good Cooling System
  • Good IO

The Bad

  • Poor Speakers
  • Too Big and Heavy for Tablet Mode
  • Battery Life is Lower Than Expected

Conclusion

Laptop တစ်ခုအနေနဲ့ဆိုရင် MSI Summit E16 Flip A12UDT ဟာ ကြီးမားတဲ့ Display ပါးလွှာတဲ့ကိုယ်ထည်အတွင်း အထင်ကြီးလောက်စရာ Hardware တွေထည့်သွင်းပေးထားလို့ photo၊ videoနဲ့ design တွေဆွဲလို့အဆင်ပြေပါတယ်။ စွမ်းအားကောင်းတဲ့ hardware တွေကြောင့် သွားလာရင်း creative အလုပ်တွေကိုအချိန်ကြာကြာအလုပ်လုပ်ဖို့ က ပါဝါကြိုးတပ်ထားမှရပါလိမ့်မယ်။ သူရဲ့ရိုးရှင်းလှပတဲ့တည်ဆောက်မှုနဲ့ လုံခြုံရေးပိုင်းကိုပါအလေးပေးထားတာမို့ business ပိုင်းအတွက်လည်းသင့်တော်ပါတယ်။ 360° အထိလှန်လို့ရပြီးကြီးမားကျယ်ပြန့်တဲ့မျက်နှာပြင်က ကိုယ့်ရဲ့ ပရောဂျက်ကိုလုပ်ဖော်ကိုင်ဖက်တွေ အထက်လူကြီးတွေကိုပြချင်တယ်ဆိုရင် စာရွက်တွေအများကြီးစားပွဲပေါ်ထပ်ထားစရာမလိုပဲ တစ်ထိုင်တည်းပြသနိုင်ပါတယ်။ Touch Screen အတွက် pen လည်းအသင့်ပါဝင်ပြီးသားမို့ ပုံတွေဘာတွေဆွဲလို့ရပါတယ်။ Tablet အနေနဲ့သုံးဖို့ကတော့ သူ့ရဲ့အလေးချိန်ကြောင့်အားအတော်စိုက်ရမှာဖြစ်ပြီး စားပွဲမှာတင်သုံးတာကသာပိုအဆင်ပြေမယ်လို့ယူဆပါတယ်။Gaming အဆင့် Hardwareနဲ့ များပြားလှတဲ့ Memory နဲ့ RAM တွေကြောင့် ဂိမ်းကစားလို့ရတယ်ဆိုပေမယ့် ဂိမ်းချည်းသီးသန့်ကစားမယ်ဆိုရင် ပုံမှန် Gaming Laptop ကိုသာရွေးစေချင်ပြီး အလုပ်လုပ်ရင်းဂိမ်းဆော့မယ်ဆိုရင်တော့ စဉ်းစားသင့်တယ်လို့မြင်ပါတယ်။ MSI Summit E16 Flip A12UDT ရဲ့ ဈေးနှုန်းက $2049 ဖြစ်ပြီး Cash Back $150 ရမှာမို့ $1899 ကျသင့်မှာဖြစ်ပါတယ်။ ကျနော့်ကို review unit ပေးတဲ့ MSI Gaming ကိုလည်းကျေးဇူးတင်ပါတယ်။

Post a Comment

0 Comments