Intel ဟာ မနှစ်က သူ့ရဲ့ IDM 2.0 မဟာဗျူဟာအရ ဥရောပမှာ ချစ်ပ်တွေထုတ်လုပ်ဖို့ရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ အဲဒီအချိန် ကုမ္ပဏီအနေနဲ့ ယူရိုဘီလီယံ ၈၀ လောက်ရင်းနှီးမြှုပ်နှံသွားမယ်လို့ဆိုခဲ့ပြီး လာမယ့်နှစ်တွေမှာ ချစ်ပ်စက်ရုံ၂ခု ဒေသအတွင်းမှာတည်ဆောက်မယ်လို့ဆိုခဲ့ပေမယ့် နေရာအတိအကျတော့မပြောခဲ့ပါဘူး။
ဒီနေ့မှာ Intel ဟာ သူတို့ရဲ့ထုတ်လုပ်မှုစွမ်းရည်နဲ့ လုပ်ငန်း ချဲ့ထွင်ဖို့ရာ ပထမအဆင့်အနေနဲ့ စီလီကွန်ဆုံမှတ်ဆိုတဲ့ နှစ်ရှည်စီမံကိန်းကို ကြေညာခဲ့ပါတယ်။ ဒီစီမံကိန်းကို ဂျာမနီနိုင်ငံမက်ဒီဗက်ဒေသမှာ မြို့တစ်မြို့စာရှိတဲ့ဝင်းကြီးထဲ နောက်ဆုံးပေါ်ကြီးမားတဲ့ ချစ်ပ်စက်ရုံတစ်ခုတည်ဆောက်ကာစတင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ယူရို ၁၇ဘီလီယံထက်မနည်းကုန်ကျမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်၊ ကိုလန်ဘက်စ်မြို့က စီမံကိန်းလိုဖြစ်လာမှာပါ။
ဂျာမနီမှာတည်ဆောက်မယ့် စက်ရုံဟာ အမြဲတမ်းဝန်ထမ်း ၃၀၀၀ လောက်ရှိမှာဖြစ်ပြီး အချိန်ပိုင်းဝန်ထမ်း ၇၀၀၀ လောက်နဲ့တည်ဆောက်ရမှာဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်က ဒီလိုတည်ဆောက်ရခြင်းဟာ ဥရောပသမဂ္ဂအနေနဲ့ ချစ်ပ်တွေတင်ပို့ရတာကို လျှော့ချနိုင်ဖို့ဖြစ်ပါတယ်။ ဥရောပသမဂ္ဂဟာ ၂၀၃၀ခုနှစ်တွေမှာ ဆီမီးကွန်ဒတ်တာစက်ကွက်ရဲ့ ၂၀ရာခိုင်နှုန်းကို ရယူကြံရွယ်ထားပြီး Intel လိုကုမ္ပဏီကြီးတွေက သမဂ္ဂရဲ့ ပြန်လည်တည်ဆောက်ရေးနဲ့ ကြံ့ခိုင်ရေးရံပုံငွေထဲက ထောက်ပံ့ငွေ ယူရို ၁၄၅ဘီလီယံကို အသုံးပြုမှာဖြစ်ပါတယ်။
Intel အနေနဲ့ မက်ဒီဘက်ဂ်ဆိုက်ကို ၂၀၂၃ခုနှစ်ထဲမှာ စတင်အကောင်ထည်ဖော်မှာဖြစ်ပြီး ၂၀၂၇ခုနှစ်မှာ အမြောက်အမြားထုတ်လုပ်နိုင်ဖို့ရည်မှန်းထားပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့အချက်က Intel ဟာ မက်ဒီဘက်ဂ်ထဲကစက်ရုံ၂ခုမှာ 3nm အခြေပြုထားတဲ့ Intel 20A နဲ့ Intel 18A process သုံးချစ်ပ်တွေကို ထုတ်လုပ်သွားမှာပါ။ ဒီနည်းပညာမြင့်မားလှတဲ့ ချစ်ပ်တွေကို ဟာ Angstrom-era တွေအတွက်ဒီဇိုင်းထုတ်ထားတဲ့ ထရန်စ္စတာဖြစ်ကာ Intel ရဲ့ RibbonFET နည်းပညာကိုထည့်သွင်းလာမှာဖြစ်ပါတယ်။
Intel ဟာ ဥရောပမှာ ဒီစက်ရုံလောက်နဲ့ကျေနပ်မနေပဲ အိုင်ယာလန်မှာရှိတဲ့ Lexilip မှာ ယူရို ၁၂ဘီလီယံတိုးမြှင့်သုံးစွဲမှာဖြစ်ပါတယ်။ ဒါကြောင့်ဥရောပတိုက်အတွင်းမှာ ယူရို၃၃.၉ဘီလီယံနဲ့ အမြဲတမ်းဝန်ထမ်းပေါင်း ၆၅၀၀လောက်ရှိလာမှာပါ။
စက်ရုံတွေရဲ့ထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်ပြီးတဲ့အခါ Intel ဟာ Intel 4 process node အတွက်စက်ရုံသစ်တွေတည်ထောင်မှာဖြစ်ပြီး ဥရောပသမဂ္ဂရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ "မဟာဗျုဟာမြောက်ကိုယ်ပိုင်ရပ်တည်ခွင့်" ကို အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ဥရောပသမဂ္ဂမှာ RISC-V နဲ့ hyperscale cloud system တွေရှိပြီးသားမို့ ကောင်းစွာဖွံ့ဖြိုးပြီးသား ဒေသတွင်းအဆင့်မြင့်ဆီမီးကွန်ဒတ်တာထောက်ပံ့ရေးကွင်းဆက်တွေဟာ များစွာအကျိုးရှိစေပါလိမ့်မယ်။
အီတလီနိုင်ငံဟာလည်း ယူရို ၄.၅ဘီလီယံဖိုးရင်းနှီးမြုပ်နှံမယ့် Intel ရဲ့ ချစ်ပ်စက်ရုံကိုတည်ဆောက်ဖို့ရှိနေပြီး ၂၀၂၅ခုနှစ်မှာစတင်လည်ပတ်မှာဖြစ်ကာ အမြဲတမ်းဝန်ထမ်း ၁၅၀၀ လောက်ခန့်ထားရမှာပါ။
အစ္စရေးဆီမီးကွန်ဒတ်တာထုတ်လုပ်သူဖြစ်တဲ့ Tower Semiconductor ကို ဒေါ်လာ ၅.၄ ဘီလီယံနဲ့ဝယ်ယူခဲ့ပြီးနောက် Intel ဟာ ဥရောပဒေသတွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ STMicroelectronics နဲ့ပူးပေါင်းပြီး mature process node တွေကို ပိုမိုထုတ်လုပ်နိုင်ဖို့ပံ့ပိုးပေးလိုနေပါတယ်။ ဒါဟာ အရမ်းအဆင့်မမြင့်တဲ့ ချစ်ပ်တွေအပေါ်မှီခိုနေရတဲ့ မော်တော်ယာဉ်ထုတ်လုပ်ရေးနဲ့ စက်ရုံတွေအတွက် ကောင်းမွန်တဲ့ လက္ခဏာတခုဖြစ်ပါတယ်။
ဒါ့အပြင် Intel အနေနဲ့ ပြင်သစ်၊ ပိုလန်နဲ့ စပိန်တို့မှာ foundry နည်းပညာ၊ high-performance computing၊ neutral networks၊ graphics၊ audio စတဲ့နည်းပညာတွေအတွက် သုတေသနနှင့်ဖွံ့ဖြိုးရေးစင်တာတွေကို ဖွင့်လှစ်သွားဖို့ရှိနေပါတယ်။ ဒါတွေအတွက် အလုပ်အကိုင်ပေါင်း တစ်ထောင်လောက်ဖန်တီးပေးနိုင်မှာပါ။
ဒီလိုရင်းနှီးမြှုပ်နှံမှုတွေဟာ ဆီမီးကွန်ဒတ်တာတွေ အတွက် ပိုမိုကြံ့ခိုင်မှုရှိတဲ့ထောက်ပံ့ရေးကွင်းဆက်ကို ဖန်တီးသွားနိုင်လိမ့်မယ်လို့ Intel ရဲ့ CEO Pat Gelsinger က ယုံကြည်နေပါတယ်။ ဒါတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ချစ်ပ်ပြတ်လပ်မှုတွေကိုတော့ ဖြေရှင်းနိုင်ပါမဟုတ်ပါဘူး သို့ပင်သော်ငြား TSMC Samsung တို့လို ချစ်ပ်ထုတ်လုပ်သူတွေရဲ့ ထပ်တိုးရင်းနှီးမြှုပ်နှံမှုတွေကြောင့် စီမီးကွန်ဒတ်တာလုပ်ငန်းဟာ ကုန်သွယ်ရေးပရိပက္ခ၊ စက်ရုံပိတ်သိမ်းရခြင်းနဲ့ ဝယ်လိုအားမြင့်တက်လာခြင်းတွေကနေ ပိုမိုကောင်းမွန်စွာခံနိုင်ရည်ရှိလာပါလိမ့်မယ်။
Source: Techspot
#EnThueTech
#News #Semiconductors
0 Comments