Image Credit: Techspot |
အမေရိကန်ပြည်ထောင်စုအတွင်း တရုတ်အစိုးရ၏ ချိန်းခြောက်မှုများအားတန်ပြန်ခြင်း ဆိုတဲ့မိန့်ခွန်းတစ်ခုမှာ "တရုတ်အစိုးရဟာ အမေရိကန်ဆက်သွယ်ရေးနဲ့နည်းပညာတွေကို ခိုးယူဖို့ကြိုးစားနေတဲ့အတွက် FBI အနေနဲ့ စုံစမ်းစစ်ဆေးမှုပေါင်း ၂၀၀၀ ကျော်ကိုဆောင်ရွက်လျက်ရှ်ိကြောင်း" အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို FBI ရဲ့ ညွှန်ကြားရေးမှုး Christopher Wray ကဆိုပါတယ်။
"တရုတ်အစိုးရဟာ မြောက်များစွာလှသော သတင်းအချက်လက်တွေကိုခိုးယူနေပြီး လုပ်ငန်းနယ်ပယ်အသီးသီးကလူတွေကိုအလုပ်လက်မဲ့ဖြစ်အောင် လုပ်နေတယ်၊ အဲဒီအတွက် ကျနော်တို့ဟာ တန်ပြန်ထောက်လှမ်းရေးလုပ်ဖို့ ၁၂နာရီခြားတစ်ခါ လောက်မှာ အမှုတွဲအသစ်တွေဖွင့်နေရတယ်" လို့သူကဆိုပါတယ်။Image Credit: FBI |
Wray ဟာ အမေရိကန်ကုမ္ပဏီ ၁၀,၀၀၀ ရဲ့ ကွန်ရက်တွေကို ထိခိုက်စေခဲ့တဲ့ Microsoft Exchange Hack ကို ကိုးကားပြီး တရုတ်ဟက်ကာတွေအနေနဲ့ အမေရိကန်စက်မှုလုပ်ငန်းကို ထိခိုက်စေနိုင်တဲ့အကြောင်း ဥပမာပေးခဲ့ပါတယ်။ ဒါ့အပြင် တရုတ်အစိုးရပိုင်ကော်ပရေးရှင်းတစ်ခုက မက်ဆာချူးဆက်ပြည်နယ်အခြေစိုက်အမေရိကန် လေအားတာဘိုင်ကုမ္ပဏီဖြစ်တဲ့ American Superconductor ရဲ့ source code တွေကို တိုက်ခိုက်ခိုးယူခဲ့ပြီး လူပေါင်း၆၀၀လောက်ရဲ့ အလုပ်အကိုင်တွေဆုံးရှုံးခဲ့ရတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဒီ တိုက်ခိုက်မှုမှာတာဝန်ရှိတဲ့ Sinovel ဟာ အမေရိကန်မှာ လေအားတာဘိုင်ရောင်းချဖို့ ခိုးယူထားတဲ့ source code ကိုအသုံးပြုခဲ့ပါတယ်။
Wray ဟာ "တရုတ်နိုင်ငံဟာ Made in China 2025 လိုအစီအစဥ်တွေအောင်မြင်ဖို့ အဓိကနည်းပညာတွေ ခိုးယူနေတယ်" လို့စွပ်စွဲလိုက်ပြီး "တရုတ်အစိုးရပိုင်မဟုတ်တဲ့ ကုမ္ပဏီတွေဟာ အရွယ်အစားဘယ်လောက်ရှိရှိ တရုတ်ကွန်မြူနစ်ပါတီက လူယုံတွေထည့်သွင်းထားပြီး အစိုးရတရပ်ဟာ ဘယ်လိုထိန်းချုပ်ထားနိုင်သလဲ" ဆိုတာကို မီးမောင်းထိုးပြခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ သမ္မတ Obama နှင့် တရုတ်သမ္မတ Xi Jinping တို့ဟာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး မည်သည့်နိုင်ငံမဆို ဆိုက်ဘာနည်းပညာကိုအသုံးပြုပြီးဉာဏ်ဏပစ္စည်းခိုးယူခြင်းကို ထောက်ခံမှာမဟုတ်ကြောင်း သဘောတူညီခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ကို တရုတ်ဘက်က လျစ်လျူရှုထားကြောင်း လက်မှတ်ရေးထိုးပြီး တစ်လအကြာမှာအစီရင်ခံစာတွေ ထွက်ပေါ်လာပြီး နောက်ပိုင်းနှစ်တွေမှာ တရုတ်နိုင်ငံဟာ တိုက်ခိုက်မှုအရေအတွက်ကို ဆက်လက် တိုးမြင့်လာခဲ့ကြောင်း Wray ကပြောကြားခဲ့ပါတယ်။
“တာဝန်ရှိတဲ့ တရုတ်အစိုးရနဲ့ ကျွန်တော်တို့ လုပ်စရာအများကြီးပါ၊ ဆိုက်ဘာရာဇ၀တ်ကောင်တွေကို နှိမ်နင်းတာ၊ ငွေခဝါချသူတွေကို တားဆီးတာ၊ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးရတာတွေကို လျှော့ချတာ စသည်ဖြင့် အများကြီးလုပ်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ FBI ဟာ ဒီနေ့တရုတ်အစိုးရရဲ့ သရုပ်မှန်ကို သိရှိအောင်အာရုံစိုက်နေပါတယ်” လို့ FBI ညွှန်ကြားရေးမှုးက အတိုချုံ့ပြောကြားခဲ့ပါတယ်။
Source: Techspot
#EnThueTech
#News
#Security
0 Comments