Subscribe Us

header ads

ဥရောပရှိ အထင်ကရလေဆိပ်များတွင် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် လေကြောင်းခရီးစဉ်များ ထိခိုက်မှုရှိခဲ့

Image Credit: AP Photo/Harry Nakos

မနေ့က ဥရောပလေဆိပ်အများအပြားမှာ လေယာဉ်လက်မှတ်ထုတ်ယူခြင်းနဲ့ လေယာဉ်ပေါ်တက်ရောက်ခြင်းဆိုင်ရာ စနစ်တွေအပေါ် ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရတဲ့အတွက် လေကြောင်းခရီးစဉ်များ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဆိုက်ဘာတိုက်ခိုက်မှုကြောင့် ဘယ်လ်ဂျီယံနိုင်ငံက ဘရပ်ဆဲလ်လေဆိပ်၊ ဗြိတိန်နိုင်ငံက လန်ဒန်ဟီးသရိုးလေဆိပ် နဲ့ ဂျာမနီနိုင်ငံက ဘာလင်ဘရန်ဒန်ဘာ့ဂ်လေဆိပ် တို့မှာပါ ထိခိုက်မှုတွေရှိခဲ့ပါတယ်။

Brussels Airport က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့ညက လေယာဉ်လက်မှတ်ထုတ်ယူခြင်းနဲ့ လေယာဉ်ပေါ်တက်ရောက်ခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုကို ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး လက်မှတ်တွေကို လက်ဖြင့်သာ စစ်ဆေးထုတ်ပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုက လေကြောင်းလိုင်းတွေနဲ့ လေဆိပ်တွေကို တိုက်ရိုက်ပစ်မှတ်ထားတာမဟုတ်ဘဲ ခရီးသည်တွေ လက်မှတ်ထုတ်ယူတာ၊ boarding pass တွေနဲ့ အိတ်အညွှန်းတွေ ထုတ်ပေးတဲ့စနစ်ကို ဝန်ဆောင်မှုပေးနေတဲ့ Collins Aerospace ကုမ္ပဏီကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဘရပ်ဆဲလ်လေဆိပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ihsane Chioua Lekhli က စနေနေ့မနက်ပိုင်းမှာ လေယာဉ် ၉ စီး ဖျက်သိမ်းခဲ့ရပြီး လေယာဉ် ၄ စီးကိုတော့ Ostend လေဆိပ်လိုမျိုး တခြားလေဆိပ်တစ်ခုဆီ လမ်းကြောင်းပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။ လေယာဉ် ၁၅ စီးကတော့ အနည်းဆုံး တစ်နာရီကျော် နောက်ကျခဲ့ပါတယ်။ ခရီးသည်တွေ အချိန်ကြာကြာ တန်းစီရတာနဲ့ ရုတ်တရက် ခရီးစဉ်ဖျက်သိမ်းတာတွေ မဖြစ်အောင်လို့ တနင်္ဂနွေနေ့မှာ ထွက်ခွာမယ့် ခရီးစဉ်တွေရဲ့ တစ်ဝက်ကိုပါ ထပ်မံဖျက်သိမ်းလိုက်တယ်လို့လည်း သိရပါတယ်။

စနေနေ့မှာ ဘရပ်ဆဲလ်လေဆိပ်ကနေ ခရီးသည် ၃၅,၀၀၀ ထွက်ခွာဖို့ရှိနေပြီး လေဆိပ်ဘက်ကတော့ လေကြောင်းခရီးစဉ် အတည်ပြုမှသာ လေဆိပ်ကို လာရောက်ဖို့ ခရီးသည်တွေကို အသိပေးခဲ့ပါတယ်။ ဒါ့အပြင့် Collins Aerospace အနေနဲ့ စနစ်ကို အပြည့်အဝပြန်လည်အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ လုံခြုံစိတ်ချရတဲ့ software update အသစ်ကို မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။ 

ဘာလင် ဘရန်ဒန်ဘာ့ဂ်လေဆိပ်မှာတော့ လေယာဉ်ခရီးစဉ် ဖျက်သိမ်းတာမျိုး မရှိပေမယ့် လေယာဉ်လက်မှတ်ထုတ်ယူခြင်းနဲ့ လေယာဉ်ပေါ်တက်ရောက်ခြင်းတွေအတွက် စောင့်ဆိုင်းရမယ့်အချိန်တွေ ပိုကြာလာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ ဥရောပရဲ့ အလုပ်အများဆုံးလေဆိပ်ဖြစ်တဲ့ လန်ဒန်ဟီးသရိုးလေဆိပ်မှာတော့ လေယာဉ်ခရီးစဉ် ဖျက်သိမ်းတာမျိုးမရှိဘဲ ခရီးစဉ်နှောင့်နှေးမှုဟာလည်း အနည်းဆုံးပဲရှိခဲ့တယ်လို့ ပြောပါတယ်။

Collins Aerospace ကတော့ လေဆိပ်အများအပြားမှာ အသုံးပြုတဲ့ "MUSE" လို့ခေါ်တဲ့ သူတို့ရဲ့ software မှာ ဆိုက်ဘာဆိုင်ရာ ထိခိုက်မှုဖြစ်နေတာကို အတည်ပြုပြောကြားခဲ့ပါတယ်။ Collins ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ RTX ကလည်း ဒီပြဿနာဟာ အီလက်ထရောနစ်စနစ်နဲ့ လက်မှတ်ထုတ်ယူတာနဲ့ အိတ်တွေပို့တဲ့စနစ်ကိုသာ ကန့်သတ်ထိခိုက်စေတာဖြစ်ပြီး လက်နဲ့ ကိုယ်တိုင်စစ်ဆေးခြင်းဖြင့် ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေကို အမြန်ဆုံး ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ RTX ဘက်က ထပ်လောင်းပြောဆိုထားပါတယ်။

Source: CNBC and Euronews

Post a Comment

0 Comments