![]() |
Image via TechSpot |
Elon Musk က အိမ်တိုင်းမှာ လူသားပုံစံစက်ရုပ်တစ်ရုပ်စီ ရှိလာမယ့်ကမ္ဘာကို စိတ်ကူးယဉ်မိတယ်လို့ အမြဲပြောဆိုလေ့ရှိပေမဲ့ ဒီလိုအခြေအနေကို လက်တွေ့မဖြစ်လာအောင် တားဆီးထားတဲ့အချက်တစ်ခုကတော့ စက်ရုပ်တွေရဲ့ ဈေးနှုန်းပါပဲ။ ဒါပေမဲ့ Unitree ရဲ့ R1 နဲ့ဆိုရင်တော့ ဒီလိုသိပ္ပံစိတ်ကူးယဉ်ကမ္ဘာထဲကို ဝင်ရောက်မဲ့ ကုန်ကျစရိတ်ကတော့ အများကြီး ကျဆင်းသွားပါပြီ။
တရုတ်နိုင်ငံအခြေစိုက်စက်ရုပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Unitree Robotics က ထုတ်လုပ်တဲ့ R1 ဟာ အရပ်လေးပေမြင့်ပြီး အဆစ် ၂၆ ခုပါဝင်ကာ ၅၅ ပေါင်လောက် အလေးချိန် ရှိပါတယ်။
R1 လိုမျိုး လူသားပုံစံစက်ရုပ်တွေက ဈေးနှုန်းကြီးမြင့်လေ့ရှိပေမဲ့ R1 ကိုတော့ ဒေါ်လာ ၅,၉၀၀ နဲ့ ရောင်းချပေးနေပါတယ်။ နှိုင်းယှဉ်ကြည့်ရရင် Unitree ရဲ့ ကိုယ်ပိုင် G1 ကတောင် ဈေးအသက်သာဆုံးမော်ဒယ်တွေထဲကတစ်ခုဖြစ်ပြီး ဒေါ်လာ ၁၆,၀၀၀ ရှိသလို H1 ကတော့ ဒေါ်လာ ၉၀,၀၀၀ အထိ ရှိပါတယ်။ Figure AI မှာဆိုရင်လည်း Figure 02 ရှိပြီး ဒေါ်လာ ၃၀,၀၀၀ ကျော်လောက် ကျသင့်မှာဖြစ်ပါတယ်။
R1 ဟာ ကိုယ်ကာယပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေထက် ပိုလုပ်နိုင်ပါသေးတယ်။ သူမှာ မျက်လုံးနှစ်လုံးဖြင့် အမြင်အာရုံပိုင်ဆိုင်ထားသလို LLM အသုံးပြုပြီး အသံနဲ့ ပုံရိပ်တွေကို ခွဲခြားနိုင်စွမ်းတွေ ပါဝင်ပါတယ်။ ဒါ့အပြင် Wi-Fi 6 နဲ့ Bluetooth 5.2 ချိတ်ဆက်နိုင်စွမ်းတွေလည်း ပါဝင်ပါသေးတယ်။
ဗီဒီယိုထဲမှာ R1 ရဲ့ လျင်မြန်မှုကိုပဲ ပြထားပေမဲ့ ဒီစက်ရုပ်ဟာ အသံနဲ့ပေးတဲ့အမိန့်တွေကို တုံ့ပြန်နိုင်ပြီး စကားစမြည်တွေကို အနည်းငယ်ပြောဆိုနိုင်ပါတယ်။ ဗီဒီယိုကလစ်ရဲ့ အဆုံးက စာတန်းမှာတော့ "လှုပ်ရှားမှုကို ဦးစားပေးမယ် လုပ်ငန်းတာဝန်တွေကိုလည်း ဆောင်ရွက်နိုင်တယ်" လို့ ရေးသားထားပါတယ်။ ဒါတင်မက ဝယ်ယူသူတွေအနေနဲ့ သူတို့ရဲ့စက်ရုပ်တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်တယ်လို့လည်း ဗီဒီယိုက ကတိပေးထားပါသေးတယ်။
Unitree က စက်ရုပ်တွေနဲ့တိုက်ခိုက်ကြတဲ့ ၂၀၁၁ ခုနှစ်က "Real Steel" ရုပ်ရှင်ကိုလည်း နှစ်သက်ပုံရပါတယ်။ ကုမ္ပဏီက ပထမဆုံးအကြိမ် လူသားပုံစံစက်ရုပ် တိုက်ခိုက်ရေးပြိုင်ပွဲလို့ ခေါ်တဲ့ပွဲကို ကျင်းပခဲ့ပေမဲ့ ကြည့်ရတာတော့ သတ္တုကလေးငယ်နှစ်ယောက် ခြေလက်တွေနဲ့ ယမ်းခါပြီး ကိုးရိုးကားရားတိုက်ခိုက်နေကြပုံနဲ့ ပိုတူပါတယ်။
"လူသားပုံစံစက်ရုပ်မှာ ရှုပ်ထွေးတဲ့ဖွဲ့စည်းပုံသလို ခွန်အားလည်းကောင်းမွန်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ လူသားပုံစံစက်ရုပ်နဲ့ လုံလောက်တဲ့ ဘေးကင်းတဲ့အကွာအဝေးမှာ ထားရှိပေးဖို့ တောင်းဆိုပါတယ်။ ဂရုပြု သုံးစွဲပါ" လို့ ဆိုထားပါတယ်။
အဲ့ဒီသတိပေးချက်ရဲ့ ဒုတိယအပိုင်းက မေလတုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို ပြန်သတိရစေပါတယ်။ Unitree ရဲ့ H1 စက်ရုပ်တစ်ရုပ် စက်ရုံတစ်ခုထဲမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး အလုပ်သမားတွေကိုတောင် ထိခိုက်လုနီးပါးဖြစ်ခဲ့တဲ့ ဗီဒီယိုတစ်ခု ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပါတယ်။
Source: TechSpot
0 Comments