Subscribe Us

header ads

Huawei မှ အမေရိကန်၏ ပိတ်ဆို့မှုကိုကျော်လွှားရန် SMIC ၏ 7nm node ကို အသုံးပြုလာမည်

အမေရိကန် နည်းပညာတွေကနေ ပိတ်ဆို့အရေးယူခံထားရတဲ့ Huawei Technologies ဟာ flagship စမတ်ဖုန်းဈေးကွက်ကို ဒီနှစ်ကုန်မှာပြန်လည်ဝင်ရောက်လာဖို့စီစဉ်နေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ ကုမ္ပဏီဟာ တရုတ် fab နဲ့ နည်းပညာတွေကို 5G ဖုန်းတွေအတွက်လိုအပ်တဲ့ အဆင့်မြင့်ချစ်ပ်တွေထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ်။ 

တရုတ်စမတ်ဖုန်းဈေးကွက်ကို လွှမ်းခြုံထားတဲ့ သုတေသနကုမ္ပဏီတွေရဲ့ တင်ပြချက်တွေအရ Huawei ဟာ သူတို့ရဲ့ကိုယ်ပိုင်ချစ်ပ်ထုတ်လုပ်ရေးကိရိယာတွေနဲ့ SMIC ရဲ့ချစ်ပ်ထုတ်လုပ်ပေးနိုင်လာမှု‌ ကြောင့် ပြည်တွင်း ဈေးကွက်အတွက် 5Gချစ်ပ်တွေကို ခိုင်ခိုင်မာမာထုတ်လုပ်ပေးလာနိုင်လိမ့်မယ်လို့ဆိုပါတယ်။ Huawei အနေနဲ့ SMIC ရဲ့ 7nm အဆင့် N+1 process ကိုသုံးလာမယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပိုကောင်းတဲ့ N+1 ဗားရှင်းကို အသုံးပြုလာဖွယ်ရှိပါတယ်။

Huawei ရဲ့ လက်ရှိ flagship စမတ်ဖုန်းဖြစ်တဲ့ P60 Pro ဟာ ကိုယ်ပိုင် Harmony OS ကိုသုံးထားနိုင်ပေမယ့် Qualcomm ပလက်ဖောင်းကိုမှီခိုနေရတာဖြစ်ပါတယ်။ Huawei အနေနဲ့ SMIC ရဲ့ node ကိုအသုံးပြုလာနိုင်ခဲ့ရင် ဈေးကွက်မှာပိုဈေးသက်သာတဲ့ဖုန်းတွေထုတ်လုပ်လာနိုင်လို့ ရောင်းအားတိုးလာမှာဖြစ်သလို 5G စမတ်ဖုန်းတွေအတွက် ပြည်တွင်းဖြစ်နည်းပညာတွေရရှိလာမှာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ၂၀၂၃ခုနှစ်အတွက် ရောင်းအားခန့်မှန်းချက်ကို သန်း၃၀ ကနေ သန်း၄၀အထိမြှင့်တင်ထားတယ်လို့သိရပါတယ်။

ဆက်လက်စောင့်ကြည့်ရမှာက Huawei အနေနဲ့ ပြိုင်ဘက် Qualcomm ရဲ့ Snapdragon 8+Gen 1 ကို SMIC node သုံးပြီးယှဉ်ပြိုင်နိုင်မလားဆိုတာပါပဲ။

ဒီနှစ်အစောပိုင်းမှာ Huawei ဟာ ချစ်ပ်တွေဖန်တီးဖို့ 14nm နဲ့ ပိုသေးတဲ့ process ကိုအခြေခံထားတဲ့ EDA software ကိုဖန်တီးနေကြောင်းကြေညာခဲ့ပြီး တရုတ်နိုင်ငံEDA နယ်ပယ်အတွက် သိသာတဲ့တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ Huawei အနေနဲ့ ဒီ software ကို ၂၀၂၃ခုနှစ်ထဲမှာ စမ်းသပ်မှုအပြီးသတ်ဖို့မျှော်လင့်ထားပြီး သူတို့ရဲ့ ကိုယ်ပိုင် HiSilicon ချစ်ပ်တွေကို ဒီဇိုင်းပြုဖို့ရာအသုံးချဖို့စီစဉ်နေပါတယ်။

Huawei ဟာ ကိုယ်ပိုင်ချစ်ပ်ထုတ်လုပ်ဖို့ရာ fab တွေမရှိတဲ့အပြင် TSMC၊ IFS နဲ့ Samsung တို့ထံက ထိပ်တန်းနည်းပညာကို ရယူနိုင်ခြင်းမရှိပေမယ့် SMIC နဲ့‌ပူးပေါင်းဆောင်ရွက်နေတာ ကာလအတန်ကြာပြီဖြစ်ပါတယ်။ ဒီကုမ္ပဏီ ၂ခုဟာ Huawei ရဲ့ HiSilicon SoC တွေနဲ့ သင့်တော်မှုရှိအောင် SMIC ရဲ့ N+1 နဲ့ အခြားအဆင့်မြင့် node တွေကို ပြုပြင်နိုင်ပါတယ် ဒါပေမယ့် ဒါကယူဆချက်တစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#Semiconductors 

Post a Comment

0 Comments