Subscribe Us

header ads

Graphics Card ကိုအဆင့်မြှင့်တင်နိုင်သည့် Framework Laptop 16 ကို ကြိုတင်မှာယူနိုင်ပြီ

Image via The Verge

သင့်အနေနဲ့ ဒီနှစ်ပိုင်းမှာ desktop လို စိတ်ကြိုက်အစိတ်အပိုင်းတွေတပ်ဆင်နိုင်တဲ့ Framework Laptop ‌တွေအကြောင်းကို အထိုက်အလျောက်ကြားဖူးကြမယ်လို့ထင်ပါတယ်။ Framework ကုမ္ပဏီရဲ့ ရည်မှန်းချက်က အီလက်ထရောနစ်စက်ပစ္စည်းတွေကို နှစ်ပေါင်းများစွာအသုံးချနိုင်ဖို့ရည်ရွယ်တာမို့ အဆင့်မြှင့်တင်တာ၊ စိတ်ကြိုက်ပြောင်းလဲတာနဲ့ ပြင်ဆင်တာတွေပြုလုပ်နိုင်ပါတယ်။ ဒီ Framework laptop တွေဟာ အမြင်ပိုင်းအရ သာမန် laptop တွေလိုဆိုပေမယ့် သူ့ရဲ့ အစိတ်အပိုင်းအားလုံးနီးပါးကို desktop လိုပြောင်းလဲတပ်ဆင်နိုင်တဲ့အားသာချက်ရှိပါတယ်။ Framework အနေနဲ့ စစခြင်းမှာ သေးငယ်ပေါ့ပါးပြီးစွမ်းဆောင်ရည်ကောင်းတဲ့ Framework 13 ကိုစတင်ထုတ်လုပ်ခဲ့ပြီး ဒီနှစ်ထဲမှာ gaming အတွက် Framework Laptop 16 ကို ထုတ်လုပ်ဖို့ပြင်ဆင်လာပါတယ်။

Image: Framework

ဒီ Framework 16 Laptop ကို မတ်လလောက်ကစတင်ကြေညာထားခဲ့ပေမယ့် ဈေးနှုန်းနဲ့ မိတ်ဖက်တွေရဲ့ အစိတ်အပိုင်းတွေအကြောင်းမပြောခဲ့ပါဘူး။ အခုဆိုရင်တော့ အမေရိကန်၊ ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ ယူကေ၊ နယ်သာလန်၊ ဩစ‌တီးယား၊ အိုင်ယာလန်နဲ့ ဩစတေးယျ နိုင်ငံက ဖောက်သည်တွေဟာ ကြိုတင်မှာယူနိုင်ပြီလို့ဆိုပါတယ်။ Framework Laptop 16 ကိုနောက်ဆုံးထွက် AMD Ryzen CPU နဲ့ Radeon GPU တွေနဲ့စွမ်းအားပေးထားတာဖြစ်ပါတယ်။ Framework 16 ဟာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ရုံသာမက လက်ရှိ laptop တွေအများစုမလုပ်နိုင်တဲ့ အစိတ်အပိုင်းတွေကို အဆင့်မြှင်တင်တာတွေပါဆောင်ရွက်နိုင်ပါတယ်။

Image: Framework

Framework 16 ကို CPU ၂မျိုးနဲ့ရွေးချယ်နိုင်ပါတယ်။ base version က 5.1GHz အထိရမယ့် Ryzen 7 7840HS ဖြစ်ပြီး 5.2GHz အထိရတဲ့ Ryzen 9 7940HS ကိုလည်းရွေးချယ်ခွင့်‌ပေးထားပါတယ်။ ဒီ Zen 4 laptop CPU တွေမှာ graphics ပိုင်းအတွက် Radeon 780M တွဲဖက်ပါဝင်မယ်လို့ ယူဆရပါတယ်။ အကယ်၍ graphics စွမ်းပကားကို ပိုသုံးချင်ရင်တော့ Framework Laptop 16 ရဲ့ expansion bay မှာတပ်ဆင်နိုင်တဲ့ Graphics Module ကိုဝယ်ယူနိုင်ပါတယ်။ Graphics Module ကို 8GB GDDR6 ပါဝင်တဲ့ Radeon RX 7700S နဲ့ရနိုင်ပြီး TDP က 100W အများဆုံးရှိမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီအနေနဲ့ အခြား Graphics Module တွေအကြောင်းပြောဆိုတာမရှိသေး‌ပါဘူး။

Image: Framework

Framework Laptop 16 ကို မဂ္ဂနီဆီယမ်နဲ့ အလူမီနီယမ်သတ္တုစပ်နဲ့တည်ဆောက်ထားပြီး အလေးချိန် 5.3 ပေါင် (2.4 kg) သာရှိမှာဖြစ်ပါတယ်။ ဒါဟာ မားသားဘုတ်ကိုပါ (ပြုပြုင်ဖို့ သို့မဟုတ် အဆင့်မြှင်တင်ဖို့) ပြောင်းလဲနိုင်တဲ့ laptop တစ်ခုအတွက် အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ ဒါတင်မက 64GB DDR5-5600 memory နဲ့ NVMe SSD အတွက် slot ၂ခုလည်းပါဝင်ပါတယ်။

Image: Framework


နောက်ထပ် feature တစ်ခုက 165Hz ရှိတဲ့ ၁၆လက်မ QHD+ display ဖြစ်ပြီး 1500:1 contrast ratio နဲ့ 500 nits brightness ရှိပါတယ်။ အသံပိုင်းအတွက် စပီကာ၄ခုနဲ့ 85WHr ဘက်ထရီကို 180W GAN charger နဲ့တွဲဖက်ပေးထားပါတယ်။ ဒါတင်မက USB4 အထောက်အပံ့၊ USB 3.2 port တွေနဲ့ DisplayPort အပါအဝင် Wi-Fi 6E နဲ့ Bluetooth 5.2 အထောက်အပံ့လည်းပါဝင်ပါတယ်။


DIY Edition ကို $1399 နဲ့စတင်မှာယူနိုင်ပြီး preconfigured လုပ်ပြီးသား Ryzen 7 7840HSဆိုရင် $1699ကျသင့်နိုင်ပါတယ်။ Radeon RX 7700S Graphics Module ပါဝင်တဲ့ DIY Edition ဆိုရင် $1799 ကစတင်ကျသင့်မှာဖြစ်ပါတယ်။

Source: Framework and Tom's Hardware

#EnThueTech
#News
#Laptop

Post a Comment

0 Comments