Subscribe Us

header ads

ချစ်ပ်ထုတ်လုပ်ရေးတွင်အရေးပါသော Gallium နှင့် Germanium သတ္တုများပြည်ပတင်ပို့ခြင်းကို ပိတ်ပင်၍ တရုတ်မှလက်တုံ့ပြန်

Image: Micron

Bloomberg သတင်းအရ တရုတ်နိုင်ငံဟာ ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေး၊ ဆက်သွယ်ရေး၊ နေရောင်ခြည်စွမ်းအင်နှင့် လျှပ်စစ်ကားထုတ်လုပ်ရာမှာ အရေးပါတဲ့သတ္တုတွေဖြစ်တဲ့ ဂဲလီယမ်(Gallium) နဲ့ ဂျာမေနီယမ်(Germanium) တို့ တင်ပို့ခြင်းကို ကန့်သတ်ကြောင်းကြေညာလိုက်တယ်လို့ သိရပါတယ်။ ဒီလိုလုပ်‌ဆောင်လာခြင်းဟာ အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ တရုတ်နိုင်ငံအကြား နည်းပညာဆိုင်ရာ ကုန်သွယ်ရေးပဋိပက္ခကို သိသိသာသာမြင့်မားလာစေပြီး တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဥပဒေသစ်အရ တန်ပြန်အရေးယူမှုတွေနဲ့ တင်းကျပ်မှုတွေ ပြုလုပ်နိုင်စေမယ့် အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

၂၀၂၃ခုနှစ်၊ ဩဂုတ်လတစ်ရက်မှာ စတင်အသက်ဝင်မယ့် ဒီပို့ကုန်ကန့်သက်ချက်ကြောင့် တရုတ်ကုမ္ပဏီတွေအနေနဲ့ ဂါလီယမ် နဲ့ ဂျာမေနီယမ်သတ္တုနဲ့ ၎င်းထုတ်ကုန်တွေကို တင်ပို့နိုင်ဖို့ရာ တင်ပို့ခွင့်လိုင်စင်ရယူဖို့လိုအပ်လာမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ဂဲလီယမ် နဲ့ ဂျာမေနီယမ်သတ္တု၂မျိုးလုံးကို ထုတ်လုပ်သူဖြစ်ကာ အရံသတ္တုသိုက်အများအပြားရှိပြီး ကမ္ဘာ့ထောက်ပံ့ရေးအတွက်လည်း ပမာဏကြီးကြီးမားမားထုတ်လုပ်ပေးနေတာပါ။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ ဂဲလီယမ်သတ္တုထုတ်လုပ်ရေးရဲ့ ၉၄ရာခိုင်နှုန်းကို ထိန်းချုပ်ထားတာမို့ ဆီမီးကွန်ဒတ်တာထုတ်လုပ်‌ရေး၊ LED နဲ့ နေရောင်ခြည်စွမ်းအင် ကဏ္ဍတွေမှာ သိသာထင်ရှားတဲ့ထိခိုက်မှုတွေရှိလာမှာပါ။ ဒီလိုကန့်သတ်ချက်တွေဟာ တရုတ်ကုမ္ပဏီတွေအပေါ်လည်း ထိခိုက်မှုဖြစ်ပေါ်လာမှာလည်းဖြစ်ပါတယ်။

ပိတ်ဆို့မှုကြောင့် CPU၊ GPU နဲ့ memory လိုစွမ်းဆောင်ရည်မြင့်ပစ္စည်းတွေ ထုတ်လုပ်ဖို့ သက်ရောက်မှုရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပါဝါချစ်ပ်တွေ၊ ရေဒီယိုလှိုင်းချဲ့စက်တွေ၊ LED တွေနဲ့ အခြားပစ္စည်းတွေအပေါ်သက်ရောက်မှုရှိနိုင်ပါတယ်။ "ဒါဟာ အနှောင့်အယှက်တစ်ခုဖြစ်လာပါလိမ့်မယ်၊ ဂဲလီယမ် နဲ့ ဂျာမေနီယမ်တွေဟာ နည်းပညာမြင့်စက်မှုလုပ်ငန်းတွေအတွက် အင်မတန်မှအရေးကြီးပါတယ်" လို့ လန်ဒန်အ‌ခြေစိုက် သတ္တုရောင်းဝယ်ရေးကုမ္ပဏီ Lipmann Walton & Co, ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ Anthony Lipmann က Bloomberg နဲ့ အင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပါတယ်။

ဂဲလီယမ် နဲ့ ဂျာမေနီယမ် သတ္တု၂မျိုးစလုံးဟာ နည်းပညာမြင့်စက်မှုလုပ်ငန်းတွေအတွက်အရေးပါပြီး ဆီမီးကွန်ဒတ်တာဒြပ်ပေါင်းတွေထုတ်လုပ်ရာမှာ အသုံးချနေကြပါတယ်။ ဒီသတ္တုတွေဟာ ရှားပါးတဲ့အဆင့်မဟုတ်ပေမယ့် တရုတ်နိုင်ငံမှာ သက်သာပြီး အခြားဒေသတွေမှာ တူးဖော်မယ်ဆိုရင် ပိုမိုဈေးကြီးနိုင်ပါတယ်။ ဒါကြောင့် တင်ပို့မှုရပ်ဆိုင်းလိုက်မယ်ဆိုရင် အစပိုင်းမှာ ဈေးနှုန်းမြင့်မားလာမယ်ဆိုပေမယ့် အခြားနိုင်ငံတွေကလည်း ဒီသတ္တုတွေကိုစတင်တူးဖော်လာကြမှာမို့ တရုတ်ရဲ့ဈေးကွက်လွှမ်းမိုးမှုကိုလျော့ချနိုင်ပါတယ်။ ဒီလိုကိစ္စဟာ အခြားသတ္တုတွေဖြစ်တဲ့ ခနောက်စိမ်း၊ အဖြိုက်နက်နဲ့ မြေရှားဓာတ်တွေမှာလည်း ကြုံခဲ့ရဖူးပါတယ်။

ဒီလိုသတ္တုတွေကိုပိတ်ပင်လာတာဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အမေရိကန်နိုင်ငံရဲ့ တရုတ်နိုင်ငံရဲ့ ဆီမီးကွန်ဒတ်တာနဲ့ စူပါကွန်ပြူတာကဏ္ဍတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်ပိတ်ဆို့အရေးယူမှုအ‌ပေါ်တုန့်ပြန်မှုတစ်ခုဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့အပတ်က နယ်သာလန်အစိုးရဟာ ASML ရဲ့ အဆင့်မြင့်ချစ်ပ်ထုတ်လုပ်ရေးစက်တွေကို တရုတ်ကုမ္ပဏီတွေအပေါ်တင်ပို့မှုကန့်သတ်ချက်ကို ကြေညာခဲ့ကာ ဒီကိစ္စအတွက် တရုတ်နိုင်ငံဘက်ကပြင်းပြင်းဆန့်ကျင်ခဲ့ပါတယ်။

Source: Tom's Hardware and Bloomberg

#EnThueTech
#News
#Semiconductors

Post a Comment

0 Comments