Subscribe Us

header ads

နယ်သာလန်အစိုးရ၏ ချစ်ပ်ထုတ်လုပ်ရေးစက်ပစ္စည်းများ တင်ပို့မှုအပေါ် တားမြစ်ချက်ကို တရုတ်ဝေဖန်

Image: ASML

နယ်သာလန်အစိုးရဟာ တရုတ်နိုင်ငံထံ ချစ်ပ်ထုတ်လုပ်ရေး စက်ပစ္စည်းတင်ပို့ခြင်းကို ပိတ်ပင်ခဲ့ပြီးနောက် နယ်သာလန်နိုင်ငံရှိတရုတ်သံရုံးက နယ်သာလန်ကို ကုန်သွယ်မှုနှင့်နည်းပညာအပေါ် "နိုင်ငံရေးအသွင်ဆောင်နေတယ်" လို့ အိတ်ဖွင့်ပေးစာတစ်စောင်မှာ စွပ်စွဲခဲ့ပါတယ်။

ဒတ်ခ်ျကုမ္ပဏီ ASML ကထုတ်လုပ်တဲ့ အဆိုပါ ချစ်ပ်ထုတ်လုပ်ရေးကိရိယာကို စမတ်ဖုန်း၊ ကွန်ပြူတာတွေနဲ့ အခြားစက်ပစ္စည်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အဆင့်မြင့်ဆီမီးကွန်ဒတ်တာတွေထုတ်လုပ်ဖို့ရာ အသုံးပြုပါတယ်။

နယ်သာလန်ဘက်ကတော့ အရပ်ဘက်နှင့် စစ်ဘက် နယ်ပယ်နှစ်ခုစလုံးမှာ အသုံးချနိုင်တဲ့နှစ်မျိုးသုံးပစ္စည်းများဆိုင်ရာ အီးယူစည်းမျဉ်းတွေကို လိုက်နာလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

သို့ပင်သော်ငြား တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က "အဆိုပါ လုပ်ရပ်ဟာ ကျိုးကြောင်းဆီလျော်မှုမရှိသလို နှစ်ဖက်စလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်" လို့ ပြောကြားခဲ့ပါတယ်။ သူက နယ်သာလန်ကို "မိမိရဲ့အမှားကိုပြင်ဆင်ဖို့" နဲ့ "ပုံမှန်ကုန်သွယ်မှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုမှာ ဝင်ရောက်စွက်ဖက်တာကို ရပ်တန့်ဖို့" တိုက်တွန်းခဲ့ပါတယ်။

Image: ASML

ASML ဟာ အလင်းတန်းတွေကိုအသုံးချပြီး ဆီလီကွန် wafer တွေပေါ်မှာ ပုံစံများကိုထွင်းထုဖို့ရာအသုံးပြုတဲ့ ကမ္ဘာထိပ်တန်း lithography စက်တွေကို တင်ပို့သူတဲ့ကုမ္ပဏီတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကုမ္ပဏီဟာ သေးငယ်ပြီး ပိုမိုအစွမ်းထက်တဲ့ ချစ်ပ်တွေကို ဖန်တီးနိုင်တဲ့ extreme ultraviolet (EUV) ကို အသုံးပြုသည့် မျိုးဆက်သစ်စက်တွေကို တီထွင်ခဲ့ပါတယ်။

သို့ပေမယ့် EUV စက်တွေဟာ စစ်ဘက် (သို့မဟုတ်) နျူကလီးယား စီမံကိန်းတွေမှာ အသုံးပြုနိုင်တာကြောင့် ပို့ကုန်ထိန်းချုပ်မှုတွေခံရနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနှင့် ဉာဏပစ္စည်းခိုးယူမှုအန္တရာယ်တို့အပေါ်စိုးရိမ်မှုတွေကြောင့် တရုတ်နိုင်ငံအပေါ် ခေတ်မီနည်းပညာတွေလွှဲပြောင်းတာကို ကန့်သတ်ဖို့ သူ့ရဲ့မဟာမိတ်နိုင်ငံတွေကို ဖိအားပေးခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ တစ်ပိုင်းလျှပ်ကူးပစ္စည်း သုံးစွဲမှု အများဆုံးနိုင်ငံဖြစ်ပေမယ့် သွင်းကုန်နဲ့ နိုင်ငံခြားစက်ပစ္စည်းတွေအပေါ်မှာ ကြီးကြီးမားမား မှီခိုအားထားနေရပါတယ်။

တရုတ်နိုင်ငံအနေနဲ့ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမှာ ကမ္ဘာ့ထိပ်တန်းဖြစ်လာဖို့ရည်မှန်းထားတာကြောင့် ပြည်တွင်းချစ်ပ်ထုတ်လုပ်ရေးလုပ်ငန်းကို မြှင့်တင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် ချစ်ပ်ဒီဇိုင်းနဲ့ ထုတ်လုပ်နိုင်မှုအပိုင်းမှာ တရုတ်နိုင်ငံဟာ အမေရိကန်၊ ဥရောပနဲ့ ထိုင်ဝမ်တို့နောက်မှာ အများကြီးနောက်ကျကျန်နေသေးတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#Semiconductors

Post a Comment

0 Comments