Subscribe Us

header ads

ဟက်ကာများမှ Linus Media Group ၏ YouTube ချန်နယ်များကို ခိုးယူခဲ့

Source: OC3D

နာမည်ကျော်လူသိများလှတဲ့ YouTube channel တွေဖြစ်တဲ့ Linus Tech Tips Tech Quickie နဲ့ TechLinked တို့ကို လည်ပတ်နေတဲ့ Linus Media Group ဟာ ဟက်ကာတွေရဲ့ ပစ်မှတ်ထားခြင်းကိုခံရပြီးနောက် ဒီချန်နယ်တွေကိုအသုံးပြုကာ ခရစ်ပ်တိုငွေကြေးလိမ်လည်မှုတွေကို အားပေးခြင်းတွေပြုလုပ်နေပါတယ်။

ဟက်ကာတွေဟာ subscriber ပေါင်း ၁၅.၃ သန်းကျော်ရှိတဲ့ Linus Tech Tips ချန်နယ်ကို ထိန်းချုပ်ခွင့်ရရှိခဲ့ပြီး Tesla Live Online ဆိုတဲ့နာမည်ကိုပြောင်းလဲခဲ့ပါတယ်။ ပြီးနောက်မှာ သူတို့ဟာ Elon Musk၊ Jack Dorsey နဲ့ Cathie Wood တို့ပါဝင်တဲ့ ၂၀၂၁ခုနှစ်က The ₿ Word Conference ကိုဖမ်းယူထားတဲ့ အပိုင်းကို Live လွှင့်တင်ခဲ့ပါတယ်။ Live မှာ QR Code နဲ့ crypto ဒေါ်လာသန်း၁၀၀ဖိုး အခမဲ့ပေးမယ်ဆိုတဲ့ Tesla ဝက်ဘ်ဆိုက်အတုကိုညွှန်းထားတဲ့ URL လည်းပါဝင်ပါတယ်။

ဝက်ဘ်ဆိုက်မှာ လာရောက်ကြည့်ရှုသူတွေကို ငွေ၂ဆပြန်ပေးမယ်ဆိုတဲ့ကတိနဲ့ပေးပို့ရမယ့်လိပ်စာတစ်ခုကိုလည်းတောင်းဆိုထားပါတယ်။ ဒါဟာ ယခင်က အခြားဟက်ကာတွေအသုံးပြုခဲ့ဖူးတဲ့ ဂန္တဝင်လိမ်လည်နည်းတစ်ခုဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်မှာ စာလုံးပေါင်းနဲ့ သဒ္ဒါအမှားတွေပါဝင်ပြီး Tesla သို့ Elon Musk နဲ့မသက်‌ဆိုင်တာကိုဖော်ပြသလိုဖြစ်နေပါတယ်။

Linus Media Group အနေနဲ့ သူတို့ရဲ့ ချန်နယ်ကို သွက်သွက်လက်လက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လိမ်လည်တဲ့ ဝက်ဘ်ဆိုက်ကိုညွန်းထားတဲ့ link တွေအကုန်လုံးကိုဖျက်ချနိုင်ခဲ့ပါတယ်။ သို့ပင်သော်ငြား ဟက်ကာတွေဟာလက်မလျော့သေးပဲ Linus Media Group နဲ့သက်ဆိုင်တဲ့ Tech Quickie နဲ့ TechLinked တို့လို အခြားချန်နယ်တွေကို ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်။ တစ်ကြိမ်မှာတော့ Linus Tech Tips ချန်နယ်ဟာပျောက်ကွယ်သွားခဲ့ကာ YouTubeရဲ့ လုံခြုံရေးအစီအမံတွေကြောင့် ထုတ်ပယ်ခြင်းခံလိုက်ပုံပေါ်ပါတယ်။

လက်ရှိအချိန်မှာ ဟက်ကာတွေဟာ Linus Media Group ရဲ့ ချန်နယ်တွေရဲ့ လုံခြုံရေးအစီအမံကိုဘယ်လို‌ချိုးဖျက်နိုင်ခဲ့သလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ နောက်ပြီး ဒီလိမ်လည်မှုကြောင့် ကြည့်ရှူသူတွေထံက ငွေကြေးဘယ်လောက်ရလိုက်သလဲဆိုတာလည်းမသိရသေးပါဘူး။ ဒီကိစ္စအပေါ် Linus Media Group အနေနဲ့တရားဝင်ထုတ်ပြန်ချက်တွေမပြုလုပ်လာသေးပါဘူး။

ဒီလိုဖြစ်ပေါ်ခဲ့တာအခုမှမဟုတ်ပဲ ပရိသတ်ကြီးမားတဲ့ YouTube ချန်နယ်တွေကို အသုံးပြုပြီး crypto လိမ်လည်မှုတွေပြုလုပ်ခဲ့ဖူးပါတယ်။ ၂၀၂၀ခုနှစ် ဆယ်လီတွေ၊ နိုင်ငံရေးသမားတွေနဲ့ ကုမ္ပဏီတွေရဲ့ verified အကောင့်တွေကိုခိုးယူပြီး Bitcoin အလှူငွေတောင်းဆိုတာမျိုးရှိခဲ့ပါတယ်။ ၂၀၂၀ခုနှစ် ဒီဇင်ဘာလမှာ အခြားဟက်ကာအဖွဲ့ဟာ YouTube ချန်နယ်အများအပြားကိုပြန်ပေးဆွဲပြီး NASA သို့ SpaceX နာမည်ပြောင်းလဲကာ SpaceX လွှတ်တင်မှု live အတုတွေလွှင့်တင်ခဲ့ဖူးပါတယ်။

ဒီဖြစ်ရပ်တွေဟာ အသုံးပြုသူတွေကို ငွေလွဲနိုင်တဲ့ အွန်လိုင်းပလက်ဖောင်းတွေနဲ့ပတ်သက်ပြီး သတိရှိဖို့လိုအပ်ကြောင်း မီးမောင်းထိုးနေပါတယ်။ အသုံးပြုသူတွေအနေနဲ့ ငွေမလွဲခင်မှာ အွန်လိုင်းကရရှိတဲ့အချက်အလက်တွေရဲ့ အရင်းအမြစ်နဲ့ မှန်ကန်ရှိမရှိဆိုတာကို စစ်ဆေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အွန်လိုင်းအကောင့်တွေအတွက် ခိုင်မာတဲ့ password တွေနဲ့ two-factor authentication တွေထားရှိသင့်ပါတယ်။

Source: OC3D, MyBroadband and Ars Technica

#EnThueTech
#News
#Security

Post a Comment

0 Comments