Subscribe Us

header ads

Review: ROG Flow Z13 Gaming Tablet




Microsoft ကနေ surface tablet ကိုကြေညာတုန်းက ကျနော်တစ်ခု‌ တွေးမိခဲ့တာရှိပါတယ်။ Gaming Laptop တွေကိုဒီလိုပုံစံမျိုးနဲ့မြင်ရရင်ကောင်းမယ်တွေးလို့ခဲ့တာပါ။ နှစ်အနည်းငယ်ကြာတဲ့အခါမှာ Asus ကနေပြီး ROG mothership ကိုကြေညာတဲ့အခါ ဒီလိုhybrid gaming tablet/laptop ကိုမြင်ရပြီဆိုပေမယ့် အရွယ်မတရားကြီးလွန်းတယ်ခံစားရပါတယ်။ မနှစ်ကလည်း Asus ROG ဟာ 2in1 convertible laptopဖြစ်တဲ့ ROG Flow X13 ကိုကြေညာခဲ့တယ်ဆိုပေမယ့် Gaming Tablet စစ်စစ်လို့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် Gaming Tablet အစစ်ဖြစ်တဲ့ ROG Flow Z13 ကို CES ပွဲမှာ ကြေညာခဲ့ရာမှာတော့ အတော်လေးစိတ်ဝင်စားသွားပါတယ်။ အခုဆိုရင် ဒီလိုထူးခြားပြီး တွေ့မြင်နေကြမဟုတ်တဲ့ ROG Flow Z13 ဟာကျနော့်လက်ထဲကိုရောက်လာပြီမို့ review လေးလုပ်ပေးလိုက်ပါတယ်။

Introduction

ပထမဆုံးပြောရမယ်ဆိုရင် Flow Z13 ဟာ Tablet ဖြစ်သွားတာကြောင့် ကျနော်တို့ပုံမှန်သုံးနေကြတဲ့ Gaming Laptop တွေနဲ့သိသိသာသာကွဲထွက်နေပါတယ်။ သူက Tablet မို့သူ့ကိုစမ်းသပ်ရာမှာလည်း ပုံမှန်laptop တွေစမ်းသပ်တာမျိုးကနေ အပြောင်းအလဲတွေလုပ်ပြီးစမ်းသပ်ထားရပါတယ်။ Tablet ဆိုတာ အများအားဖြင့် ပါဝါကြိုးမတပ်ပဲ လွတ်လွတ်လပ်လပ်နဲ့ ဘက်ထရီကိုသာအဓိကထားပြီးသုံးတာဆိုတော့ ဘက်ထရီဘက်ကိုလည်းပိုပြီးအာရုံစိုက်ပေးထားပါတယ်။

Design and Build Quality

Gaming Tablet ဖြစ်တဲ့ ROG Flow Z13 ရဲ့ Screen ဟာ ပြောင်လက်နေပြီး အနားသတ်ဘောင်တွေကပါးပါးလေးတွေပါ ဘောင်တွေကတော့ အခြားTabletထောင့်တွေလို လုံးထားတာမဟုတ်ပဲ ထောင့်လေးတွေနဲ့ဖြစ်ပါတယ်။ ဒီလိုလေးထောင့်ဆန်တဲ့ အလူမီနီယံ ကိုယ်ထည်ကို CNC နည်းပညာ နဲ့လှလှပပခုတ်စားပြီး အနက်ရောင် anodized coating တင်ပေးထားပါတယ်။ ဒါတင်မကသေးပဲ လက်ရာတွေမထင်ရအောင် anti-fingerprint coating ပါထပ်မံအုပ်ပေးထားတဲ့အတွက် လုံးဝကိုpremium ဖြစ်တယ်လို့ခံစားရပါတယ်။ Display ထိပ်မှာ Webcam လေးကိုတပါတည်းထည့်သွင်းထားတာ တွေ့ရပါတယ်။


ကျောဘက်ကိုကြည့်လိုက်တဲ့အခါ back camera ကိုတွေ့ရပြီး ကိုယ်ထည်မှာ aesthetic ပိုင်းအတွက် ROG ရဲ့ For Those Who Dare ဆိုတဲ့စာတွေနဲ့ မျဉ်းကြောင်းလေးတွေထည့်ပေးထားတာတွေ့ရပါတယ်။ Cooling အတွက် လေဝင်ပေါက်တွေဟာ ဘယ်ဘက်ရောညာဘက်မှာပါရှိပါတယ်။ ဘယ်ဘက်ကလေဝင်ပေါက်ကိုတော့ 06ဆိုပြီးပုံဖော်ထားပါတယ်။ 06 လို့ပုံဖော်ထားတယ်ဆိုတာက Asus ကနေ ROG ကိုစတင်ပွဲထုတ်လာတဲ့ 2006ခုနှစ်ကိုရည်ညွှန်းတာဖြစ်ကြောင်းသိရပါတယ်။ လေထွက်ပေါက်တွေက အပေါ်ဘက် ဘယ်ညာ ၂ဘက်စလုံးမှာရှိပါတယ်။


Tablet တစ်ခုဖြစ်တာမို့ Microsoft Surface တွေလိုပဲ kickstand လည်းပါဝင်ပါတယ်။ kickstand ဟာ အတော်လေးတောင့်တင်းပြီး လွယ်လွယ်ကူကူ စိတ်ကြိုက်ပုံစံထား‌နိုင်အောင် kickstand ညာဘက်မှာ လိမ္မော်ရောင် အတက်ကလေးကိုလည်းထည့်သွင်းထားပါတယ်။ ဒါ့အပြင် kickstand ဟာ Tablet ကိုထောင်ရက်သားသုံးနိုင်သလို အနောက်ဘက်ကို 170° လောက်အထိလှန်ချလို့ရပါတယ်။ kickstand နဲ့ ကိုယ်ထည်အဆက်နေရာမှာ Gaming Tablet မှန်းသိသာစေတဲ့ RGB Lighting ကို Rear Window ဒီဇိုင်းနဲ့မှန်ချပ်လေးတစ်ခုနဲ့ပုံဖော်ထားပါတယ်။ မှန်ချပ်ကနေ အထဲက motherboard ကိုမြင်နေရပြီး RGB နဲ့အတော်လေးမိုက်တယ်ဆိုနိုင်ပါတယ် ဒါ့အပြင် မှန်ချပ်မှာ တိုင်ပေမှာရှိတဲ့ Asus ရုံးချုပ်ရဲ့တည်နေရာကိုပါ ရေးသားထားတာကိုတွေ့ရသလို kickstand ဘယ်‌ဘက်အောက်မှာ လည်း ROG ကိုစတင်မိတ်ဆက်ခဲ့တဲ့ရက်စွဲကိုလည်းထည့်သွင်းထားပါတယ်။ သို့ပင်သော်ငြား သူ့ Rear Window မှန်ချပ်ဟာ ကိုယ်ထည်ထက်အနည်းငယ်မို့မောက်နေတဲ့အတွက် Flow Z13 ကို စားပွဲမှာချထားရင် လှုပ်နေတာကြောင့်သိပ်သဘောမကျပါဘူး။


Flow Z13 ဟာ အလျား 11.89″၊ အနံ 8.03″နဲ့ 0.47″ လောက်အထူရှိပြီး Gaming Laptop တွေထက် အနည်းငယ်ပို‌သေးပြီး ပိုပါးတယ်ဆိုနိုင်ပါတယ်။ အလေးချိန်က 1.18g ရှိပြီး Tablet မို့ ပုံမှန် Gaming Laptop တွေထက် အများကြီးပေါ့ပါးတယ် ဒါပေမယ့် သူ့မှာစွမ်းအားကောင်းလှတဲ့ CPU နဲ့ RTX GPUအတွက် Cooling စနစ်တွေကြောင့် Surface Pro တို့ iPad တို့ထက်အနည်းငယ်ပိုလေးပါတယ်။ Tablet အနေနဲ့ လက်မှာကိုင်သုံးရင် နည်းနည်းပိုလေးတယ်လို့ခံစားရနိုင်ပါတယ်။

Specifications

ROG Flow Z13 မှာ နောက်ဆုံးထွက်ရှိလာတဲ့ Intel 12th Gen Alder Lake H-series ထဲက Core i7-12700H CPU ကိုသုံးထားပါတယ်။ အရင် Gen တွေနဲ့မတူတာက ဒီ 12th Gen CPU ဟာ Hybrid Design ကိုသုံးထားပြီး များပြားလှတဲ့ Cores/Threads တွေပါဝင်လာပါတယ်။ Alder Lake CPU ဟာ Hybrid Design ကိုသုံးလာပါတယ် ဒါက ARM ရဲ့ big.LITTLE architecture လိုပါပဲ။ ARM မှာ High Performance အတွက် big Cores တွေရှိပြီး low performance အတွက် LITTLE cores တွေကိုသုံးပါတယ်။ ဒီလိုဆင်တူတဲ့ Intel ရဲ့ Hybrid Designမှာ စွမ်းဆောင်ရည်ကောင်းတဲ့ core တွေကို performance cores (P-cores) တွေလို့ခေါပြီး ပါဝါစားသက်သာတဲ့ core တွေကို efficiency cores (E-cores) လို့ခေါ်ဆိုပါတယ်။ Intel Core i7-12700H မှာ P-cores ကို 6 Cores 12 Threads ထည့်ထားပြီး E-cores ကိုတော့ 8 Cores 8 Threads အနေနဲ့ ထည့်သွင်းထားတဲ့အတွက် စုစုပေါင်း 14 Cores 20 Threads ရှိပါတယ်။ Intel Core i7-12700H ရဲ့ P-cores တွေဟာ Base Clock 2.3 GHz နဲ့ Boost Clock 4.7GHz အထိရနိုင်ပြီး E-cores တွေအနေနဲ့ Base Clock 1.7 GHz နဲ့ Boost Clock 3.5GHz အထိရနိုင်ပါတယ်။ ဒါပေမယ့် ROG Flow Z13 ရဲ့ Core i7-12700H ဟာ ပုံမှန် 12th Gen laptop တွေမှာ ထည့်ထားတဲ့ Core i7-12700H တွေထက် အပူပိုသက်သာအောင်နဲ့ ပါဝါစားသုံးမှုနည်းအောင်ဖန်တီးထားပါတယ်။ ဒါကြောင့် benchmark တွေမှာ score နည်းနည်းလျော့နေနိုင်ပါတယ်။ Intel Core i7-12700H မှာ Intel Iris Xe graphics လည်းပါဝင်ပြီး ဘက်ထရီချွေတာဖို့လိုတဲ့အခါဖွင့်သုံးနိုင်ပါတယ်။

Graphics ပိုင်းအတွက် Flow Z13 မှာ Nvidia RTX 3050 4GB GDDR6 GPU ကိုတပ်ဆင်ထားပါတယ်။ RTX 3050 ဟာ 8nm Ampere Architecture နဲ့ ထုတ်ထားတဲ့ GPU ဖြစ်ပြီး RTX 30 Series ထဲမှာ အနိမ့်ဆုံးဖြစ်သလို Max-Q ဖြစ်လို့ TDP 35W သာရှိပြီး dynamic boost အကူအညီနဲ့ 5W တိုးလာကာ 40W ဖြစ်လာပါတယ်။ သူရဲ့စွမ်းဆောင်ရည်က အားရစရာမဟုတ်ပေမယ့် GTX 1650 ထက်တော့ သိသိသာသာပိုမြန်ပါတယ်။ RTX ဖြစ်တဲ့အတွက် Ray Tracing သုံးနိုင်တယ်ဆိုပေမယ့် Entry Level RTX GPU မို့ အဖြစ်လောက်ပဲသုံးနိုင်ပါတယ် တကယ်အသုံးဝင်တာက FPS ပိုတက်လာစေတဲ့ DLSS ဖြစ်ပါတယ်။ VRAM ကတော့ 4G GDDR6 ပဲရှိလို့ နည်းတယ်လို့ဆိုနိုင်ပြီး 1080P Gaming အတွက်သာသင့်တော်ပါတယ်။

ROG Flow Z13 မှာ Memory ပိုင်းအတွက် 5200MHz ရှိတဲ့ 16GB LPDDR5 ကိုမားသားဘုတ်ပေါ်မှာ embedded လုပ်ပြီးသားဖြစ်ပြီး ထပ်စိုက်စရာslot မပါပါဘူး။ 16GB ဆိုတာ တော်တော်များများနဲ့အဆင်ပြေတယ်ဆိုပေမယ့် အကယ်၍ သင်ကထပ်တိုးလိုချင်တယ်ဆိုရင်တော့ သေချာပြန်စဉ်းစားဖို့လိုပါတယ်။ Tablet တွေဆိုတာက upgrade လုပ်ဖို့အခွင့်အလမ်းနည်းပါတယ်။

ROG Flow Z13 ရဲ့ Specifications တွေကတော့
CPU: Alder Lake Core i7-12700H (14Cores/20Threads, 6 P-Cores and 8 E-Cores)
Memory: 16GB LPDDR5 (5200MHz)
Graphics: Nvidia RTX 3050 Max-Q 4GB GDDR6
Storage: 512GB NVMe PCIe Gen4 x4 SSD
Display: 13.4in 120Hz Full HD+ IPS Level Touch Screen
Dimensions (WxDxH): 30.2 x 20.4 x 1.20 ~ 1.20 cm (11.89″ x 8.03″ x 0.47″ ~ 0.47″)
Weight: 1.18kg
I/O Ports: 1x USB Type-C 3.2 Gen 2
1x USB Type-A 2.0
1x ROG XG Mobile Interface
1x Thunderbolt 4 support
1x card reader (microSD)
Connectivity: Wi-Fi 6E, Bluetooth 5.2
Camera: 8MP and 720P Webcam
Speakers: 2x 2W
Audio Jack: 1x 3.5mm Audio Combo Jack(HiFi)
Operating System: Windows 11 Home
Battery: 56WH (4 Cell Li-ion)
Power Adaptor: 100W
Price: $1800

Display

ROG Flow Z13 မှာ Tablet တစ်ခုသာဖြစ်တာမို့ ပုံမှန်မြင်နေကြlaptop တွေလို 16:9 နဲ့မဟုတ်ပဲ Content Creation ‌တွေအတွက် အနည်းငယ်ပိုအဆင်ပြေတဲ့ aspect ratio 16:10 ရှိတဲ့ 13.3လက်မ Full HD+ Display ကိုသုံးထားပါတယ်။ screen အတွက် Panel ကို Sharp ရဲ့ (LQ134N1JW54)Panel ကိုသုံးထားပြီး တောက်ပကာရှင်းလင်းပြတ်သားပါတယ် ဒါ့အပြင် Tablet ဖြစ်လို့ Touch ပါရပါတယ်။

Color Accuracy ပိုင်းမှာ
sRGB 99.89%
AdobeRGB 85.78%
DCI-P3 79.72%

ရှိလို့ content creator တွေအတွက်ပါ အဆင်ပြေတယ်ပြောနိုင်ပါတယ်။

ကာလာမှန်ပြီး Dolby Vision ကိုပါ အထောက်အပံ့ပေးတာကြောင့် ရုပ်ရှင်တွေဗီဒီယိုတွေကြည့်ရတာဟာအတော်လေးကိုမိုက်ပါတယ်။ Gaming Tabletဖြစ်တဲ့အတွက် Screen ဟာ 120Hz နဲ့ Variable Refresh Rate (VRR) ကိုအထောက်အပံ့ပေးထားတာကြောင့် ဂိမ်းကိုလည်းကောင်းကောင်းကစားနိုင်ပါတယ်။


Gaming Laptop တွေနဲ့မတူတာက Tablet ဆိုတာမျိုးက ပြင်ပကိုယူသွားပြီးအသုံးပြုဖို့ပါဖန်တီးထားတာမို့ brightness ဟာ 500 nits ကျော်အထိရပါတယ်။ ဒါဟာ gaming laptop တွေမှာတွေ့ရလေ့မရှိတဲ့ brightness မျိုးဖြစ်ပါတယ်။ Viewing Angle ကလည်း အတော်‌ လေးကောင်းတယ်လို့လည်းပြောနိုင်တာမို့ screen ဟာကြေနပ်စရာကောင်းတယ်လို့ဆိုနိုင်ပါတယ်။

Keyboard, Trackpad and Stylus

ROG Flow Z13 ဟာ tablet တစ်ခုဖြစ်တာကြောင့် သူ့မှာစာရိုက်ဖို့အတွက် အလွယ်တကူဖြုတ်တပ်နိုင်တဲ့ detachable keyboard ကိုအသုံးပြုရမှာဖြစ်ပါတယ်။ ကီးဘုတ်ကာဗာဟာ ဘက်ထရီလုံးဝမပါပဲ tablet နဲ့ wireless မဟုတ်ပဲတိုက်ရိုက်ချိတ်ဆက်ထားတာမို့ သီးခြားအားသွင်းဖို့မလိုပါဘူး။ အလွယ်တကူဖြုတ်တပ်လို့ရတယ်ဆိုပေမယ့် ကီးဘုတ်နဲ့ tablet ကိုခိုင်မြဲ‌အောင် အားကောင်းတဲ့သံလိုက်တွေအသုံးပြုထားတဲ့အတွက် ပုံမှန်သုံးနေတဲ့အချိန်မှာ ပြုတ်သွားတာမျိုးလည်းရှိမှာမဟုတ်ပါဘူး။ ကီးဘုတ်ကိုမဖြုတ်ပဲ အနောက်လှန်ပြီး convertible ဆန်ဆန်သုံးကြည့်ချိန်မှာလည်း keyboard နဲ့ trackpad တွေအလုပ်မလုပ်တော့တာမို့မတော်တဆမှားထိတာမျိုးတွေမဖြစ်နိုင်ပါဘူး။


ဒီကီးဘုတ်ဟာ Surface တို့လိုပဲ tablet ကာဗာအဖြစ်နဲ့လည်းအသုံးတော်ခံ‌ပါသေးပါတယ်။ ကီးဘုတ်ပုံစံနဲ့သုံးမယ်ဆိုရင် ကီးဘုတ်လက်ခြမ်းကမျက်နှာပြင်ဟာ လက်ရာတွေမထင်ပေမယ့် tablet ကာဗာအနေနဲ့ထားသုံးမယ်ဆိုရင်တော့ ကာဗာဘက်ခြမ်းက နူးညံ့တဲ့ alcantara အသားနဲ့မို့ ဒီမျက်နှာပြင်ဟာ ဖုန်တွေနဲ့သေးငယ်တဲ့အရာဝတ္တုတွေ အလွယ်တကူစွဲကပ်နိုင်ပါတယ်။



Keyboard ဟာ RGB Lights ပါတယ်ဆိုပေမယ့် Per Key မဟုတ်သလို Zone ကလဲတစ်ခုတည်းသာဖြစ်ပါတယ်။ ဒီအတွက် keyboard ကိုစိတ်ကြိုက်အရောင်တစ်မျိုးသာထားနိုင်မှာပါ။ RGB အရောင်တွေကိုတော့ Armoury Crate ထဲက AURA မှာပြောင်းလို့ရပါတယ်။ ROG Flow Z13 မှာ စာရိုက်ရတဲ့ဖီလင်က မိုက်တယ် clicky နည်းနည်းဖြစ်တယ်လို့ခံစားရတယ် Key တစ်ခုနဲ့တစ်ခုအကြားအကွာအဝေးကလဲကောင်းမွန်ပါတယ် စာလုံးတွေမှားရိုက်မိတာမျိုးလဲမရှိပါဘူး။ ဒါပေမယ့် detachable keyboard တွေရဲ့ထုံးစံအတိုင်း အားစိုက်ပြီးစာရိုက်မယ်ဆိုရင် အလယ်မှာနည်းနည်းလေးညွှတ်ချင်တာမျိုးရှိပါတယ်။ သာမန်စာရိုက်တဲ့အချိန်နဲ့ ဂိမ်းဆော့တဲ့အချိန်မှာ ပုံမှန် laptop တွေအတိုင်းအဆင်ပြေပြေသုံးနိုင်ပါတယ်။ detachable keyboard တွေရဲ့အားသာချက်တစ်ခုက laptopတွေလိုမဟုတ်ပဲ အပူစွန့်တဲ့နေရာတွေက tablet ခြမ်းမှာသာသီးခြားဖြစ်နေတာမို့ လက်ချောင်းတွေမှာ အပူကိုမခံစားရသလို ကီးဘုတ်ကို စားပွဲမှာအပြန့်အတိုင်း သို့ အနည်းငယ်မ,တင်ထားတဲ့ပုံစံနဲ့ကြိုက်သလိုထားသုံးနိုင်ပါတယ်။


ROG ရဲ့ Trackpad ဟာ တုံ့ပြန်မှုအတော်လေးကောင်းမွန်တာကိုတွေ့ရပြီး စိတ်ကျေနပ်စရာစွမ်းဆောင်ရည်ကိုပေးပါတယ်။ touchpad မှာ မျက်နှာပြင်ဟာချောမွေ့ပြီး သီးခြား key တွေမပါပါဘူး။ အားနည်းချက်က click နှိပ်ရင်အသံနည်းနည်းဆူသလို trackpad အရွယ်အစားဟာ အနည်းငယ်သေးတယ်လို့ဆိုနိုင်ပါတယ်။

ROG Flow Z13 မှာ Stylus ကိုအသုံးပြုနိုင်ပါတယ်။ Stylus ဟာ ပုံတွေဆွဲရတာအတော်လေးကိုအဆင်ပြေသလို 120Hz Screen မှာဆွဲရတာဆိုတော့ အတော်မိုက်ပါတယ်။ Screen ပေါ်ကိုလက်တင်ပြီး စာရေးပုံဆွဲတဲ့အခါ Touch Screen က Stylus နဲ့သာ အလုပ်လုပ်အောင်ထားနိုင်သလို ပေတံနဲ့မျဉ်းကြောင်းတွေဆွဲကြည့်တာလည်းအဆင်ပြေပါတယ်။ အားနည်းချက်တွေက ပုံဆွဲတာနဲ့ calligraphy တွေ အမြန်ရေးတဲ့အခါ တစ်ချက်တစ်လေလွတ်သွားတာမျိုးရှိပါတယ်။


နောက်ထပ်အားနည်းချက်က Stylus ကို Tablet အနေနဲ့သုံးနေချိန်နဲ့ ကီးဘုတ်ကိုဖြုတ်ထားချိန်မှာ ကီးဘုတ်နဲ့ချိတ်တဲ့သံလိုက်မှာကပ်ထားနိုင်ပေမယ့် detachable keyboard နဲ့တွဲသုံးနေချိန်မှာဆို Stylus ကိုကပ်ထားရမယ့်နေရာကိုရှာလို့မရပါဘူး။ Stylus လေးကိုသုံးရင်းနဲ့ ကျနော် Microsoft Paint 3D မှာ နမူနာပန်းချီပုံတစ်ပုံဆွဲပြထားပါတယ်။

Ports and Buttons

ROG Flow Z13 ဟာ Tablet ဖြစ်တာမို့ Tablet တွေရဲ့ထုံးစံအတိုင်း port တွေက laptop တွေထက်သိသိသာသာပိုနည်းပါတယ်။ ဘယ်ဘက်မှာ USB 3.2 Gen 2 Type-C/Display Port/Power Delivery/ G-Sync တစ်ခုနဲ့ XG Mobile ဆိုတဲ့ RTX 3080 ပါဝင်တဲ့ External GPU Connector တစ်ခုပါပါတယ်။ XG Mobile Connector ကို ရာဘာလေးအစွပ်အုပ်ထားတယ်‌ဆိုပေမယ့် Tablet နဲ့တွဲထားတာမဟုတ်တဲ့အတွက် အလွယ်တကူပျောက်သွားနိုင်ပါတယ်။


XG Mobile Connector အစွပ်လေးကိုဖြုတ်လိုက်ရင် PCIE Connector နဲ့ USB Type-C port တစ်ခုကိုထပ်တွေ့ရမှာဖြစ်ပြီး Thunderbolt 4/Display Port/ Power Delivery ကိုအထောက်အပံ့ပေးပါတယ်။ Type-C port ၂ခုစလုံးမှာ ပါဝါကြိုးတပ်လို့ရပါတယ်။ XG Mobile ကဈေးအရမ်းကြီးပြီးဝယ်သုံးမယ်ဆိုရင် Flow Z13 တစ်လုံးစာလောက်ကျမှာဖြစ်ပါတယ် ကျနော့်ကိုပေးတဲ့ review unit မှာမပါလာလို့စမ်းပြလို့မရပါဘူး။ ဒါပေမယ့်တစ်ခုကောင်းသွားတာက ကိုယ့်မှာ external GPU ရှိပြီးသားဆိုရင် Thunderbolt 4 portကနေတွဲသုံးလို့ရပါသေးတယ်။


ညာဘက်မှာတော့ Finger Print တွဲလျက်ပါတဲ့ Power Button တစ်ခု၊ Volume ခလုပ်တစ်ခု၊ USB 2.0 Type-A တစ်ခု နဲ့ 3.5mm Audio Combo Jack တစ်ခုပါပါတယ်။ Micro SD Card Reader က ကျောဘက်က kickstand ထဲမှာတွေ့ရပါတယ်။ Tablet မို့ IO ပိုင်းအတွက် USB/Thunderbolt Hub လိုအပ်နိုင်ပါတယ်။

Cameras and Windows Hello

Tablet တစ်ခုဖြစ်တဲ့ Flow Z13 မှာ Webcam တစ်ခုနဲ့ ကျော်ဘက်မှာ 8MP Camera ပါပါတယ်။ Webcam ရဲ့ ရုပ်ထွက်က ကောင်းတယ်လို့ပြောနိုင်ပါတယ် ဒါပေမယ့် ကျောဘက်က 8MP ကင်မရာကတော့ အဖြစ်လောက်ပဲပါတယ်လို့ဆိုနိုင်ပါတယ်။

Windows Hello အတွက် IR Camera မပါပေမယ့် Finger Print Reader တော့ပါဝင်ပါတယ်။ သဘောကျမိတဲ့အချက်က Finger Print Reader ဟာ power button မှာရှိသလို စက်ကိုဖွင့်ဖို့နှိပ်လိုက်တာနဲ့ fingerprint ကိုပါတစ်ခါတည်းမှတ်သားထားတာကြောင့် နောက်တစ်ကြိမ်ထပ်နှိပ်ပေးစရာမလိုပဲ အလိုလိုlog-in ဝင်သွားမှာဖြစ်ပါတယ်။

Audio

Audio ပိုင်းကိုပြောရမယ်ဆိုရင် ROG Flow Z13 မှာ 2w Speaker ၂လုံးကို Tablet ရဲ့ အောက်ဘက်ဘယ်ညာထောင့်‌တစ်ခုစီမှာနေရာချထားပါတယ်။ သူ့စျေးတန်းနဲ့သူဆိုရင် Speaker တွေရဲ့အသံထွက်က လန်ထွက်မနေသည့်တိုင် သာမန်ထက်တော့ အနည်းငယ်ပိုကောင်းပါတယ် ဒါပေမယ့် နည်းနည်းလေးတိုးတယ် base ကရှိ‌တော့ရှိတယ် ဒါပေမယ့် နည်းနည်းပါးတယ်လို့ဆိုနိုင်ပါတယ်။

ROG Flow Z13 မှာ Headphone နဲ့ Mic အတွက် 3.5mm Audio Combo Jack တစ်ခုပါဝင်ပြီး Gaming Headset အများစုနဲ့အဆင်ပြေပြေသုံးနိုင်မှာပါ။ Headphone အတွက် 24 bit 48KHz အထိရတဲ့ Audio ကိုထုတ်ပေးနိုင်တယ်လို့ဆိုထားပါတယ်။ သူ့ရဲ့အသံကအတော်လေးအဆင်ပြေတယ်လို့ပြောနိုင်ပါတယ်။


သဘောကျတဲ့အချက်က ပုံမှန်ဆိုရင် Windows Store မှာ $15 လောက်ပေးရတဲ့ Dolby Atmos ကိုတပါတည်းထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Dolby Atmos ကို အထောက်အပံ့ပေးတဲ့အတွက် နားကျပ်နဲ့ဖြစ်စေ စပီကာနဲ့ဖြစ်စေ ဂိမ်းဆော့တဲ့အချိန်ရုပ်ရှင်ကြည့်တဲ့အချိန်တွေမှာ ပုံမှန်ထက် သိသိသာသာကိုပိုကောင်းတဲ့ surround sound ကိုရပါတယ်။


သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်သလို အကယ်၍ မိမိပတ်ဝန်းကျင်ကဆူညံနေတယ်ဆိုရင် Armoury Crate က AI Noise Cancelation ကိုဖွင့်သုံးနိုင်ပါတယ်။ Microphone အတွက် အရှေ့တည့်တည့်ကအသံကိုဖမ်းပေးတဲ့ Cardioid Mode၊ ဘေးဘက်ကအသံကိုပါဖမ်းပေးတဲ့ Stereo Mode နဲ့ ပတ်ပတ်လည်ကအသံကိုပါဖမ်းပေးတဲ့ Omnidirectional Mode ဆိုပြီး ၃မျိုးပါဝင်ပါတယ်။

Storage

ROG Flow Z13 မှာ 512GB ရှိတဲ့ WD PC SN735 SDBPTHH-512G-1002 PCIE 4.0 NVME SSD ကိုထည့်‌ထားပါတယ်။ SSDဟာ PCIE 4.0 ဆိုပေမယ့် သူရဲ့ Read/Write နှုန်းတွေဟာ PCIE 3.0 NVME SSD တွေလောက်သာရှိပါတယ်။ စွမ်းဆောင်ရည်အတိအကျကို Benchmark ပုံမှာကြည့်ပါ။ SSD ကို upgrade လုပ်ဖို့ kickstand နားမှာ panel တစ်ခုထည့်ထားပါတယ်။


သတိထားဖို့က Storage မလောက်ဘူးဆိုရင်လဲလှယ်လို့ရတယ်ဆိုပေမယ့် သူ့ format က ပုံမှန်သုံးနေကြ 2280 နဲ့မဟုတ်ပဲ SD Card အရွယ်သာ ရှိတဲ့ 2230 သာဖြစ်လို့လဲလှယ်လို့ရတယ်ဆိုပေမယ့် စျေးကွက်ထဲမှာ ရှာရင်နည်းနည်းခက်နိုင်တယ် ဆိုတာကိုလည်းသတိပြုဖို့လိုပါတယ်။

Battery

ROG Flow Z13 မှာ 56WH ရှိတဲ့ 4 Cell Li-ion battery ကိုထည့်သွင်းပေးထားပြီး Battery Capacity မများတာရယ် Gaming အတွက်သာရည်ရွယ်တဲ့ Laptop ဖြစ်တာမို့ ဘက်ထရီကသာမန်လို့ပဲပြောနိုင်ပါတယ်။ Video ကြည့်မယ်ဆိုရင် Balance Modeနဲ့ဆို ၅နာရီ‌ ကျော်လောက်သာခံပါတယ်။



500nits ဝန်းကျင်ရှိတဲ့ screen ရဲ့ brightness က အတော်လေးလင်းတာမို့ 25%လောက်နဲ့ video ကြည့်တဲ့အခါ ၆နာရီလောက်ရပါတယ်။ ပုံဆွဲတာ web browsing လုပ်တာလောက်ဆိုရင် ၇နာရီ ဝန်းကျင်လောက်ရနိုင်ပါတယ်။ အားပြန်သွင်းရင်တော့ ၂နာရီ‌နီးပါးသာကြာတာကိုတွေ့ရပါတယ်။ ဂိမ်းဆော့ကြည့်တာတစ်နာရီကျော်ရပါတယ်။

Armory Crate

ROG Flow Z13 Gaming မှာ Utility Software တစ်ခုဖြစ်တဲ့ Armory Crate ပါဝင်ပါတယ်။ သူက ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ်၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့ Power တွေချိန်လို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကြည့်လို့ရမယ်။








E-Cores တွေပိတ်ထားတာမျိုး Iris Xe Graphics နဲ့ Nvidia RTX Graphics ကို ပြောင်းလဲအသုံးပြုတာမျိုးလည်းပါဝင်ပါတယ်။ ကိုယ်အသုံးပြုတဲ့ app/game အလိုက် screen ရဲ့ အရောင်တွေချိန်ညှိပေးတဲ့ GameVisual နဲ့ RGB Lighting ကိုပြောင်းနိုင်တဲ့ AURA Sync ပါ တပါတည်းထည့်ပေးပြီးသားဖြစ်ပါတယ်။

Testing Methodology and Benchmarks

CPU Benchmark အတွက် Cinebench R15၊ Cinebench R20 နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Core i7-12700Hဟာ စွမ်းဆောင်ရည်ကောင်းပေမယ့် Flow Z13 မှာ အပူသက်သာအောင် ပြန်လည်ချိန်ညှိထားတာမို့ အချို့သော Benchmark တွေမှာဆို နည်းနည်းလျော့နည်းနေတာတွေ့ရပါတယ်။




Single Core မှာ P-Cores ဟာ 4.4GHz အထိရပြီး ဂိမ်းဆော့နေချိန်မှာဆို ပါဝါအများစုကို GPU ကိုပို့ပေးထားတာမို့ 2GHzအထိသာရပါတယ်။ Multi Core Rendering လုပ်ချိန်မှာ‌‌တော့ P-Cores တွေဟာ 2.8 GHz နဲ့ E-cores တွေဟာ 2.2GHz အထိသာအများဆုံးတွန်း‌ပေးတာတွေ့ရပါတယ်။

Gaming Performance အတွက် ဂိမ်းဆယ်မျိုးနဲ့စမ်းသပ်ထားပါတယ် အများစုက AAA Titles တွေပါ။ ဂိမ်းတွေကို E
-Cores တွေပိတ်ကစားရင်ဘယ်လောက်ထူးခြားလဲသိရအောင်စမ်းကြည့်ထားပါတယ်။ RT Cores တွေပါတဲ့ RTX 3050 GPU အတွက် အချို့ဂိမ်းတွေကို Ray Tracing ကို Ultra ဖွင့်စမ်းထားပါတယ်။ RTX ထဲမှာ အနိမ့်ဆုံးဖြစ်တဲ့ Mobile RTX 3050 ဟာ GTX 1650 ထက်တော့မြန်ပါသေးတယ်။



စမ်းသပ်ကြည့်တဲ့အခါ AAA ဂိမ်းအများစုကို Ultra Setting မှာ 40FPS ဝန်းကျင်ကစားနိုင်ပြီး အချို့ဂိမ်းတွေကို 60fps ဝန်းကျင်အထိရတာကိုတွေ့ရပါတယ်။ RTX 3050 အတွက် Ray Tracing ဆိုတာအဖြစ်လောက်သာရှိပြီး တကယ်ဖွင့်ကစားမယ်ဆိုရင်30FPS ဝန်းကျင်သာရပါလိမ့်မယ်။



Ray Tracing မသုံးပဲ DLSS ချည်းဖွင့်ကစားရင် 60FPS လောက်မှာကစားနိုင်တာကိုတွေ့ရပါတယ်။ တစ်ချို့ဂိမ်းတွေကစားရင် stuttering ဖြစ်နေတာကိုတွေ့ရပြီး နိုင်ငံတကာက reviewer တွေမှာလည်းကြုံရတယ်လို့ဆိုပါတယ်။ ဒါကိုဖြေရှင်းဖို့ Armoury Crate Software မှာ Power Mode ကို Windows မှာထားရင် ဘာပြဿနာမှမရှိတော့ပဲ အေးဆေးကစားလို့ရသွားပါတယ်။သူ့မှာပါတဲ့ Iris Xe Graphics ဟာ အရင် Gen တုန်းက ဂိမ်းတွေနဲ့ သိပ် compatible မဖြစ်ပေမယ့် အခုပိုအဆင်ပြေလာတာကိုလည်းသတိထားမိပါတယ်။






Overall Performance အတွက်ကတော့ PCMark 10 နဲ့ပါ။ Productivity အတွက် Blender၊ Corona နဲ့ Vray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့ပြထားပေးပါတယ်။ Benchmark အားလုံးကို Windows 11 Version 21H2 နဲ့ GeForce Driver Version 511.79 မှာစမ်းသပ်ထားပါတယ်။

ဘက်ထရီစွမ်းဆောင်ရည်ကို Audio Level and Brightness 50% နဲ့ Power Balanced Mode မှာစမ်းထားသလို Tablet လိုသုံးပြီးတော့လည်းစမ်းထားပါသေးတယ်။ screen brightness မြင့်မားတာမို့ Brightness 25% မှာပါထပ်စမ်းထားပါတယ်။

Temperatures and Noise

ROG Flow Z13 ရဲ့ CPU ဟာ 14 Cores 20 Threads ရှိတဲ့ Core i7-12700Hပါ။ ဒီ 12th Gen CPU ဟာ ပုံမှန်အားဖြင့်စွမ်းဆောင်ရည်ကောင်းသလောက် အတော်လေးပူပါတယ်။ ဒါပေမယ့် ROG ဟာ Flow Z13 မှာ CPU နဲ့ GPU တွေကို TDP တွေလျော့ချထားသလို သာမန် cooling ‌တွေထက်ပိုကောင်းတဲ့ Vapor Chamber Cooler အပြင် ပုံမှန် thermal paste တွေထက် စွမ်းဆောင်ရည်အများကြီးကောင်းတဲ့ liquid metal ကြောင့် Gaming Laptop ‌တွေထက်သိသိသာသာကိုအပူလျော့နည်းနေတာတွေ့ရပါတယ်။


ဂိမ်းကစားတဲ့အခါ Turbo မှာထားကစားရင် အများဆုံး CPUက 65°C နဲ့ GPU က 68°C လောက်တက်လာပြီး Manual မှာကစားမယ်ဆိုရင် CPU က 67°C နဲ့ GPU က 70°C လောက်သာရှိပါတယ်။ အသေးစိတ်ကိုပုံမှာပြထားပါတယ်။


ပုံဆွဲတာ web browsing လို အလုပ်တွေမှာ fan အသံကိုမကြားရသလို ပူလည်းမပူပါဘူး။ အကယ်၍ ဂိမ်းတွေဆော့မယ် rendering လုပ်မယ်ဆိုရင်တောင် အသံကGaming Laptop တွေထက် သိသိသာသာကိုနည်းပြီး သင့်ကိုအနှောင့်အယှက်လုံးဝကိုမဖြစ်စေတာပါ။ အသေးစိတ်ကိုပုံမှာကြည့်နိုင်ပါတယ်။ အပူချိန်နဲ့ဆူညံမှုပိုင်းမှာ Flow Z13 ဟာ အရမ်းသဘောကျစရာကောင်းတယ်လို့မြင်ပါတယ်။

Power Draw

Power ပိုင်းအနေနဲ့ Benchmark တွေအရ Single Core မှာ 30W နဲ့ Multi Core မှာ 50Wလောက်အထိသုံးတာ‌ တွေ့ရပါတယ်။ Turbo Boost မှာ CPU ဟာ 95W အထိရတယ်ဆိုပေမယ့် စက္ကန့်အနည်းငယ်လောက်ပါပဲ။ Unlock CPU မဟုတ်တာမို့ Overclocking မလုပ်နိုင်ပေမယ့် တစ်ချို့ဂိမ်းတွေအတွက် compatible မဖြစ်ရင် E-cores တွေကိုပိတ်ထားနိုင်ပါတယ်။ E-cores တွေကိုပိတ်တဲ့နေရာမှာ BIOS ကနေ အပြီးပိတ်ထားမှာလား ဒါမှမဟုတ် Armoury Crate ကနေ E-cores တွေကို parked လုပ်ထားမလား အဆင်ပြေသလိုရွေးချယ်နိုင်ပါတယ်။

Flow Z13 ဟာ Tablet အနေနဲ့သုံးဖို့ထုတ်ထားတာမို့ ပါဝါစားတဲ့ Hardware တွေပါလင့်ကစား စွမ်းအင်သုံးစွဲမှုနဲ့ အပူလျော့နည်းအောင် သေချာချိန်ညှိပေးထားတာတွေ့ရပါတယ်။ ဒီအတွက် ပါဝါစားသုံးမှုမှာ CPU နဲ့ GPU ၂ခုပေါင်း ဟာ အများအားဖြင့် 55W ထက်ပိုမစားအောင် ဒီဇိုင်းထုတ်ထားပါတယ်။ CPU အသားပေးတဲ့ အလုပ်တွေမှာ CPU ဟာ 40W ကနေ အများဆုံး 50W လောက်အထိပဲသုံးတာတွေ့ရပြီး GPU က 5~15Wဝန်းကျင်သာရှိပါတယ်။ ဂိမ်းကစားမယ်ဆိုရင် GPU ဟာ 35~40W အတွင်းမှာသာ ရှိနေပြီး CPU ဟာ 15~20W လောက်သာသုံးစွဲပါတယ်။

The Good

  • Very Stylish
  • Thinner and Lighter than Gaming Laptops
  • Good Battery Life
  • Good Display Color Gamut/120Hz
  • 1x Thunderbolt 4 port and XG Mobile Connector
  • Stylus and Keyboard Cover Included
  • Dolby Vision/Dolby Atmos
  • Good Cooling System and Very Quiet

The Bad

  • Limited Storage and Memory
  • No place to put stylus in laptop mode
  • Small Trackpad

Conclusion

Asus ROG Flow Z13 ဟာ အင်မတန်ထူးခြားပြီး ပထမ‌ဆုံး Gaming Tablet PC ဖြစ်ပြီး ဈေးကွက်မှာ သူ့လိုဆင်တူ product မရှိသေးပါဘူး။ သူ့မှာ အခြား Tablet တစ်လုံးလောက်ဘက်ထရီခံမှာမဟုတ်သလို ဈေးတန်းတူ Gaming Laptop လောက်လည်း graphics စွမ်းဆောင်ရည်ကောင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့် Laptop တစ်လုံးထက် သိသိသာသာပိုပါးသလို ပိုပေါ့ပြီး အခြား Tablet တွေထက်နည်းနည်းပိုလေးပါမယ်။ စွမ်းဆောင်ရည်ကောင်းလှတဲ့ 12th Gen CPU ဟာ အခြား Tablet တွေမှာမရနိုင်သလို ပုံမှန် Gaming Laptop တွေထက်လည်း အပူပိုလျော့နည်းအောင်ဖန်တီးထားပါတယ်။ Windows 11 Tablet ဖြစ်တဲ့အတွက် သုံးနိုင်တဲ့ App တွေဂိမ်းတွေဟာ အခြား platform တွေထက်သိသိသာသာပိုများပြားပါတယ်။ RTX 3050က စွမ်းဆောင်ရည်သိပ်မကောင်းပေမယ့် Medium Setting လောက်မှာ ဂိမ်းတွေကိုထိုက်သင့်သလောက်ကစားနိင်ပါသေးတယ်။



ROG Flow Z13 ဟာ ဈေးနှုန်း $1800 ရှိတာမို့ ဈေးကြီးတယ်ပြောနိုင်ပေမယ့် အခြား Tablet တွေမှာ ဈေးကြီးပေးဝယ်ရတဲ့ Keyboard Cover၊
Stylus နဲ့ ROG Chakram Core gaming mouse လည်းတပါတည်းပါပြီး နောက်ထပ်ဝယ်စရာမလိုတော့ပါဘူး။ ROG Flow Z13 ဟာ လူတိုင်းအတွက်မဟုတ်ဆိုနိုင်ပေမယ့် Gaming Laptop ရော Tablet ရောအသုံးပြုချင်သူတွေအတွက်ဆိုရင် ပေါ့ပေါ့ပါးပါး device တစ်မျိုးထဲနဲ့ကိစ္စပြတ်တဲ့အရာလို့‌ ပြောနိုင်ပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ Asus ROG Myanmar ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

#EnThueTech
#Review
#Gaming #Tablet
#Asus #ROG #FlowZ13

Post a Comment

0 Comments