Subscribe Us

header ads

Review: MSI Pulse GL66 with Nvidia RTX 3060 (12th Gen)




PC ဂိမ်း‌‌တွေဆော့ဖို့အတွက် ပုံမှန်အားဖြင့်စွမ်းဆောင်ရည်အပြည့်ရတဲ့ Desktop ကိုသာညွှန်းလေ့ရှိပါတယ်။ အရင်က Gaming Laptop တွေဟာ Desktop လိုစွမ်း ဆောင်ရည်ရဖို့ခဲယဉ်းတာကြောင့်လဲပါပါတယ်။ ဒါပေမယ့် ဂိမ်းမာတိုင်းဟာ Desktop မကြိုက်ကြပဲ Laptop ကိုမှ သွားလေရာသယ်သွားလိုသူတွေရှိနေပြန်ပါတယ်။ နောက်ဆုံးထွက် Intel ရဲ့ 12th Gen Mobile Core i7 CPU တပ်ဆင်ထားတဲ့ MSI Pulse GL66 ဟာ Desktop လိုစွမ်းပကားကောင်းမွန်လှပါတယ်။

Introduction

အခုကျနော် review လုပ်ပေးသွားမှာက MSI ရဲ့ GL Series Gaming Laptop တွေထဲက Screen အရွယ်အစား 15.6လက်မကိုသုံးထားတဲ့ Pulse GL66 ပဲဖြစ်ပါတယ် Model ကဝောာ့ Pulse GL66 12UEK ပဲဖြစ်ပါတယ်။ Model အရပြောရမယ်ဆိုရင် GL Series တွေဟာ GP နဲ့ GF အကြားမှာလို့ပြောနိုင်ပါတယ်။ GLတွေမှာ Pulse ဆိုတဲ့စာလုံးကို ယခင် 11th Gen တွေမှစသုံးလာတာ‌ တွေ့ရပါတယ်။ Pulse GL66 ဟာ ဒီဇိုင်းပိုင်းအရ ယခင်11th Gen နဲ့ဘာမှကွာခြားမှုမရှိပေမယ့် CPU ဟာ အသစ်ထွက်လာတဲ့ 12th Gen Intel Alder Lake H-series မို့ စွမ်းဆောင်ရည်ပိုင်းမှာသိသိသာသာကွာခြားနေမှာဖြစ်သလို Display ပိုင်းကိုလည်း upgrade လုပ်လာတာကိုတွေ့ရပါလိမ့်မယ်။

Specifications

သူ့မှာသုံးထားတဲ့ Intel Core i7-12700H ဟာ 12th Gen Alder Lake H-series CPUဖြစ်ပြီး Hybrid Design ကိုသုံးပါတယ်။ Alder Lake ရဲ့Hybrid Design ဟာ ARM ရဲ့ big.LITTLE architecture လိုခပ်ဆင်ဆင်တူပါတယ်။ ARM မှာ High Performance အတွက် big Cores တွေရှိပြီး low performance အတွက် LITTLE cores တွေကိုသုံးပါတယ်။ ဒီလိုဆင်တူတဲ့ Intel ရဲ့ Hybrid Designမှာ စွမ်းဆောင်ရည်ကောင်းတဲ့ core တွေကို performance cores (P-cores) တွေလို့ခေါပြီး ပါဝါစားသက်သာတဲ့ core တွေကို efficiency cores (E-cores) လို့ခေါ်ဆိုပါတယ်။ Intel Core i7-12700H မှာ P-cores ကို 6 Cores 12 Threads ထည့်ထားပြီး E-cores ကိုတော့ 8 Cores 8 Threads အနေနဲ့ ထည့်သွင်းထားတဲ့အတွက် စုစုပေါင်း 14 Cores 20 Threads ရှိပါတယ်။ Intel Core i7-12700H ရဲ့ P-cores တွေဟာ Base Clock 2.3 GHz နဲ့ Boost Clock 4.7GHz အထိရနိုင်ပြီး E-cores တွေအနေနဲ့ Base Clock 1.7 GHz နဲ့ Boost Clock 3.5GHz အထိရနိုင်ပါတယ်။ Laptop တစ်ခုအနေနဲ့ အတော်များပြားလှတဲ့ Cores/Threads ရှိတယ်လို့ဆိုနိုင်ပါတယ်။

Graphics ပိုင်းအတွက် Pulse GL66 12UEK မှာတပ်ဆင်ထားတာက Nvidia RTX 3060 6GB GDDR6 GPU ပါ။ RTX 3060 ဟာ Samsung ရဲ့ 8nm Ampere Architecture နဲ့ ထုတ်ထားတဲ့ GPU ပါ။ Desktop RTX 3060 မှာ 12GB GDDR6 ပါပေမယ့် Laptop တွေမှာတော့ 6GB GDDR6 သာပါဝင်ပါတယ်။

Memory ပိုင်းအနေနဲ့ ဒီဘက်ခေတ်မှာ ပုံမှန်ဂိမ်းကစားဖို့က ဂိမ်းတွေက 8GB နဲ့အထက်လိုအပ်‌ပြီး 16GB ဆိုတာစံနှုန်းတစ်ခုလို‌ဖြစ်နေပါပြီ။ Pulse GL66 12UEK မှာ 3200MHz ရှိတဲ့ 8GB DDR4 Memory ၂ချောင်းတပါတည်းပါဝင်ပါတယ်။



Pulse GL66 12UEK ရဲ့ Specifications တွေကတော့
CPU: Alder Lake Core i7-12700H (14Cores/20Threads, 6 P-Cores and 8 E-Cores)
Memory: 8GB*2 (3200MHz)
Graphics: Nvidia RTX 3060 6GB GDDR6
Storage: 1TB NVMe PCIe Gen4 x4 SSD
Display: 15.6in 240Hz Full HD IPS Level Screen
Dimensions (WxDxH): 359 x 259 x 23.8 mm
Weight: 2.25 kg
I/O Ports: 1x USB Type-C 3.2 Gen 1 ,
2x USB Type-A 3.2 Gen 1
1x USB Type-A 2.0
1x HDMI Port (4K 60Hz)
1x RJ45
Connectivity: Wi-Fi 6, Bluetooth 5.2
Webcam: 720P
Speakers: 2x 2W
Audio Jack: 1x 3.5mm Audio Combo Jack (HiFi)
Operating System: Windows 11 Home Advanced
Battery: 53.5WH (3 Cell Li-Ion)
Power Adaptor: 240W
Price: $1750-$50=$1700


Design and Build Quality

Design အနေနဲ့ပြောရရင် သူ့ရဲ့ အခြေခံထားတဲ့ ကိုယ်ထည်ပုံစံက GF နဲ့အတော်များများတူတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် GF ထက် အနည်းငယ်ပိုမြင့်မားတဲ့ model ဖြစ်တဲ့အတွက် ပုံစံဆင်ပေမယ့် ရုပ်ထွက်နဲ့ ကိုယ်ထည်မှာ သုံးထားတဲ့ပစ္စည်းတွေမှာ ပိုပြီးpremium ဆန်တယ်‌လို့ပြောနိုင်ပါတယ်။ GF တွေမှာ ကိုယ်ထည်တစ်ခုလုံးက ပလပ်စတစ်တစ်မျိုးထဲဖြစ်ပေမယ့် GL Series တွေမှာ lid ကို ခဲရောင်ရင့်တဲ့အလူမီနီယံသုံးလာပါတယ်။




Lid မှာ Gaming Laptop မှန်းသိသာစေတဲ့ မျဉ်းလေးတွေပါရှိသလို သိသာထင်ရှားတဲ့ Dragon Logo ကိုလည်းတွေ့ရပါတယ်။ screen ရဲ့ဘောင်လေးတွေက နောက်ပိုင်း laptop တွေထုံးစံအတိုင်းပါးပါးလေးတွေဖြစ်သွားပါတယ်။ lid တွေ keyboard တွေကိုဖိကြည့်တဲ့အခါ ညွှတ်သွားတာကိုမတွေ့ရပဲ အတော်လေးတောင့်တင်းတာကိုတွေ့ရတာအားရစရာပါ။

သူ့screen ဘောင်လေးတွေက နောက်ပိုင်းအတွေ့များလာတဲ့ ခပ်ပါးပါးစတိုင်လေးမို့ အတော်လေးမိုက်တယ်ခံစားရပါတယ်။ lid က လက်တစ်ဖက်တည်းနဲ့ အသာလေးဖွင့်လို့ရသလို တောင့်တောင့်တင်းတင်းလည်းရှိပါတယ်။ 720P Webcam ကိုရအောင်ထည့်ထားပြီး Windows Hello အတွက် Webcam နဲ့တွဲဖက်အလုပ်လုပ်မဲ့ IR Camera တော့မပါပါဘူး။



Cooling အတွက် Air Intake အပေါက်လေးတွေက laptop ကိုယ်ထည်အောက်မှာသာရှိပါတယ်။ Exhaust တွေကိုအနောက်ဘက်နဲ့ ဘယ်ဘက်ဘေးကိုပို့ထားတဲ့အတွက် mouse နဲ့တွဲသုံးတဲ့အခါ လေပူတွေကြောင့် အနှောင့်အယှက်မဖြစ်စေနိုင်ပါဘူး။


ကိုယ်ထည်က အလျား 359mm၊ အနံ 259mm နဲ့ အမြင့် 23.8mmရှိပါတယ်။ Screen ဘေးဘောင်တွေပါးတဲ့အတွက် 15.6လက်မ Gaming Laptop ဟာပိုငယ်နေသလိုခံစားရပါတယ်။ နောက်ထပ်ကောင်းမွန်တဲ့အချက်က Pulse GL66ရဲ့ အလေးချိန်ကလည်း 2.25kg ဆိုတော့ Gaming Laptop တစ်ခုအတွက်ပုံမှန်ပဲလို့ဆိုနိုင်ပါတယ်။

Display

Display အနေနဲ့ပြောရရင် Pulse GL66 မှာ Sharp ရဲ့ (LQ156M1JW03)Panel ကိုသုံးထားပါတယ်။ Pulse GL66 ရဲ့ 15.6လက်မ Full HD Display ဟာ 240Hz လည်းဖြစ်တာမို့ eSport ဂိမ်းတွေကိုကစားတဲ့အခါ အရမ်းသွက်လက်ပြီး 144Hz တွေထက် ပိုမိုသာလွန်တယ်ဆိုတာသိသိသာသာခံစားရပါတယ်။



ပြောစရာရှိတာက Screen က 240Hz ကြောင့် smooth ဖြစ်တယ်ဆိုပေမဲ့ Pixel တစ်ခုနဲ့တစ်ခုကြား ပုံရိပ်တွေကို အလျှင်အမြန်ပြောင်းမပြနိုင်တဲ့အတွက် ghosting လေးတွေဝင်နေတာတွေ့ရပါတယ်။ ဆိုလိုတာက smooth ဖြစ်နေသည့်တိုင် အရမ်းမြန်တဲ့ပုံရိပ်တွေပြသတဲ့အခါ အနည်းငယ်ဝါးနေတာကိုတွေ့ရပါတယ်။


Screen ဟာ Viewing Angle လည်းအတော်လေးကောင်းနေတာတွေ့ရတာကလည်းကျေနပ်စရာပါ။ Color ပိုင်းမှာလည်း
sRGB 99.89%
AdobeRGB 85.78%
DCI-P3 79.72% ရှိတဲ့အတွက် Color Gamut က Photo and Video Editing တွေမှာလည်းကောင်းကောင်းအသုံးချနိုင်လို့ နေ့လည်ခင်းအလုပ်လုပ်ပြီး ညဘက်ဂိမ်းဆော့ချင်တဲ့သူများအတွက် သင့်တော်တယ်ဆိုနိုင်ပါတယ်။ ကာလာပိုင်းကောင်းတာမို့ YouTube နဲ့ Netflix ကရုပ်ရှင်တွေ Video တွေကို Screen မှာကောင်းကောင်းအရသာခံနိုင်ပါတယ်။ screen ရဲ့ brightness က 270nits ဆိုတော့ အရမ်းလင်းလွန်းတဲ့နေရောတွေလောက်ကလွဲရင် အဆင်ပြေပြေသုံးနိုင်ပါတယ်။



သဘောကျစရာတစ်ခုက screen ဟာ 180°အထိလှန်လို့ရတဲ့အတွက် အလုပ်မှာ presentation တွေပြဖို့လိုလာရင်လည်းအဆင်ပြေပါတယ်။

Keyboard and Trackpad

ပုံမှန်အားဖြင့် MSI ရဲ့ Gaming Laptop တွေမှာ Steelseries ရဲ့ Keyboard တွေကိုအသုံးပြုထား လေ့ရှိပေမဲ့ Pulse GL66 မှာတော့ Steelseries ကိုမသုံးထားပါဘူး။ Keyboard ဟာ ပုံမှန်Laptop တွေလို Screen နဲ့ နီးကပ်မနေပဲ ကိုယ်ထည်ရဲ့ အလယ်ဘက်မှာသာထားရှိတာကိုတွေ့ရပါတယ်။ ကောင်းတဲ့အချက်က Keyboard ဟာကိုယ်ထည် အလယ်လောက်ရောက်သွားတဲ့အတွက် Heat Pipe တွေရဲ့ အပူကနေကင်းဝေးသွားပြီမို့ Keyboard ပေါ်လက်တင်ပြီးဂိမ်းအကြာကြီးဆော့တာတောင် လက်ဖဝါးမှာချွေးစေးပြန်တာတွေမရှိတော့ပါဘူး။ ဒီအချက်ဟာဂိမ်းဆော့တဲ့အချိန်မှာအတော်လေးအဆင်ပြေစေမဲ့အရာပါ။



Keyboard ဟာ RGB Lights ပါတယ်ဆိုပေမယ့် Per Key မဟုတ်သလို Zone ကလဲတစ်ခုတည်းသာဖြစ်ပါတယ်။ ဒီအတွက် keyboard ကိုစိတ်ကြိုက်အရောင်တစ်မျိုးသာထားနိုင်မှာပါ။ RGB အရောင်တွေကိုတော့ MSI Center ထဲက Mystic Light မှာပြောင်းလို့ရပါတယ်။ Pulse GL66မှာ စာရိုက်ရတဲ့ဖီလင်ကတော့ အတော်ကြီးကိုကောင်းမွန်သလို Key တစ်ခုနဲ့တစ်ခုအကြားအကွာအဝေးကလဲကောင်းမွန်ပြီး စာလုံးတွေမှားရိုက်မိတာမျိုးလဲမရှိပါဘူး။ Key တစ်ခုခြင်းရဲ့တုံ့ပြန်မှုတွေကလဲကောင်းမွန်ပြီး နှိပ်ကြည့်ရာမှာဆူညံနေတာမျိုးမရှိပါဘူး။ ညာဘက်ခြမ်းမှာလည်း Numpad အပြည့်အစုံပါဝင်တဲ့အတွက် စာရင်းဇယားတွေကိုင်တွယ်ရမဲ့သူတွေအတွက်လည်းကျေနပ်စရာဖြစ်ပါတယ်။


Pulse GL66 ရဲ့ Trackpad ဟာ အရွယ်အစားအားဖြင့် အနည်းငယ်သေးတယ်လို့ဆိုနိုင်ပြီး သီးခြား key တွေမပါပါဘူး။ Trackpad ပေါ်မှာတော့ Gaming ပုံစံဖြစ်အောင် texture အနည်းငယ်ထည့်ထားပေးထားပါတယ်။ Windows Precision Driver နဲ့ Trackpad ကိုအစဉ်ပြေပြေသုံးနိုင်‌ပေမယ့် right click သုံးဖို့ရာ အနည်းငယ်အားစိုက်ဖိဖို့လိုပါတယ်။

Ports

Port တွေအနေနဲ့ ဘယ်ဘက်မှာ Charging Port၊ USB 3.2 Gen 1 တစ်ခုနဲ့ နဲ့ USB 2.0 ၁ခုပါပါတယ်။


ညာဘက်မှာတော့ LAN အတွက် RJ-45 jack တစ်ခု၊ HDMI 2.1 Port တစ်ခု၊ USB 3.2 Gen 1(Type-C) တစ်ခု၊ USB 3.2 Gen 1 နဲ့ 3.5mm Audio Combo Jack တစ်ခုပါပါတယ်။


12th Gen တွေမှာ USB4 နဲ့ Thunderbolt 4 တွေကိုအထောက်အပံ့ပေးပေမယ့် ဒီမှာထည့်ပေးထားတာမတွေ့ရပါဘူး။


Webcam

Video Call တွေအတွက် Webcam ရဲ့ ရုပ်ထွက်က အရမ်းမိုက်တဲ့အထဲမပါပေမယ့် ကောင်းတယ်လို့ပြောနိုင်သလို အလင်းသိပ်မရှိတဲ့နေရာမှာလည်း ကောင်းကောင်းမြင်ရပါတယ်။ IR Camera ရော Finger Print Reader ရောမပါတဲ့အတွက် PIN code ရိုက်ပြီးသာ log-in ဝင်ရမှာပါ။

Audio

Audio ပိုင်းကိုပြောရမယ်ဆိုရင် MSI Pulse GL66 မှာ 2w Speaker ၂လုံးကို Laptop ရဲ့ အောက်ဘက်ဘယ်ညာထောင့်‌တစ်ခုစီမှာနေရာချထားပါတယ်။ သူ့စျေးတန်းနဲ့သူဆိုရင် Speaker တွေရဲ့အသံထွက်က လန်ထွက်မနေသည့်တိုင် သာမန်ထက်တော့ အနည်းငယ်ပိုကောင်းပါတယ် ဒါပေမယ့် နည်းနည်းလေးတိုးတယ် soundstage မကျယ်ဘူး base ကပါးတယ်လို့ဆိုနိုင်ပါတယ်။

Pulse GL66 မှာ Headphone နဲ့ Mic အတွက် 3.5mm Audio Combo Jack တစ်ခုပါဝင်ပြီး Gaming Headset အများစုနဲ့အဆင်ပြေပြေသုံးနိုင်မှာပါ။ Headphone အတွက် 24 bit 192KHz အထိရတဲ့ HiRes Audio ကိုထုတ်ပေးနိုင်တယ်လို့ဆိုထားပါတယ်။ သူ့ရဲ့ထုတ်ပေးတဲ့အသံက အတော်လေးကောင်းပါတယ် သီချင်းတွေဘာတွေနားထောင်ကြည့်ရတာလည်းမိုက်ပါတယ်။

ဂိမ်းဆော့ကြည့်ရာမှာတော့ Nahimic Audioမှာပါတဲ့ surround ထက် Windows Sonics for headphones ကို တွဲဖက်အသုံးပြုပြီး ကစားတာက surround ပိုကောင်းတယ်လို့ခံစားရပါတယ်။ ဂိမ်းတွေကစားကြည့်တဲ့အခါ အနီးအဝေးအထက်အောက်ဘယ်ညာအသံတွေကို ကောင်းစွာထုတ်ပေးနိုင်ပြီး ကျေနပ်လောက်စရာ အသံကိုကြားရပါတယ်။

သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်သလို အကယ်၍ Cooler Boost ဖွင့်ထားချိန်မှာတောင် fan အသံက mic မှာ သိပ်မကျယ်ပါဘူး။ မိမိပတ်ဝန်းကျင်ကဆူညံနေတယ်ဆိုရင် Nahimic Audio က noise suppression ကိုဖွင့်သုံးနိုင်ပါတယ်။

Storage

Pulse GL66 မှာ 1TB ရှိတဲ့ Micron 2450 MTFDKBA1T0TFK PCIE 4.0 NVME SSD ကိုထည့်‌ထားပါတယ်။ SSDဟာ PCIE 4.0 ဆိုပေမယ့် သူရဲ့ Read/Write နှုန်းတွေဟာ PCIE 3.0 NVME SSD တွေထက် အနည်းငယ်သာပိုပါတယ်။ စွမ်းဆောင်ရည်အတိအကျကို Benchmark ပုံမှာကြည့်ပါ။


SSD ရဲ့ Capacity ဟာ 1TB ရှိတဲ့အတွက် သုံးရတာအတော်လေးအဆင်ပြေပါတယ်။ လိုအပ်ရင်လည်းထပ်တိုးဖို့ Slot အပိုတစ်ခုရှိပါတယ်။

Battery

Pulse GL66 မှာ 53.5WH ရှိတဲ့ 3Cell Li-Po battery ကိုထည့်သွင်းပေးထားပြီး Battery Capacity မများတာရယ် Gaming အတွက်သာရည်ရွယ်တဲ့ Laptop ဖြစ်တာမို့ ဘက်ထရီကသာမန်လို့ပဲပြောနိုင်ပါတယ်။ Video ကြည့်မယ်ဆိုရင် Balance Modeနဲ့ဆို ၄နာရီ‌ ကျော်လောက်သာခံပြီး အားပြန်သွင်းရင်တော့ ၂နာရီ‌ ကျော်လောက်သာကြာတာကိုတွေ့ရပါတယ်။ ဂိမ်းဆော့ကြည့်တာတစ်နာရီတောင်မပြည့်ချင်ပါဘူး။

MSI Center

Gaming Laptop တွေမှာ Utility Software တစ်ခုပါလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ MSI Center ပါ သူက ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ်၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့ Power တွေချိန်လို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကြည့်လို့ရမယ်။



ဂိမ်းတစ်ခုခြင်းကို Optimistize လုပ်ပေးမဲ့ Gaming Mode လည်းပါဝင်ပါတယ်။ နောက်ပြီး Esport ဂိမ်းတွေမှာ ကိုယ့်ရဲ့ Gameplay ကို record လုပ်ပြီး social media ပေါ်တင်နိုင်မဲ့ Game Highlights လည်းပါပါတယ်။


MSI Center ဟာ အရင်လို features တွေအများကြီးမထည့်ပေးထားပဲ ကိုယ်အမှန်တကယ်သုံးမယ့် features တွေကိုတစ်ခုခြင်းသွင်းရတာဖြစ်တဲ့အတွက်သဘောကျမိပါတယ်။

MSI App Player

MSI App Player ဆိုတာ Bluestacks တို့လိုမျိုး Android App တွေဂိမ်းတွေ Laptop မှာသုံးနိုင်အောင်လုပ်ပေးထားတဲ့ Emulator တစ်ခုပါပဲ။ Android မှာခေတ်စားနေတဲ့ ဂိမ်းတွေကို Pulse GL66 မှာကစားနိုင်ပါတယ်။


Testing Methodology and Benchmarks

CPU Benchmark အတွက် Cinebench R15၊ Cinebench R20 နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ 8 Cores 16 Thread ရှိတဲ့ Core i7-12700Hဟာ Laptop အနေနဲ့ဆို Performance အရမ်းကောင်းပြီး overkill ဖြစ်နေတယ်လို့ ပြောရလောက်အောင် လိုတာထက်ပိုတဲ့စွမ်းဆောင်ရည်တွေရှိပါတယ်။ Core i7-12700Hရဲ့ Clock Speed တွေက အချို့သော Benchmark တွေမှာဆို Single Core မှာ P-Cores ဟာ 4.4GHz အထိရပြီး ဂိမ်းဆော့နေချိန်မှာဆို 4.2GHzအထိရပါတယ်။ Rendering လုပ်ချိန်မှာ Multi Core မှာ‌‌တော့ P-Cores တွေဟာ 3.4GHz နဲ့ E-cores တွေဟာ 2.6GHz အထိသာအများဆုံးတွန်း‌ပေးတာတွေ့ရပါတယ်။



Gaming Performance အတွက် ဂိမ်းဆယ်မျိုးနဲ့စမ်းသပ်ထားပါတယ် အများစုက AAA Titles တွေပါ။ RT Cores တွေပါတဲ့ RTX 3060 GPU အတွက် အချို့ဂိမ်းတွေကို Ray Tracing ကို Ultra ဖွင့်စမ်းထားပါတယ်။ Mobile RTX 3060 ဟာ Desktop RTX 3060 လောက်မမြန်ဘူးဆိုသိပ်မကွာခြားလှတဲ့စွမ်းဆောင်ရည်ရှိတာကိုတွေ့ရပါတယ်။ စမ်းသပ်ကြည့်တဲ့အခါ ဂိမ်းအများစုကို Ultra Setting မှာ 70FPS အထက်ကစားနိုင်ပြီး အချို့ဂိမ်းတွေကို 100fps ဝန်းကျင်အထိရတာကိုတွေ့ရပါတယ်။


Ray Tracing ဖွင့်ကစားမယ်ဆိုရင်တောင် မူလက 100FPS ဝန်းကျင်ရနေတဲ့ဂိမ်းအများစုကို DLSS မသုံးပဲ 60FPS လောက်မှာကစားနိုင်တာကိုတွေ့ရပါတယ်။ သူ့မှာပါတဲ့ Iris Xe Graphics ဟာ အရင် Gen တုန်းက ဂိမ်းတွေနဲ့ သိပ် compatible မဖြစ်ပေမယ့် အခုပိုအဆင်ပြေလာတာကိုလည်းသတိထားမိပါတယ်။












Overall Performance အတွက်ကတော့ PCMark 10 နဲ့ပါ။ Productivity အတွက် Blender၊ Corona နဲ့ Vray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။


Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့ပြထားပေးပါတယ်။ Benchmark အားလုံးကို Windows 11 Version 21H2 နဲ့ GeForce Driver Version 511.65 မှာစမ်းသပ်ထားပါတယ်။


ဘက်ထရီစွမ်းဆောင်ရည်ကို Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၄နာရီကျော်လောက်ကြည့်လို့ရပါတယ်။ ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင် ပိုခံမယ်လို့ထင်ပါတယ်။ ဂိမ်းဆော့မယ်ဆို၁နာရီဝန်းကျင်သာရပါတယ်။

Temperatures and Noise

Pulse GL66 မှာသုံးထားတာက 14 Cores 20 Threads ရှိတဲ့ Core i7-12700Hပါ။ စစခြင်းကျနော်စိတ်ပူတဲ့အချက်က သူ့ရဲ့Cooling က Core i7-12700Hကိုမထိန်းနိုင်မှာဆိုးရိမ်ခဲ့ပေမဲ့ ထင်ထားတာထက်အများကြီးအဆင်ပြေနေပါတယ်။ ဂိမ်းကစားတဲ့အခါ CPU က Clock Speed က 4.0GHz မှာအမြဲလိုလို ထိန်းထားနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။

Pulse GL66 ရဲ့ Cooling System မှာ Heatpipe ၆ချောင်း နဲ့ GPU Cooling အတွက် Fan ၁ခုနဲ့ CPU Cooling အတွက် fan ၁ခုကိုထည့်ပေးထားပါတယ်။ ဂိမ်းကစားတဲ့အခါ Fan ကို‌ Auto Mode မှာထားကစားရင် အများဆုံး CPUက 86°C နဲ့ GPU က 70°C လောက်တက်လာပြီး Cooler Boost သုံးပြီးကစားမယ်ဆိုရင် CPU က 83°C နဲ့ GPU က 68°C လောက်သာရှိတော့တာပါ။ အသေးစိတ်ကိုပုံမှာပြထားပါတယ်။


ဒီ Laptop မှာတစ်ခုကောင်းတာက Game ဆော့နေတဲ့အချိန် keyboard က မပူလာပဲ လက်ကချွေးစေးတောင်မပြန်ပါဘူး အပူဆုံးနေရာတောင်မှနွေးရုံလေးသာနွေးပါတယ်။ Gaming mouse သုံးပြီး ဂိမ်းဆော့ကြည့်တဲ့အခါမှာလည်း exhaust ကထွက်တဲ့လေပူတွေက လက်ကိုမရောက်လာတဲ့အတွက်အနှောင့်အယှက်ကင်းကင်းနဲ့ဆော့နိုင်ပါတယ်။

ဆူညံမှုဘက်ကိုပြောရရင် Pulse GL66ဟာ ရဲ့ fanဟာ ရိုးရိုးအခြေအနေမှာရော ဂိမ်းဆော့နေတဲ့အချိန်မှာပါ အတော်လေးတိတ်ဆိတ်ပါတယ်။ အပူပိုစွန့်ထုတ်နိုင်အောင် Cooler Boost ကိုဖွင့်သုံးမယ်ဆိုရင် အသံအ တော်လေးဆူလာပါတယ်။ ဒါပေမဲ့ MSI Center မှာ AI Engine ပါတဲ့အတွက် အပူချိန်အပေါ်မူတည်ပြီး fan ကိုအတိုးအလျော့လုပ်ပေးနိုင်တဲ့အတွက်အသံသိပ်မဆူအောင်လုပ်ထားနိုင်ပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။


Power Draw

Power ပိုင်းအနေနဲ့ Benchmark တွေအရ Single Core မှာ 50W လောက်အထိသုံးတာ‌ တွေ့ရပါတယ်။ Multi Core CPU Rendering လုပ်နေချိန်မှာ CPU ဟာ 80W အထိသုံးနေပြီး တစ်ခါတရံမှာ 105W အထိထိုးတက်သွားတာတွေ့ရပါတယ်။ CPU ကိုပါဝါသိပ်မပေးချင်ရင် Intel Extreme Tuning Utility မှာ ပါဝါပိုင်းကိုအတိုး‌အလျော့လုပ်လို့ရပါတယ်။ ဒါပေမယ့် Unlock CPU မဟုတ်တာမို့ Overclocking နဲ့ E-cores တွေကိုပိတ်ထားမျိုးတွေတော့ လုပ်လို့မရနိုင်ပါဘူး။

GPU ကတော့ ပုံမှန်ဂိမ်းကစားရင် CPU က 50W လောက်သုံးပြီး GPUက 80W လောက် သုံးနေပါတယ်။ အကယ်၍ GPU ကိုအရမ်းအသားပေးတဲ့ workload တွေမှာဆို CPU က 20~25W လောက်ပဲစားပါတယ်။ ဒီအချိန်မှာ CPU အတွက်မလိုတဲ့ပါဝါတွေကို Dynamic Boost နည်းပညာနဲ့ GPU ကိုလွှဲပြောင်းပေးလိုက်ပြီး GPU ဟာ 105W လောက်အထိသုံးလာပါတယ်။

The Good

  • Very Powerful Mobile CPU
  • Decent Build Quality
  • Color Accurate Screen with 240Hz
  • 1TB SSD
  • Solid Performance

The Bad

  • Poor Battery Life
  • A Little bit Small and Noisy Trackpad

Conclusion

အချုပ်ဆိုရရင် Pulse GL66 ဟာ ပါဝင်တဲ့ features ‌‌ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်ဟာ အံဝင်ဂွင်ကျလွန်း‌နေတာမို့ ဘာမှသိပ်ပြောစရာမရှိဖြစ်နေပါတယ်။ သူရဲ့ သင့်တင့်တဲ့ ရုပ်ထွက်ပိုင်း စွမ်းအားကောင်းလှတဲ့ Processor ကြောင့် စိတ်ကျေနပ်စရာစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ Graphics ပိုင်းအနေနဲ့ RTX 3060 ဟာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ရှိပြီး ဂိမ်းတွေကိုနိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်စွမ်းရှိပါတယ်။ 240Hz နဲ့ ကာလာမှန်တဲ့ Screen က Gaming အတွက်ရော Creativity ပိုင်းအတွက်ပါသုံးနိုင်ပါတယ်။ 1TB SSDကလည်း ဂိမ်း‌တွေအတွက်အဆင်ပြေပါတယ်။ ပြောစရာတစ်ခုက ဘက်ထရီသိပ်မခံဘူးဆိုပေမယ့် Gaming Laptop တွေက စွမ်းဆောင်ရည်ကိုသာဦးစားပေးတာမို့ သိပ်ပြောစရာအဖြစ်မမြင်မိပါဘူး။ MSI Pulse GL66 12UEK ရဲ့ဈေးနှုန်းကတော့ $1750 လို့သိရပြီး လက်ရှိ promotionအရ Cash Back $50 ပါဝင်တယ်လို့သိရပါတယ်။ Desktop PC တွေဈေးတက်နေချိန်မှာ Desktop လိုစွမ်းဆောင်ရည်ရတဲ့ Laptop ဟာအတော်လေးတန်‌နေတယ်လို့ပြောနိုင်ပါတယ်။



ကျနော့်အနေနဲ့ တစ်ခုတောင်းဆိုလိုတာက ဒီလို Review တွေအတွက် ကျနော့်မှာနာရီပေါင်းများစွာစမ်းသပ်ထားရပါတယ်။ ဒီလို review တွေရေးပြီးချိန်မှာ မိတ်ဆွေတို့ရဲ့ Like တစ်ချက် Share တစ်ခုဟာ နောက်စာတွေဆက်ရေးဖို့ကျနော့်ကိုများစွာအားတက်စေတာမို့ သဘောကျနှစ်သက်တယ်ဆိုလို့ရှိရင် Page လေးကို Like and Share လုပ်ပေးခြင်းဖြင့်ကူညီပါလို့တောင်းဆိုလိုက်ပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ MSI Gaming ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

#EnThueTech
#Review
#Gaming #Laptop
#MSI #GL66 #RTX3060

Post a Comment

0 Comments