ဒီနေ့ခေတ်မှာ ဂိမ်းတွေအများကြီးထွက်လာပေမယ့် Command and Conquer လို RTS ဂိမ်းကောင်းတွေဟာ မထွက်ရှိသလောက်ဖြစ်နေပြီး RTS ဂိမ်းတွေရဲ့ ရွှေခေတ်ဟာ ကုန်ဆုံးနေပြီလို့တောင်ဆိုနိုင်ပါတယ်။ EA နဲ့ Blizzard တို့ကလည်း Command and Conquer၊ StarCraft ဒါမှမဟုတ် Warcraft တို့လိုဂိမ်းကောင်းတွေထပ်မထုတ်ပဲ အရင်ဂိမ်းအချို့ကိုသာ remastered အနေနဲ့ထွက်ရှိတော့တာကြောင့် RTS ဂိမ်းပရိတ်သတ်တွေဟာ ဂိမ်းဟောင်းတွေကိုသာ အဖန်တလဲလဲဆော့ကစားနေရတယ်လို့ဆိုနိုင်ပါတယ်။
ဒါပေမယ့် Command and Conquer လို RTS ဂိမ်းတွေကြိုက်နှစ်သက်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုပေါ်ထွန်းလာပါတယ်။ ဒီဂိမ်းဟာ Command and Conquer ဂိမ်းတွေနဲ့ နီးနီးစပ်စပ်ကိုတူညီမှုရှိကာ Tempest Rising လို့အမည်ပေးထားပါတယ်။ ဒီဂိမ်းကို Ghostrunner ကိုဖန်တီးတဲ့ Slipgate Ironworks နဲ့ 2B Games ကဖန်တီးထားပြီး 3D Realms နဲ့ THQ Nordic တို့ကဖြန့်ချီမှာဖြစ်ပါတယ်။ ဇာတ်အိမ်အနေနဲ့ လက်ရှိကာလ alternate history ကိုအခြေခံထားပါတယ်။ ဒီဂိမ်းမှာအရင် Command and Conquer ဂိမ်းတွေအတိုင်း faction ၃မျိုးအပါအဝင် အခြေစိုက်စခန်းဆောက်တာတွေ၊ ယူနစ်တွေထုတ်တာတွေနဲ့ ရှည်လျားတဲ့ singleplayer campaign တွေပါဝင်ပါတယ်။ ဒါ့အပြင် Tempest Rising မှာ Command and Conquer ဂိမ်းတွေရဲ့ soundtrack တွေဖန်တီးခဲ့သူ Frank Klepacki ကိုလည်း ခေါ်ယူထားတယ်လို့ သိရပါတယ်။
Tempest Rising ဟာ ၂၀၂၄ခုနှစ်လောက်မှာထွက်ရှိလာမယ်လို့ယူဆရပြီး faction ၃မျိုးပါဝင်ပေမယ့် လက်ရှိ Demo မှာ GDF နဲ့ Tempest Dynasty ၂မျိုးကိုသာပြသထားပြီး တတိယ faction အကြောင်းကို ထုတ်ဖော်ပြသတာမရှိသေးပါဘူး။ Tempest Rising ရဲ့ Demo ကို Steam မှာ စမ်းသပ်ဆော့ကစားနိုင်ပြီး faction ၂မျိုးရဲ့ ပထမဆုံး campaign mission ၂ခုကိုကစားခွင့်ပေးထားပါတယ်။
စမ်းသပ်ကစားကြည့်ရာမှာတော့ Tempest Rising ဟာ Command and Conquer ကိုပြန်ကစားရတဲ့ feeling ကိုပြန်ရပါတယ်။ CNC ဂိမ်းပရိတ်သတ်တွေကိုလည်း စမ်းသပ်ကစားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။
Link
Source: Steam, 3D Realms and OC3D
#EnThueTech
#News
#Gaming
0 Comments