Subscribe Us

header ads

Elon Musk နှင့် အခြားပုဂ္ဂိုလ်များမှ AI ဖန်တီးမှုကို ခေတ္တရပ်ဆိုင်းထားသင့် ဟုဆို

Image: Luis Sinco / Los Angeles Times

ChatGPT လို AI မျိုးထက် ပိုစွမ်းအားကောင်းတဲ့ AI ကို အပြိုင်အဆိုင်ဖန်တီးမှုဟာ လူ့အဖွဲ့အစည်းကိုအန္တရာယ်ကျရောက်စေမှာလား။ Elon Musk နဲ့ Steve Wozniak အပါအဝင် စွန့်ဦးတီထွင်နည်းပညာရှင်တွေနဲ့ သိပ္ပံပညာရှင်အဖွဲ့ကတော့ ဒီလိုထင်မြင်ယူဆနေကြပါပြီ။

Elon Musk နဲ့ Steve Wozniak တို့ဟာ အိတ်ဖွင့်ပေးစာတစ်စောင်ကိုရေးသားခဲ့ပြီး AI ဖန်တီးမှုကို ခေတ္တရပ်ဆိုင်းသင့်ကြောင်း လူ့အဖွဲ့အစည်းအတွက်အကျိုးမဲ့စေမယ်လို့ထောက်ပြခဲ့ပါတယ်။

"စွမ်းအားကောင်းတဲ့ AI တွေကို လူ့အဖွဲ့အစည်းအတွက် အပေါင်းလက္ခဏာဆောင်စေပြီး အန္တရာယ်ကိုကိုင်တွယ်နိုင်စွမ်းရှိမှသာ ဆက်လက်ဖန်တီးသင့်တယ်" လို့ စာထဲမှာဆိုထားပါတယ်။ ဒီစာထဲမှာ Pinterest ကိုတွဲဖက်တည်ထောင်သူ Evan Sharp၊ အမေရိကန်သမ္မတလောင်းဟောင်း Andrew Wang Yuval နဲ့ နာမည်ကျော်စာရေးဆရာ Noah Harari တို့လည်း ပါဝင်လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။

စာထဲမှာ GPT-4 ထက် စွမ်းအားပိုကောင်းတဲ့ AI စနစ်တွေကိုလေ့ကျင့်သင်ကြားမှုအနည်းဆုံး ၆လ ချက်ချင်းရပ်ဆိုင်းထားဖို့"ဆိုထားပါတယ်။ OpenAI ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ large language model ဖြစ်တဲ့ GPT-4 ဟာ လူတစ်ယောက်လိုတုံ့ပြန်နိုင်ပြီး ဆောင်းပါးရေးသားခြင်းနှင့် ကွန်ပျူတာကုဒ်ရေးခြင်းလိုအလုပ်တွေကို စက္ကန့်ပိုင်းအတွင်း ပြီးမြောက်အောင်ဆောင်ရွက်နိုင်ပါတယ်။

GPT-4 ဟာ OpenAI ရဲ့ ChatGPT ကို စွမ်းအားပေးနေပြီး ရုံးသမားတစ်ဦးလို သေသေသပ်သပ်နဲ့ဖောင်ပါဖြည့်ပေးနိုင်စွမ်းရှိနေပါတယ်။ သို့ပင်သော်ငြား လက်ရှိအချိန်နဲ့ အနာဂတ် AI ပရိုဂရမ်တွေဟာ လူတွေကိုအလုပ်ပြု‌တ်သွားစေနိုင်ကာ လူ့အဖွဲ့အစည်းကိုတုန်လှုပ်စေနိုင်ပြီး မကောင်းတာလုပ်မယ့်သူတွေအတွက်လည်း အင်တာနက်ပေါ်မှာ သတင်းမှားဖြန့်ဖို့ပိုပြီးလွယ်ကူစေပါတယ်။

အိတ်ဖွင့်ပေးစာထဲမှာ AI ပြိုင်ဆိုင်မှုကိုထပ်မံမဖြစ်ပွားခင် ဖြစ်လာနိုင်တဲ့အကျိုးဆက်ကိုလူ့အဖွဲ့အစည်းအနေနဲ့တွက်ဆထားသင့်ပြီလို့ဖော်ပြထားပါတယ်။ "ငါတို့စက်တွေကို ဝါဒဖြန့်ထားတာတွေ၊ မမှန်သတင်းတွေနဲ့ပြည့်နှက်ခွင့်ပြုထားသင့်သလား။ ငါတို့ယဉ်ကျေးမှုကိုဆုံးရှုံးခံထိုက်သလား။ ဒီလိုဆုံးဖြတ်ချက်တွေကို ရွေးကောက်ခံမဟုတ်တဲ့ နည်းပညာခေါင်းဆောင်တွေအပေါ်လွဲအပ်မထားသင့်ဘူး" လို့ဆိုပါတယ်။

စာထဲမှာ AI lab တွေအနေနဲ့ သူတို့ရဲ့သုတေသနကို ယာယီရပ်ဆိုင်းထားသင့်ရုံသာမကပဲ ဒီရပ်ဆိုင်းမှုကို အများပြည်သူအနေနဲ့ အတည်ပြုနိုင်အောင် ပြုလုပ်သင့်တယ်လို့ဆိုထားပါတယ်။

"အကယ်၍ ဒီရပ်ဆိုင်းမှုကိုမြန်မြန်ဆန်ဆန်မပြုလုပ်နိုင်ဘူးဆိုရင် အစိုးရတွေအနေနဲ့ ပါဝင်ရပ်ဆိုင်းဖို့သင့်ပါတယ်" လို့ ထပ်လောင်း‌ဖော်ပြထားပါတယ်။

ရပ်ဆိုင်းနေစဉ်မှာ AI lab တွေနဲ့ လွတ်လပ်တဲ့ကျွမ်းကျင်သူတွေဟာ AI ကိုဖန်တီးရာမှာ လုံခြုံရေးပရိုတိုကောတွေ ဖန်တီးဖို့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ "ဒီပရိုတိုကောတွေက AI ကို အလွန်လုံခြုံစိတ်ချရတာမျိုးဖြစ်စေသင့်ပါတယ်။ ဒါဟာ AI ရဲ့ တိုးတက်မှုကို လုံးဝရပ်တန့်တာမျိုးလို့မဆိုလိုပဲ ကြီးမားပြီး အမျိုးအမည်မသိရတဲ့ AI မော်ဒယ်တွေကို မဖန်တီးစေလိုတာဖြစ်ကြောင်း" စာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

အိတ်ဖွင့်ပေးစာကို AI လိုနည်းပညာကို လူမှုအနှောင့်အယှက်မဖြစ်စေပဲ ငြိမ်းချမ်းစွာတိုးတက်စေဖို့ရည်ရွယ်ထားတဲ့ Future of Life Institute ကနေ စီစဥ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီစာမှာ မည်သူမဆိုလက်မှတ်ရေးထိုးနိုင်ပြီး အခုအချိန်အထိ လက်မှတ်ပေါင်း ၁၁၂၃ အထိရအောင်ဆွဲဆောင်နိုင်ခဲ့ကာ Microsoft နဲ့ Google က အင်ဂျင်နီယာအများအပြားက လက်မှတ်ရေးထိုးထားပါတယ်။

OpenAI၊ Microsoft နဲ့ Bard AI ကိုဖန်တီးနေတဲ့ Google တို့ဟာ မှတ်ချက်ပေးဖို့တောင်းဆိုရာမှာ ချက်ခြင်းတုန့်ပြန်လာခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဒီကုမ္ပဏီ ၃ခုလုံးဟာ တာဝန်ယူမှုရှိတဲ့ AI ကိုဖန်တီးဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာပဲ အိတ်ဖွင့်ပေးစာဟာ လက်တွေ့ကျတဲ့ အခြေအနေတွေကိုဖော်ပြရမယ့်အစား AI နည်းပညာကြောင့်ဖြစ်ပေါ်လာတဲ့ အန္တရာယ်အချို့ကို ချဲ့ကားပြောဆိုရာရောက်နေတယ်လို့ ဝေဖန်သူအချို့ကဆိုကြပါတယ်။ ပရင်စတန်တက္ကသိုလ်က ကွန်ပြူတာပါမောက္ခတစ်ဦးဖြစ်သူ Arvind Narayanan က " အံ့ဩစရာမဟုတ်ပေမယ့် ခနိုးခနဲ့ဖြစ်တာက အိတ်ဖွင့်ပေးစာဟာ AI ကိုနာမည်ပိုကြီးစေပြီး တကယ်ဖြစ်ပေါ်နေတဲ့ AI အန္တရာယ်ကို ကိုင်တွယ်ပိုရခက်ခဲစေပါတယ်။ AI ကို ဥပဒေကြောင်းအရထိန်းညှိတာဟာ လူ့အဖွဲ့အစည်းထက်စာရင် ကုမ္ပဏီတွေကိုသာ အကျိုးများစေမယ်လို့ မိမိအနေနဲ့ သံသယရှိကြောင်း" Twitter မှာ ရေးသားခဲ့ပါတယ်။

"သေချာပါတယ် အလုပ်သမားတွေအပေါ်သက်ရောက်မှုရှိလာမယ် အဲဒီအတွက် မိမိတို့အနေနဲ့ ပြင်ဆင်ထားသင့်ပါတယ် ဒါပေမယ့် LLM (large language model) တွေအနေနဲ့ ပရောဖက်ရှင်နယ်တွေကိုအစားထိုးသွားမယ်ဆိုတဲ့ အယူအဆကတော့ အဓိပ္ပာယ်မဲ့လွန်းပါတယ်"လို့ သူကထပ်လောင်းပြောကြားခဲ့ပါတယ်။

Source: PCMag

#EnThueTech
#News
#AI


Post a Comment

0 Comments