![]() |
| Image: Getty Images |
AAA အဆင့် ဂိမ်းကြီးတွေကို အခွေမပါဘဲ ဒီဂျစ်တယ်စနစ်နဲ့ပဲ ရောင်းချတာဟာ ဂိမ်းထုတ်လုပ်သူတွေအတွက် ပိုပြီး အကျိုးအမြတ် ဖြစ်ထွန်းစေမယ့် ပုံစံမျိုး ဖြစ်လာနေပါတယ်။ GameFile ရဲ့ အစီရင်ခံစာအသစ်အရ ဂိမ်းတွေကို Disc မဟုတ်ဘဲ ဒီဂျစ်တယ်လိုင်စင်စနစ်နဲ့ပဲ ရောင်းချတဲ့အခါ ရောင်းရတဲ့ ဂိမ်းတစ်ခွေစီအတွက် ဒေါ်လာ ၁၀ ကျော် ပိုပြီး သက်သာသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဂိမ်းထုတ်လုပ်သူတွေအနေနဲ့ လက်လီဆိုင်တွေကနေတစ်ဆင့် ရောင်းချမယ့် ဂိမ်းခွေတွေ ထုတ်လုပ်ဖို့အတွက် Sony နဲ့ Microsoft တို့ဆီကို ဂိမ်းရဲ့ သတ်မှတ်ဈေးနှုန်းရဲ့ ၁၅% ကနေ ၂၀% အထိ ပေးဆောင်နေရတာဖြစ်ကြောင်း GameFile က ဖော်ပြထားပါတယ်။ ခေတ်သစ် AAA ဂိမ်းကြီးတွေအတွက်တော့ ဒါဟာ ဂိမ်းလောကတစ်ခုလုံး ဒီဂျစ်တယ် စနစ်ဘက်ကို ကူးပြောင်းဖို့ တွန်းအားပေးနေချိန်မှာ အရေးပါတဲ့ ကုန်ကျစရိတ် လျှော့ချမှုတစ်ခု ဖြစ်လာပါတယ်။ ဥပမာအားဖြင့် - ထွက်ရှိလာတော့မယ့် Grand Theft Auto VI (GTA 6) လိုမျိုး $79.99 တန်ကြေးရှိတဲ့ ဂိမ်းတစ်ခုမှာဆိုရင် အခွေထုတ်လုပ်ခ ကုန်ကျစရိတ်တင် ဒေါ်လာ ၁၂ ကနေ ၁၆ အထိ ရှိနေတာဖြစ်ပါတယ်။ ဒါဟာ ဂိမ်းထုတ်လုပ်သူတွေအတွက် အလွန်ကြီးမားတဲ့ စရိတ်သက်သာမှု ဖြစ်တာကြောင့် အကယ်၍ Microsoft နဲ့ Sony တို့ကသာ ဂိမ်းခွေ ထုတ်လုပ်တာကို ရပ်တန့်လိုက်မယ်ဆိုရင် ထုတ်လုပ်သူတွေကလည်း ဂိမ်းခွေထုတ်ပေးတာကို ရပ်ဆိုင်းသွားကြဖွယ် ရှိပါတယ်။
လက်ရှိ ဂိမ်းစက်အသုံးပြုသူတွေမှာတော့ အယူအဆ နှစ်ခု ကွဲပြားနေပါတယ်။ အချို့က Physical Disc တွေကို စွန့်လွှတ်ဖို့ ထောက်ခံနေကြသလို၊ အချို့ကလည်း မိမိကြိုက်နှစ်သက်ရာ ဝယ်ယူမှုပုံစံကို ရွေးချယ်ခွင့်ရှိသင့်တယ်လို့ တောင်းဆိုနေကြပါတယ်။ Microsoft ရဲ့ ပေါက်ကြားလာတဲ့ Internal roadmap အရ Disc-to-Digital အစီအစဉ်တွေကို မကြာမီ အကောင်အထည်ဖော်တော့မယ်လို့ သဲလွန်စတွေ တွေ့ရပါတယ်။ Disc to Digital ဆိုတာဟာ Xbox ဂိမ်းစက်တွေမှာ ဒီဂျစ်တယ် သီးသန့်အသုံးပြုတဲ့ အနာဂတ်ဖြစ်လာဖို့ Microsoft က စတင်လိုက်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်အရ ကစားသမားတွေဟာ မိမိတို့ဆီမှာရှိတဲ့ ဂိမ်းခွေကို ဂိမ်းစက်ထဲ ထည့်သွင်းရုံနဲ့ ဒီဂျစ်တယ်လိုင်စင် အဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ အခွေကို ဖတ်ရှုစစ်ဆေးပြီးတာနဲ့ Microsoft က သူတို့ရဲ့ သီးသန့် Key ကို အသုံးပြုပြီး ဒီဂျစ်တယ်လိုင်စင်တစ်ခု ဖန်တီးပေးမှာဖြစ်ပါတယ်။ ဒီအတွက် အဆိုပါ ဂိမ်းခွေကို အခြားသူများထံ ငှားရမ်းတာ သို့မဟုတ် ပြန်လည်ရောင်းချတာတွေကို ပြုလုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။
Sony အနေနဲ့လည်း ၂၀၂၈ ခုနှစ်လောက်မှာ ဂိမ်းအသစ်တွေအတွက် ဂိမ်းခွေ ထုတ်လုပ်မှုကို လုံးဝ အဆုံးသတ်နိုင်ဖို့ တက်ကြွစွာ ဆောင်ရွက်နေတာကြောင့် နည်းပညာလောကတစ်ခုလုံး ဒီဂျစ်တယ်စနစ်ဘက်ကို ကူးပြောင်းနေပြီဆိုတာ ပြသနေပါတယ်။ ဂိမ်းထုတ်လုပ်သူတွေအတွက်ကတော့ အခွေပြုလုပ်ရတဲ့ ကုန်ကျစရိတ်တွေ မရှိတော့တာကြောင့် ဝမ်းသာကြမှာ အသေအချာပါပဲ။ ဝန်ထမ်းအလျှော့အတင်းတွေ ကြုံတွေ့နေရတဲ့ ဂိမ်းစတူဒီယိုတွေနဲ့ ထုတ်လုပ်သူတွေအတွက်တော့ အခုလို ၁၅% မှ ၂၀% အထိ ဝင်ငွေ ရုတ်တရက် တိုးတက်လာတာဟာ သူတို့ရဲ့ပရောဂျက်တွေမှာ Developer တွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ ဂိမ်းကစားသူတွေအနေနဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့် ပျောက်ဆုံးသွားရမှာဖြစ်တာကြောင့် ရာနှုန်းပြည့် ဒီဂျစ်တယ်စနစ်ကို ကူးပြောင်းခြင်းဟာ ကောင်းကျိုးရော ဆိုးကျိုးပါ ဒွန်တွဲနေတဲ့ ဓားသွားနှစ်ဖက်ပါ ကိစ္စတစ်ခု ဖြစ်နေပါတယ်။
Source: Techpowerup

0 Comments