လဆန်းပိုင်းတုန်းက အရေးပါလှတဲ့ဆီမီးကွန်ဒတ်တာတွေအကြောင်းတင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းချစ်ပ်ပြတ်လပ်မှုကိုကုစားနိုင်ဖို့ Intel၊ TSMC၊ Samsung နဲ့ SMIC စတဲ့ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ ဒေါ်လာဘီလီယံပေါင်းများစွာအသုံးပြုပြီး လုပ်ငန်းတွေတိုးချဲ့နေပါတယ်။ ဒီလိုတိုးချဲ့နေပေမယ့် ပြတ်လပ်မှုတွေကိုကုစားနိုင်ဖို့မလွယ်ကူသေးပါဘူး။
Lithography စက်များမလုံလောက်ခြင်း
ချစ်ပ်တွေထုတ်လုပ်ရာမှာ photolithography နည်းပညာသုံးတဲ့စက်တွေနဲ့ ထုတ်လုပ်ရပါတယ်။ Intel တို့လို ကုမ္ပဏီတွေအနေနဲ့ foundry တွေ အသစ်တည်ဆောက်ရာမှာ photolithography စက်တွေလည်းအမြောက်အများလိုအပ်လာပါတယ်။Photolithography နည်းပညာကဘယ်လိုအလုပ်သလဲဆိုတော့ Chip ပေါ်မှာအလင်းကို ကျရောက်စေပြီး လိုအပ်သလိုပုံဖော်တာမျိုးပါ။ Silicon Waferတွေပေါ်မှာ photoresist လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးသုတ်လိမ်းထားပြီး Photolithography နည်းပညာနဲ့သူ့အပေါ်ကျရောက်တဲ့အလင်းအပေါ်မူတည်ပြီး ပုံသဏ္ဍာန်ပြောင်းလဲသွားပါတယ်။ ဒီ process ကိုထပ်ကာထပ်ကာ ကြိမ်ဖန်များစွာလုပ်ပေးတဲ့အခါမှာတော့ ဥပမာ 3D printer နဲ့ ပလက်စတစ်အလွှာတွေတစ်ခုခြင်းထပ်ယူပြီး ပစ္စည်းတွေဖန်တီးသလိုပဲ ကျရောက်တဲ့ပုံရိပ်ကြောင့် ရုပ်လုံးကြွဖြစ်ပေါ်လာစေပြီး Silicon Wafer တစ်ချပ်တည်းမှာ ဒီဇိုင်းဆွဲထားတဲ့ CPU dieတွေရာပေါင်းများစွာ ဖြစ်လာအောင် ဖန်တီးယူလိုက်တာဖြစ်ပါတယ်။ CPU တွေချစ်ပ်ဘယ်လိုထုတ်လုပ်သလဲဆိုတာကို အရင်နှစ်တွေကရေးသားဖူးတဲ့ CPU တွေဘယ်လိုထုတ်လုပ်သလဲဆောင်းပါးမှာ အကျယ်တဝင့်ဖတ်ရှုနိုင်ပါတယ်။
Advanced Semiconductor Materials Lithography (ASML) ဟာ Intel TSMC Samsung စတဲ့ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် အလွန်အရေးပါတဲ့ Lithography စက်တွေ ဖန်တီးထုတ်လုပ်တဲ့ကုမ္ပဏီတွေထဲကတစ်ခုဖြစ်ပါတယ်။
ASML CEO Peter Wennink ရဲ့ Financial Times ကိုပြောကြားချက်အရ သူဟာ Intel CEO Pat Gelsinger လိုပုဂ္ဂိုလ်တွေနဲ့တိုက်ရိုက်အဆက်အသွယ်ရှိသူဖြစ်ကြောင်းဆိုပါတယ်။ "အကယ်၍ ချစ်ပ်ထုတ်လုပ်ရေးစက်ရုံ foundry တွေတည်ဆောက်ပြီးစီးခဲ့ရင်တောင်မှ ကုမ္ပဏီကလိုအပ်တဲ့စက်တွေဖြည့်စီးဖို့အချိန်တစ်ခုလိုအပ်မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့စက် တွေကိုမနှစ်ကထက်ဒီနှစ်မှာပိုတင်ပို့ထားသလို နောက်နှစ်မှာလည်းဒီထက်ပိုပြီးတင်ပို့ရဦးမှာပါ။ ဒါပေမယ့် လုံလောက်အောင်တင်ပို့နိုင်မှာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ထုတ်လုပ်နိုင်စွမ်းကို ၅၀%အထက်တိုးမြှင့်ဖို့အမှန်တကယ်လိုအပ်နေပြီး ဒီအတွက်အချိန်တော်တော်ယူရမှာပါ။" သူ့ရဲ့ကုမ္ပဏီအနေနဲ့ လုပ်ငန်းပေါင်း ၇၀၀လောက်စီက အလုပ်လက်ခံထားပြီး ၂၀၀လောက်က အရေးတကြီးလိုအပ်နေတာဖြစ်ကြောင်း သူကဆိုပါတယ်။
ချစ်ပ်ထုတ်လုပ်သူတွေက သူတို့ရဲ့ ထုတ်လုပ်မှုကို အလျင်စလိုတိုးမြှင့်လိုနေပေမယ့် ASML အဖို့တကယ်မလွယ်ကူလှပါဘူး။ "ဥပမာအနေနဲ့ ပြောရရင် ASML အတွက် အရှုပ်ထွေးဆုံးအစိတ်အပိုင်းတွေကတော့ မှန်ဘီလူးတွေဖြစ်ပါတယ်။ ဒီမှန်ဘီလူးတွေကို ဂျာမန်ကုမ္ပဏီ Carl Zeiss ကနေထုတ်လုပ်ပါတယ်။ ASML အနေနဲ့ Lithography စက်တွေပိုထုတ်လုပ်ဖို့လိုလာတဲ့အခါ Lens တွေလည်းပိုမိုလိုအပ်လာပါတယ်။ Lens တွေပိုထုတ်နိုင်ဖို့ Lens ထုတ်လုပ်တဲ့စက်ရုံကိုချဲ့ထွင်ရမှာဖြစ်သလို Lens စက်ရုံအဆင်သင့်ဖြစ်တဲ့အခါမှာလည်း ဝန်ထမ်းတွေထပ်မံခန့်အပ်ဖို့လည်းလိုလာပါတယ်။ ဒါတွေအတွက် အချိန် ၁၂လထက်ပိုကြာနိုင်ချေရှိပါတယ်" လို့ Wennink ကဆိုပါတယ်။
နီယွန်ဓာတ်ငွေ့
နီယွန်ဓာတ်ငွေ့(Neon) ဆိုတာ အရောင်အဆင်းနဲ့ အနံ့မရှိတဲ့ ဓာတ်ငွေ့တစ်မျိုးဖြစ်ပါတယ် ဒါပေမယ့် ဒီဓာတ်ငွေ့ဟာကျနော်တို့ရဲ့လူနေမှုဘဝအတွက်အင်မတန်မှအရေးပါပါတယ်။ ဆီမီးကွန်ဒတ်တာထုတ်လုပ်သူတွေဟာ အထူးပြုလုပ်ထားတဲ့လေဆာကိုအသုံးပြုနိုင်ဖို့ နီယွန်ဓာတ်ငွေ့ကို မှီခိုနေရပါတယ်။နီယွန်ဟာ သဘာဝအတိုင်းလေထဲမှာရှိပြီး ပမာဏအလွန်နည်းပါးတဲ့အတွက် သူ့ကိုစစ်ထုတ်ဖို့ဆိုတာ အင်မတန်ငွေကုန်ကြေးကျများပြားလှပါတယ်။ ဒီအတွက် နီယွန်ကိုသီးသန့်မထုတ်လုပ်ကြပဲ ဆင်တူတဲ့နည်းပညာကိုသုံးတဲ့စက်ရုံတွေကနေရယူကြပါတယ်။ ဒါကတော့ သံမဏိစက်ရုံတွေဖြစ်ပါတယ်။ ယခင်ဆိုဗီယက်ယူနီယံနဲ့ လက်ရှိရုရှားနိုင်ငံဟာ သံမဏိစက်ရုံတွေအများအပြားရှိတာကြောင့် နီယွန်ဓာတ်ငွေ့တွေကိုအများအပြားထွက်ရှိပါတယ်။ ဒါပေမယ့် ချစ်ပ်ကုမ္ပဏီတွေမှာအသုံးပြုမယ့် နီယွန်တွေကိုတော့ ပုံမှန်ထက်များစွာသန့်စင်ထားဖို့လိုပါတယ်။ ဒီလိုသန့်စင်တဲ့ ဒီနီယွန်ဓာတ်ငွေ့ကို တကမ္ဘာလုံးအတွက် ယူကရိန်းနိုင်ငံမှာရှိတဲ့ ကုမ္ပဏီ၂ခုကသာ သန့်စင်ထုတ်လုပ်ပေးနိုင်ပြီး ရုရှားတွေမတိုက်ခိုက်လာခင်အထိထုတ်ပေးနေခဲ့ပါတယ်။
လက်ရှိမှာ ကြောက်စရာကောင်းလှတဲ့စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံကနီယွန်ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ ထုတ်လုပ်မှုရပ်တန့်ထားရပါတယ်။ Ingas ဆိုတဲ့ကုမ္ပဏီဟာ စစ်ဘေးဒဏ်ပြင်းထန်စွာခံစားနေရတဲ့ မာရီယူပိုလ်းမြို့မှာအခြေစိုက်ပါတယ်။ နောက်ထပ်ကုမ္ပဏီဖြစ်တစ်ခုဖြစ်တဲ့ Cryoin က အိုဒီဆာမြို့မှာ အခြေစိုက်ပြီး မြို့ခံတွေဟာ မြို့ကိုကာကွယ်ဖို့ပြင်ဆင်နေကြတယ်လို့ဆိုပါတယ်။ ကြောက်စရာကောင်းတဲ့အခြေအနေတွေနဲ့ အရပ်သားသေဆုံးမှုတိုးလာတဲ့ကြားမှာ ဒီကုမ္ပဏီတွေမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေဘေးကင်းစေဖို့က ဦးစားပေးဖြစ်လာပါတယ်။
ဒီကိစ္စကြောင့် သက်ရောက်မှုတွေရှိလာမှာပါ။ လက်ရှိအချိန်မှာတော့ အရံသိုလှောင်ထားတဲ့နီယွန်တွေကုန်မသွားခင် ရင်းမြစ်အသစ်တွေရှာဖွေဖို့လိုအပ်နေပါတယ်။ ချစ်ပ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့ လေ့လာသူတွေအဆိုအရ အရံသိုလှောင်ထားတဲ့ နီယွန်တွေဟာ ၁လကနေ ၆လစာလောက်အထိရှိနေတယ်လို့ဆိုပါတယ်။ အကယ်၍ကုန်ဆုံးသွားခဲ့ရင် ချစ်ပ်တွေဆက်ထုတ်ဖို့အခက်အခဲတွေဖြစ်လာမှာပါ။ ဆိုလိုတာက ချစ်ပ်ပြတ်လပ်မှုကို နောက်နှစ်ထဲမှာ အဆုံးသတ်နိုင်ဖို့ရည်ရွယ်ထားပေမယ့် ပိုမိုရှည်ကြာသွားနိုင်ချေရှိနေပါတယ်။
Reference: Vox and extremetech
ဒီကိစ္စကြောင့် သက်ရောက်မှုတွေရှိလာမှာပါ။ လက်ရှိအချိန်မှာတော့ အရံသိုလှောင်ထားတဲ့နီယွန်တွေကုန်မသွားခင် ရင်းမြစ်အသစ်တွေရှာဖွေဖို့လိုအပ်နေပါတယ်။ ချစ်ပ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့ လေ့လာသူတွေအဆိုအရ အရံသိုလှောင်ထားတဲ့ နီယွန်တွေဟာ ၁လကနေ ၆လစာလောက်အထိရှိနေတယ်လို့ဆိုပါတယ်။ အကယ်၍ကုန်ဆုံးသွားခဲ့ရင် ချစ်ပ်တွေဆက်ထုတ်ဖို့အခက်အခဲတွေဖြစ်လာမှာပါ။ ဆိုလိုတာက ချစ်ပ်ပြတ်လပ်မှုကို နောက်နှစ်ထဲမှာ အဆုံးသတ်နိုင်ဖို့ရည်ရွယ်ထားပေမယ့် ပိုမိုရှည်ကြာသွားနိုင်ချေရှိနေပါတယ်။
Reference: Vox and extremetech
0 Comments