![]() |
Image: Xbox |
Microsoft နဲ့ ASUS ရဲ့ ဂိမ်းပိုင်းဆိုင်ရာဌာနခွဲ ROG တို့ ပူးပေါင်းပြီး handheld ဂိမ်းစက်တစ်ခု ထုတ်လုပ်နေတယ်ဆိုတဲ့ ကောလဟာလတွေက အချိန်အတော်ကြာ ထွက်ပေါ်နေခဲ့တာပါ။ အခုတော့ Summer Game Fest မှာ ပြုလုပ်သွားတဲ့ Xbox Games Showcase မှာပဲ ဒီသတင်းကို တရားဝင် အတည်ပြုလိုက်ပါပြီ။ ဒီ handheld ကို ROG Xbox Ally နဲ့ ROG Xbox Ally X ဆိုပြီး မော်ဒယ်နှစ်မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
Xbox အကြီးအကဲ Sarah Bond က Showcase မှာ ပြသခဲ့တဲ့ ဂိမ်းတိုင်းကို ဒီ Xbox Ally မှာ ကစားနိုင်ရမယ်လို့ အာမခံသွားပါတယ်။ ဒါပေမဲ့ အဲဒီဂိမ်းတွေအားလုံးက စက်ထဲမှာတင် တိုက်ရိုက် run ပြီးဆော့ရမှာလားဆိုတာကိုတော့ တိတိကျကျ ရှင်းမပြသွားပါဘူး။ တစ်ခုထူးခြားတာကတော့ မိတ်ဆက် Trailer မှာ Hollow Knight: Silksong ကို အသားပေးပြသသွားခဲ့တာပါပဲ။
အရေးအကြီးဆုံးအချက်ကတော့ Microsoft နဲ့ ROG တို့က ဒီစက်ကို Xbox ဂိမ်းတွေအတွက်ပဲ သီးသန့်ကန့်သတ်မထားတာပါပဲ။ Battle.net နဲ့ တခြားထိပ်တန်း PC ဂိမ်းပလက်ဖောင်းတွေက ဂိမ်းတွေကိုလည်း ကစားနိုင်မှာပါ။ Game Pass ကတော့ ပါဝင်ပြီးသားဖြစ်မှာဖြစ်ပြီး၊ ဂိမ်းတစ်ခုကို တစ်ခါဝယ်ရုံနဲ့ device မျိုးစုံမှာ save data မပျောက်ဘဲ ဆက်ကစားနိုင်တဲ့ Xbox Play Anywhere ကိုလည်း အပြည့်အဝ အသုံးပြုနိုင်မှာပါ။
Microsoft ဟာ Roblox ကို handheld device မှာ ပထမဆုံးအကြိမ် တိုက်ရိုက်ကစားနိုင်ဖို့ Roblox နဲ့ အထူးလက်တွဲထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Steam Deck ရဲ့ စနစ်လိုပဲ ဘယ်ဂိမ်းတွေက handheld အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာ ရှင်းရှင်းလင်းလင်းပြသမယ့် အစီအစဉ်တစ်ခုကိုလည်း တခြား developer တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ Game Pass အသုံးမပြုဖူးသေးသူတွေအနေနဲ့ Xbox Ally ဒါမှမဟုတ် Ally X ဝယ်ယူတဲ့အခါ free trial ရရှိမယ့် အခွင့်အရေးလည်း ရှိနေပါတယ်။
Microsoft က ဒီ handheld တွေအတွက် screen အပြည့်မြင်ကွင်းနဲ့ Xbox Interface (UI) အသစ်တစ်ခုကို အထူးဖန်တီးပေးထားပါတယ်။ သီးသန့် Xbox ခလုတ်တစ်ခုလည်းပါဝင်ပြီး အဲဒါကိုနှိပ်လိုက်တာနဲ့ Game Bar ပေါ်လာမှာပါ။ ဒီကနေတစ်ဆင့် app တွေ၊ ဂိမ်းတွေ အလွယ်တကူပြောင်းတာ၊ setting ချိန်တာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာတွေကို လျင်မြန်စွာလုပ်ဆောင်နိုင်မှာပါ။ Xbox console နဲ့ PC တွေက accessibility features တွေနဲ့ Gaming Copilot လိုမျိုး အထောက်အကူပြုစနစ်တွေလည်း ပါဝင်လာဦးမှာပါ။
ဒီစက်တွေက Windows 11 ကို အခြေခံထားပြီး handheld မှာ အဆင်ပြေပြေသုံးနိုင်အောင် အထူးဖန်တီးထားပါတယ်။ ASUS ရဲ့ Armoury Crate ကနေတစ်ဆင့် စက်ရဲ့ setting တွေနဲ့ ခလုတ်တွေကို အလွယ်တကူ ထိန်းချုပ်နိုင်မှာဖြစ်ပြီး lock screen နဲ့ task switcher ကိုလည်း controller နဲ့ လွယ်ကူစွာ သုံးနိုင်အောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဂိမ်းတွေကို mod လုပ်ခွင့်လည်း ပေးထားပါတယ်။
Specifications
Xbox Ally: AMD Ryzen Z2 A Processor, 16GB RAM, 512GB SSD storage ပါဝင်ပါတယ်။
Xbox Ally X: ပိုမိုအားကောင်းတဲ့ AMD Ryzen AI Z2 Extreme processor, 24GB RAM, 1TB storage ပါဝင်ပါတယ်။
နှစ်မျိုးလုံးမှာ microSD card reader ပါတဲ့အတွက် storage တိုးချဲ့ဖို့အတွက် သီးသန့် proprietary card တွေဝယ်စရာမလိုပါဘူး။
မော်ဒယ်နှစ်မျိုးလုံးရဲ့ screen က အတူတူပါပဲ။ ၇ လက်မအရွယ်၊ 1080p resolution, 16:9 aspect ratio, 120Hz refresh rate နဲ့ 500 nits အလင်းရောင်ရှိတဲ့ display ဖြစ်ပါတယ်။ အလင်းမပြန်တဲ့ Corning Gorilla Glass Victus ကာဗာကို သုံးထားပြီး FreeSync Premium ကိုလည်း support လုပ်ပါတယ်။
နှစ်မျိုးလုံးမှာ "HD haptics" လို့ခေါ်တဲ့ အဆင့်မြင့်တုန်ခါမှုစနစ်ပါဝင်ပါတယ်။ Xbox Ally မှာ hall effect analog trigger တွေသုံးထားပြီး Xbox Ally X မှာတော့ "ထိန်းချုပ်မှုကို ပိုမိုမြှင့်တင်ပေးမယ့် impulse triggers" တွေ ပါလာမှာပါ။ ဒီအချက်က PlayStation ရဲ့ DualSense controller ဆီက နည်းပညာကို အတုယူထားသလိုပါပဲ။ ကောင်းတဲ့တစ်ချက်ကတော့ handheld နှစ်မျိုးလုံးမှာ ကိုယ်တိုင်စိတ်ကြိုက် သတ်မှတ်နိုင်တဲ့ နောက်ကျောခလုတ်နှစ်ခု၊ 6-axis IMU (gyro controls)၊ 3.5mm နားကြပ်ပေါက်၊ Wi-Fi 6E နဲ့ Bluetooth 5.4 တို့ အစုံအလင် ပါဝင်လာတာပါပဲ။
ကိုယ်ထည်နှင့် ဒီဇိုင်း
Xbox Ally နဲ့ Xbox Ally X တို့ဟာ 290.8 x 121.5 x 50.7mm ဆိုတဲ့ အရွယ်အစား အတူတူပါပဲ။ ဒါပေမဲ့ သူတို့နှစ်ခုလုံးက Nintendo Switch 2 (534g) နဲ့ PlayStation Portal (520g) တို့ထက် ပိုလေးပါတယ်။ Xbox Ally (670g) ဟာ Steam Deck (669g) နဲ့ အလေးချိန် သိပ်မကွာပေမယ့် Xbox Ally X (715g) ကတော့ ပိုတောင်လေးပါသေးတယ်။ ပြောရရင်တော့ ဒီဂိမ်းစက်နှစ်ခုလုံးက အနည်းငယ်ကြီးမားလေးလံနေမှာပါ။ ဒါပေမဲ့ လက်ကိုင်ပုံစံကိုတော့ Xbox Wireless Controller ရဲ့ ဒီဇိုင်းအတိုင်း ဖန်တီးထားတာကြောင့် Nintendo Switch 2 ဒါမှမဟုတ် Steam Deck ထက်တောင် ကိုင်ရတာ ပိုအဆင်ပြေနိုင်ပါတယ်။
စက်နှစ်မျိုးလုံးမှာ DisplayPort 2.1 နဲ့ Power Delivery 3.0 ကို support လုပ်တဲ့ USB-C ပေါက်နှစ်ခုပါတဲ့အတွက် TV ဒါမှမဟုတ် monitor နဲ့ အလွယ်တကူချိတ်ဆက်နိုင်မှာပါ။ Xbox Ally X ရဲ့ USB-C ပေါက်တစ်ခုက ThunderBolt 4 ကိုပါ support လုပ်တာက ထူးခြားချက်ပါ။ သူ့မှာ ဘက်ထရီကလည်း Xbox Ally (60Wh) ထက်ပိုကြီးတဲ့ 80Wh အမျိုးအစားဖြစ်ပါတယ်။ မော်ဒယ်နှစ်မျိုးလုံးနဲ့အတူ အားသွင်း stand လည်း တစ်ခါတည်း ပါလာမှာပါ။
Microsoft ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက Xbox Cloud Gaming လိုမျိုး ကြိုးပမ်းမှုတွေနဲ့ Xbox Ecosystem ကို console နဲ့ PC အပြင်ဘက်အထိ တိုးချဲ့လာခဲ့တာပါ။ အခုလို gaming handheld လောကထဲကို တရားဝင်ဝင်ရောက်လာတာဟာ PlayStation နဲ့ Nintendo တို့ကို အမီလိုက်ဖို့ ကြိုးစားနေတဲ့ Microsoft အတွက် ခြေလှမ်းကြီးတစ်ရပ်လို့ဆိုနိုင်ပါတယ်။
Source: Xbox and Polygon
0 Comments