Subscribe Us

header ads

SMIC သည် အမေရိကန်၏ ပိတ်ဆို့မှုများကြောင့် စက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေးနှင့် ထုတ်လုပ်မှုပိုင်းတွင် ပြဿနာများရင်ဆိုင်နေရ

Image: SMIC

တရုတ်နိုင်ငံရဲ့ အကြီးဆုံး ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Semiconductor Manufacturing International Corporation (SMIC) ကတော့ သူတို့ရဲ့ စက်ပစ္စည်းတွေ ပြုပြင်ထိန်းသိမ်းတာနဲ့ စစ်ဆေးအတည်ပြုတာတွေ လုပ်ဆောင်နေရတဲ့အတွက် လုပ်ငန်းလည်ပတ်မှုပိုင်းမှာ အနှောင့်အယှက်တွေ ဖြစ်ပေါ်ခဲ့ပြီး ဒုတိယသုံးလပတ်မှာ ကုမ္ပဏီရဲ့ဝင်ငွေ ၆ရာခိုင်နှုန်းလောက်အထိ လျော့ကျနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ပြောကြားလိုက်ပါတယ်။

ပြဿနာက နှစ်စဉ်ပြုလုပ်နေကျ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်အတွင်းမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သလို၊ အသစ်တပ်ဆင်ထားတဲ့ စက်ပစ္စည်းတွေမှာလည်း စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ပြဿနာတွေ ထပ်တွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် ချစ်ပ်တွေရဲ့ ပျမ်းမျှရောင်းဈေးကိုတော့ ထိခိုက်မှုမရှိခဲ့ပေမယ့်  ရောင်းတန်းဝင် ထုတ်ကုန်အရေအတွက် နည်းပါးသွားခဲ့ပါတယ်။

အဓိကပြဿနာတစ်ခုကတော့ အမေရိကန်ရဲ့ ပို့ကုန်ထိန်းချုပ်မှုတွေပါ။ ဒီထိန်းချုပ်မှုတွေအရ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ တရုတ်နိုင်ငံမှာရှိတဲ့ အဆင့်မြင့် wafer ဆိုတဲ့ ချစ်ပ်ပြားထုတ်လုပ်ရေးအတွက် စက်ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုတွေ မပေးတော့ပါဘူး။ ဒီအခြေအနေကြောင့် အချို့အလုပ်တွေအတွက် တရားဝင် အရည်အချင်း သတ်မှတ်ချက်မပြည့်မီတဲ့ SMIC ရဲ့ အင်ဂျင်နီယာတွေဟာ ကိုယ်တိုင် ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်နေရပါတယ်။ ဒါက လုပ်ငန်းလည်ပတ်မှု အနှောင့်အယှက်ဖြစ်နိုင်ခြေနဲ့ ချစ်ပ်ထွက်နှုန်းကျဆင်းနိုင်ခြေကို ပိုပြီးမြင့်တက်စေပါတယ်။

SMIC အနေနဲ့ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်မှာတော့ ၀င်ငွေ ဒေါ်လာ ၂.၂၄၇ ဘီလီယံ ရရှိခဲ့ပြီး၊ အရင်သုံးလပတ်ထက် ၁.၈ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။ စုစုပေါင်း၀င်ငွေရဲ့ ၉၅.၂ ရာခိုင်နှုန်းက wafer ရောင်းချမှုကနေ ရရှိတာဖြစ်ပြီး၊ မီလီမီတာ ၂၀၀ အရွယ် ချစ်ပ်ပြား တင်ပို့မှု ၁၈ ရာခိုင်နှုန်း တိုးလာတာနဲ့ မီလီမီတာ ၃၀၀ အရွယ် ချစ်ပ်ပြား တင်ပို့မှု ၂ ရာခိုင်နှုန်း မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ စက်ရုံအသုံးချနိုင်မှုနှုန်းကလည်း ၈၉.၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့လို့၊ ချစ်ပ်တစ်ခုချင်းရဲ့ ဈေးနှုန်းအနည်းငယ်ကျဆင်းမှုနဲ့ စက်ပစ္စည်းတွေရဲ့ တန်ဖိုးလျော့စရိတ် မြင့်တက်မှုတွေက ကုမ္ပဏီရဲ့ အမြတ်အစွန်းအပေါ် သက်ရောက်မှုတွေကို အတိုင်းအတာတစ်ခုအထိ ထိန်းပေးနိုင်ခဲ့ပါတယ်။

အခုဖြစ်နေတဲ့ စက်ပစ္စည်းပြဿနာတွေကို ပြင်ဆင်နေရတာကြောင့် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး (R&D) အတွက် သုံးစွဲမယ့်ငွေထဲကနေ ခန့်မှန်းခြေ ဒေါ်လာ သန်း ၃၀ ကနေ ၇၅ သန်းလောက်အထိ လွှဲပြောင်းသုံးစွဲလိုက်ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကတော့ ဒီနှစ်အတွက် ရည်မှန်းထားတဲ့ ဒေါ်လာ ၇.၅ ဘီလီယံတန်ဖိုးရှိတဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကိုတော့ ဆက်လက်ကိုင်စွဲထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ကုမ္ပဏီအမှုဆောင်အရာရှိတွေက လက်ရှိအကောက်ခွန်တွေရဲ့ သက်ရောက်မှုက "နည်းပါးတယ်" လို့ ပြောဆိုပေမယ့်၊ နောက်ပိုင်းမှာ သူတို့ရဲ့ ချစ်ပ်တွေကို ဝယ်ယူအသုံးပြုတဲ့ ကုမ္ပဏီတွေရဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာရင် နှစ်ရဲ့ဒုတိယနှစ်ဝက်မှာ ဝယ်လိုအားကို ထိခိုက်လာနိုင်တယ်လို့ ဝန်ခံပြောကြားထားပါတယ်။

SMIC ရဲ့ ပူးတွဲ CEO ဖြစ်သူ Haijun Zhao ကတော့ မိတ်ဖက်ကုမ္ပဏီတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်တာရယ်၊ အကောက်ခွန်ကင်းလွတ်ခွင့်တွေ ရရှိခဲ့တာရယ်ကြောင့် ကုန်သွယ်ရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေရဲ့ ကုမ္ပဏီဝင်ငွေအပေါ် တိုက်ရိုက်သက်ရောက်မှုက တစ်ရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်မှုတွေကြားမှာ ဖောက်သည်တွေရဲ့ ဝယ်လိုအားကို အနီးကပ် စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

Source: Notebookcheck

Post a Comment

0 Comments