Subscribe Us

header ads

Review: MSI Katana 15 B13V with Nvidia RTX 4060


MSI ရဲ့ Katana Series ဆိုတာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်အသားပေးတဲ့ gaming laptop တွေပါ။ ယခင်က Katana GF Series တွေဆိုတာ MSIရဲ့ အသက်သာဆုံး gaming laptop စာရင်းထဲပါဝင်ပြီး စျေးနှုန်းက $1000 ဝန်းကျင်သာရှိပေမယ့် ဒီနှစ်မှာမှာတော့ Katana Series ကို နောက်ဆုံးပေါ် hardware တွေအပြင် RGB Keyboard ထည့်သွင်းပြီး အနည်းငယ်အဆင့်မြှင့်တင်မှုပြုလုပ်လာတာကိုတွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ မနှစ်က Katana GF76 ကို Review လုပ်ခဲ့ပြီးပြီမို့ ဒီနှစ်မှာလည်း အသစ်ထွက်ရှိထားတဲ့ Katana 15 အပေါ် ကျွန်တော့်ရဲ့အမြင်တွေကို မျှဝေပေးချင်ပါတယ်။ ကျွန်တော်ရရှိထားတဲ့ review unit လေးကတော့ Intel Core i7-13620H CPU နဲ့ NVIDIA RTX 4060 graphics ကို တွဲဖက်ထားတဲ့ MSI ရဲ့ Katana 15 B13V ပဲဖြစ်ပါတယ်။

Specifications of Katana 15 B13V

CPU: Raptor Lake Core i7-13620H (10Cores/16Threads, 6 P-Cores and 4 E-Cores)
Memory: 8GB *2 (DDR5 5200MHz)
Graphics: Nvidia RTX 4060 8GB GDDR6 (TDP 105W)
Storage: 1TB NVMe PCIe Gen4 x4 SSD
Display: 15.6in 240Hz FHD(1920x1080) IPS-Level Screen
Dimensions (WxDxH): 359 x 259 x 24.9 mm
Weight: 2.25 kg
I/O Ports: 1x USB Type-C 3.2 Gen 1/DP,
2x USB Type-A 3.2 Gen 1
1x Type-A USB2.0
1x HDMI 2.1 Port (8K 60Hz/4K 120Hz)
1x RJ45
Connectivity: Wi-Fi 6, Bluetooth 5.2
Keyboard: 4-Zone RGB Backlight Keyboard
Webcam: 720P (30fps)
Speakers: 2x 2W
Audio Jack: 1x 3.5mm Audio Combo Jack
Operating System: Windows 11 Home
Battery: 53.5WH (3 Cell Li-Ion)
Power Adaptor: 200W
Price: $1599-$100=$1499

Design and Build Quality

Design အနေနဲ့ပြောရရင် Katana 15 ဟာ မနှစ်က Katana နဲ့ပုံစံအတော်ဆင်တူပြီး ကီးဘုတ်ကို ပြောင်းလဲထားတာကလွဲရင်တူတူပဲလို့ခံစားရပါတယ်။ စွမ်းဆောင်ရည်ပိုင်းအသားပေးပြီး စျေးသက်သာတဲ့ series မို့ ကိုယ်ထည်တစ်ခုလုံးဟာ ပလက်စတစ်ကိုသာအသုံးပြုထားပါတယ်။ 




သူ့ရဲ့ကိုယ်ထည်တစ်ခုလုံးရဲ့ အရောင်ကလည်း မနှစ်ကအတိုင်း အနက်ရောင်ပဲဖြစ်ပြီး ပြောင်လက်မနေပါဘူး။ အရောင်မှိုင်းတဲ့ laptop မို့ လက်ဗွေရာတွေအလွယ်တကူထင်နိုင်တာကိုလည်းတွေ့ရပါတယ်။ MSI ရဲ့ Dragon တံဆိပ်ကို Lid ပေါ်မှာ ရေးရေးလေးပဲမြင်ရလို့ ရုတ်တရက်ဆို gaming laptop မှန်းတောင်မသိသာပါဘူး။ 


screen မှာ ဘောင်လေးတွေက ပါးတယ်ဆိုပေမယ့် အပေါ်ဘောင်ကတော့ အနည်းငယ်ထူပါတယ်။ Screen ရဲ့အောက်ခြေနားမှာ MSI logo အသစ်ကို ထင်ထင်ရှားရှား ရေးထိုးထားပါတယ်။

ကိုယ်ထည်တစ်ခုကို ပလက်စတစ်တွေချည်းသုံးထားတယ်ဆိုပေမယ့် lid တွေ keyboard တွေကိုဖိကြည့်တဲ့အခါ အချို့ gaming laptop တွေမှာလို ညွှတ်သွားတာမရှိပဲ အတော်ကိုတောင့်တင်းပါတယ်။ lid ကလည်း လက်တစ်ဖက်တည်းနဲ့ အသာလေးဖွင့်လို့ရသလို laptopကို ပေါင်ပေါ်မှာတင်ပြီ အသုံးပြုတဲ့အခါမှာလည်း သိပ်လှုပ်နေမှာမဟုတ်ပါဘူး။




နောက်ပြီး Lid ကို 180°လောက် လှန်ချလို့ရတာကလည်း presentation တွေပြချင်တဲ့အခါ ကောင်းတဲ့အချက်ပါပဲ။ screen ထိပ်မှာ 720P webcam ကို တပ်ဆင်ထားပေမယ့် Windows Hello အတွက် Webcam နဲ့တွဲဖက်အလုပ်လုပ်မဲ့ IR Camera မပါဝင်ပါဘူး။


Cooling အတွက် Air Intake အပေါက်လေးတွေက laptop ကိုယ်ထည်အောက်မှာသာရှိပါတယ်။ 

Exhaust ကတော့ ဘေးဘယ်ဘက်နဲ့ အနောက်နှစ်ဖက်စလုံးမှာရှိတာတွေ့ရပါတယ်။ ကိုယ်ထည်က အလျား 359mm၊ အနံ 259mm နဲ့ အမြင့် 24.9mmရှိပြီး အလေးချိန်က 2.25kg ရှိတဲ့အတွက် ပုံမှန် gaming laptop အရွယ်အစားနဲ့ အလေးချိန်လို့ဆိုနိုင်ပါတယ်။ quick access panel မပါတဲ့အတွက် Memory နဲ့ Storage တိုးဖို့ screw ၁၃ လုံးလောက်ဖြုတ်ရမှာပါ။

Display

ကျွန်တော်ရဲ့ အမြင်အရဆိုရင် Katana 15 B13V မှာ အားမရဆုံးအပိုင်းက display လို့ဆိုနိုင်ပါတယ်။ သူ့မှာ 1080p resolution နဲ့ 144Hz ရတဲ့ Chi Mei ရဲ့ (N156HRA-EA1)Panel ကိုသုံးထားပါတယ်။ ဒီ display ဆိုးရွားနေတာတော့မဟုတ်ဘူးဆိုပေမယ့် မနှစ်ကဆိုရင် ဒီလောက်စျေးတန်းမှာဆိုရင် ဒီထက်ပိုကောင်းတဲ့ display ကိုရသင့်တယ်လို့ထင်ပါတယ်။


screen က VRR အထောက်အပံ့ပါဝင်ပေမယ့် pixel တစ်ခုနဲ့တစ်ခုအကြား အလျှင်အမြန်ပြောင်းမပြနိုင်လို့ ghosting လေးတွေဝင်နေတာကိုတော့တွေ့ရပါတယ်။


နောက်တစ်ခုက screen ဟာ IPS level လို့ဆိုထားပြီး viewing angle က မဆိုးပေမယ့် အရောင်ပိုင်းကတော့ သိပ်မကောင်းပါဘူး။ ကိန်းဂဏန်းတွေနဲ့ အတိအကျပြောရမယ်ဆိုရင်
sRGB 44.06%
AdobeRGB 63.55%
DCI-P3 44.06%
သာရှိတဲ့အတွက် color gamut တွေက သာမန် screen လောက်သာရှိကာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေတည်းဖြတ်ဖို့ ရွေးချယ်သင့်တဲ့ laptop တစ်ခု‌လို့တော့မမြင်ပဲ ဂိမ်းကစားဖို့သာရည်ရွယ်သင့်ပါတယ်။ ရုပ်ရှင်တွေနဲ့ ဗီဒီယိုတွေကောင်းကောင်းကြည့်နိုင်ပေမဲ့ 260nits ဝန်းကျင်သာရှိတဲ့ display ဟာ ပြင်ပအလင်းရောင်များတဲ့နေရာတွေမှာဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။

Keyboard and Trackpad

Katana 15 B13V မှာ ကီးဘုတ်ပိုင်းဟာ ဒီနှစ်အတွက်အဆင့်မြှင့်တင်မှုတစ်ခုလို့ပြောနိုင်ပါတယ်။ ကီးဘုတ်ဟာ gaming ဆန်ဆန် power key၊ WASD key နဲ့ arrow key တွေကို သိသာထင်ရှားအောင် အကြည်လေးတွေလုပ်ပေးထားတာကိုလည်း တွေ့ရပါတယ်။



keyboard ရဲ့ RGB အရောင်တွေကို MSI Center ထဲက Mystic Light မှာကို စိတ်ကြိုက် effect တွေပြောင်းနိုင်ပါတယ်။ သူ့ RGB မီးရောင်က ကြည့်ရတာအဆင်ပြေသလို အလင်းအားလည်း အတော်ကိုကောင်းပါတယ်။ 

ထုံးစံအတိုင်း MSI Laptop တွေမှာ ကီးဘုတ်ဟာ စာရိုက်ရတာ အတော်လေးအဆင်ပြေသလို Key တစ်ခုခြင်းရဲ့ တုံ့ပြန်မှုတွေကလည်း ကောင်းမွန်ပြီး ဆူညံနေတာမျိုးမရှိပါဘူး။ layout ပိုင်းက အနည်းငယ်ထူးဆန်းသလိုဖြစ်နိုင်ပေမယ့် numpad ပါဝင်တာကြောင့် စာရင်းဇယားတွေ ကိုင်တွယ်ရမဲ့သူတွေအတွက်ပါ အဆင်ပြေနိုင်ပါတယ်။


Trackpad ပိုင်းအနေနဲ့ အရွယ်အစားသေးငယ်တယ်လို့ဆိုနိုင်ပြီး သီးခြား key တွေမပါသလို texture တွေလည်း မရှိပါဘူး။ Windows Precision Driver နဲ့ Trackpad ကို အဆင်ပြေပြေသုံးနိုင်‌ပြီး click ကို အနည်းငယ်အားစိုက်ဖိဖို့တော့လိုပါတယ် ဒါပေမယ့် လှုပ်နေတာ၊ ဆူညံနေတာမျိုး မကြုံရပါဘူး။

Ports

Katana 15 ရဲ့ ကိုယ်ထည်ဟာ မနှစ်ကနဲ့အတူတူပဲဖြစ်သလို port တွေကလည်း မနှစ်ကအတိုင်းပြန်လည်ပါဝင်လာတာတွေ့ရပါတယ်။


ဘယ်ဘက်မှာ Charging Port၊ Type-A USB 3.2 Gen 1 တစ်ခုနဲ့ နဲ့ Type-A USB 2.0 ၁ခုပါပါတယ်။ 



ညာဘက်မှာတော့ LAN အတွက် RJ-45 jack တစ်ခု၊ HDMI 2.1 Port တစ်ခု၊ Type-C USB 3.2 Gen 1/DP တစ်ခု၊ Type-A USB 3.2 Gen 1 နဲ့ 3.5mm Audio Combo Jack တစ်ခုပါပါတယ်။ ဒီ 13th Gen တွေမှာ USB4 နဲ့ Thunderbolt 4 တွေကိုအထောက်အပံ့ပေးပေမယ့် ဒီ laptopမှာ ထည့်ပေးထားတာမတွေ့ရပါဘူး။ creator တွေအတွက်ရည်ရွယ်တာမဟုတ်လို့ card reader ထည့်မပေးတာကို နားလည်ပေးလို့ရပေမယ့် USB 2.0 Type A ဆက်သုံးနေတာကိုတော့ သဘောမကျပါဘူး။

Webcam

Video Call တွေအတွက် Webcam ရဲ့ ရုပ်ထွက်က သာမန်အဆင့်သာရှိကာ ပြတ်သားမှုအားနည်းပါတယ်။


Windows Hello ရဲ့ biometric sign-in အတွက် IR Camera နဲ့ Fingerprint Reader မပါဝင်တဲ့အတွက် PIN code ရိုက်ပြီးသာ log-in ဝင်ရမှာပါ။ Zoom Meeting လုပ်ကြည့်တဲ့အခါ ကိုယ့်ရဲ့ရုပ်နဲ့အသံကို တဖက်ကကောင်းမွန်တဲ့ feedback ပေးတာတွေ့ရပါတယ်။

Audio

Audio ပိုင်းမှာဆိုရင် 2w Speaker ၂လုံးကို Laptop ရဲ့ ဘေးဘက်ရဲ့ ဘယ်ညာထောင့်‌တစ်ခုစီမှာ နေရာချထားပါတယ်။ အသံကတော့မဆိုးလှပေမယ့် base အသံတော့နည်းနေသေးတာကိုတွေ့ရပြီး သူမှာပါတဲ့ Nahimic Audio software ကနေ အနည်းငယ် tuning လုပ်လိုက်တာနဲ့ ပိုနားထောင်လို့ကောင်းသွားပါတယ်။ အရင် MSI laptop တွေထက် တစ်ခုကောင်းလာတဲ့အချက်က Katana 15 ရဲ့ speaker တွေဟာ Dolby Atmos ဖွင့်သုံးဖို့အတွက် Dolby Access ကို အထောက်အပံ့ပေးလာတာပါပဲ ဒီတော့ surround effect ကို ပိုပြီးပီပီပြင်ပြင်ခံစားနိုင်မှာဖြစ်ပါတယ်။ မကောင်းတဲ့အချက်ကတော့ ဂိမ်းကစားနေတဲ့အချိန် fan အသံဟာ အတော်လေးကိုဆူတာကြောင့် speaker က အသံကို သေချာမကြားရတော့တာပါ ဒီအတွက် headphone တွေနဲ့ကစားတာက ပိုပြီးအဆင်ပြေပါလိမ့်မယ်လို့ထင်ပါတယ်။

Headphone နဲ့ Mic အတွက်က 3.5mm Audio Combo Jack ပါဝင်ပြီး DAC က RealTek ရဲ့ ALC256 ကိုတပ်ဆင်ထားပါတယ်။ ဒီ ALC256 ဟာ laptop တွေမှာအသုံးများတဲ့ DCA တစ်ခုဖြစ်ကာ သူ့ရဲ့ output က 24 bit 192KHz အထိထုတ်ပေးနိုင်ပါတယ်။ သူ့ရဲ့အသံထွက်ဟာ သီးခြား sound card တွေကိုမမှီပေမယ့် Hi-Res သီချင်းတွေကို နားထောင်လို့ အဆင်ပြေတာတွေ့ရပါတယ်။

သူ့မှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်ပြီး စိတ်ကျေနပ်စရာကောင်းပေမဲ့ Cooler Boost ဖွင့်ထားချိန်မှာတော့ mic ရဲ့အသံကို Fan တွေရဲ့ဆူညံသံကလွမ်းမိုးသွားတာပါတယ်။

Storage 

Katana 15 B13V မှာ 1TB ရှိတဲ့ Samsung MZVL41T0HBLB-00BTW ဆိုတဲ့ PCIE 4.0 NVME SSD ကိုထည့်‌ထားပါတယ်။ SSD ရဲ့ စွမ်းဆောင်ရည်ဟာ Read/Write နှုန်းတွေဟာ PCIE 4.0 NVME SSD တွေထဲမှာ အသင့်အတင့်သာစွမ်းဆောင်ရည်ရှိပါတယ်။ 


သို့ပင်သော်ငြား SSD ရဲ့ Capacity ဟာ 1TB ရှိတဲ့အတွက် ဂိမ်းတွေသွင်းရတာအတော်လေးအဆင်ပြေပါတယ်။ စွမ်းဆောင်ရည်အတိအကျကို Benchmark ပုံမှာကြည့်ပါ။ လိုအပ်ရင်လည်းထပ်တိုးဖို့ Slot အပိုတစ်ခု ရှိပါသေးတယ်။

Battery ‌and Power Adapter

Katana 15 B13V မှာ 53.5WH ရှိတဲ့ 4Cell Li-Ion battery ကိုထည့်သွင်းပေးထားပြီး ဒီလို laptop တွေမှာပုံမှန်လို့ဆိုနိုင်ပါတယ်။ စွမ်းဆောင်ရည်ကောင်းတဲ့ laptop တစ်ခုဆိုဖြစ်ပေမယ့် adapter က 200W လောက်ပဲရှိပြီး အရွယ်သိပ်မကြီးတာကြောင့် မကြာခဏအပြင်သွားရတဲ့သူအဖို့ သိပ်ဝန်ပိမှာ မဟုတ်ပါဘူး။

Utility Software

Gaming Laptop တွေမှာ utility software တစ်ခုပါဝင်လာလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ MSI Center ပါ။ ဒီ software မှာ ကိုယ်သုံးမဲ့ function အလိုက်အတွက် setting ချိန်လို့ရမယ်၊ ဘက်ထရီပိုပြီး ခံအောင်သုံးမှာလား၊ စွမ်းဆောင်ရည်အပြည့်သုံးမှာလား စတဲ့ Power တွေချိန်ညှိလို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့ အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကြည့်နိုင်မယ့်အပြင် ဂိမ်းတစ်ခုခြင်းကို optimize လုပ်ပေးမဲ့ Gaming Mode လည်းပါဝင်ပါတယ်။ နောက်ပြီး E-sport ဂိမ်းတွေမှာ ကိုယ့်ရဲ့ gameplay ကို record လုပ်ပြီး social media ပေါ်တင်နိုင်မဲ့ Game Highlights လည်းပါပါတယ်။ ကောင်းတဲ့အချက်က MSI Center ဟာ ကိုယ်မလိုအပ်တဲ့ features တွေကိုပါသွင်းထားဖို့ပဲ အမှန်တကယ်သုံးမယ့် features တွေကိုသာ တစ်ခုခြင်း သွင်းလို့ရတာမို့ သဘောကျမိပါတယ်။

Testing Methodology

CPU Benchmark အတွက် Cinebench R15၊ Cinebench R20 နဲ့ Geekbench 6 ကို ထည့်သွင်းစမ်းသပ်ထားပါတယ်။ Katana 15 B13V မှာ အသုံးပြုထားတဲ့ Core i7-13620H ဟာ 13th Gen Raptor Lake CPU ဖြစ်ပြီး Alder Lake တွေလိုမျိုး Hybrid Design ကို ဆက်လက်အသုံးပြုထားပါတယ်။ ဒါပေမယ့် Core i7-13620H က 10 Cores/16 Threads သာရှိတာမို့ မနှစ်ကစမ်းသပ်ခဲ့တဲ့ Katana GF76 မှာ သုံးခဲ့တဲ့ 14 Cores/20 Threads ရှိတဲ့ Core i7-12700H ထက် multicore မှာဆိုရင် အနည်းငယ်ပိုနှေးနေတာကိုတွေ့ရပါတယ်။ ပိုနှေးတယ်ဆိုပေမယ့် အကြမ်းဖျင်းအားဖြင့် Ryzen 7 6800H လောက်မြန်တယ်လို့ဆိုနိုင်ပါတယ်။ မြင်သာအောင် မနှစ်က result တစ်ခုနဲ့ နှိုင်းယှဥ်ပြပေးထားပါတယ်။








Gaming Performance အတွက် Katana 15 B13V ကို 3DMark အပြင် နာမည်ကြီးဂိမ်း ၁၃ခုနဲ့စမ်းသပ်ထားပါတယ် အများစုက AAA ဂိမ်းတွေဖြစ်ပြီး resolution ကိုတော့ 1080P ရဲ့ Ultra (သို့မဟုတ်) Very High setting တွေမှာ စမ်းသပ်ထားပါတယ်။ သူ့မှာတပ်ဆင်ထားတဲ့ RTX 4000 series အနွယ်ဝင် RTX 4060 ဟာ စွမ်းအားကောင်းမွန်လှပြီး RT Cores တွေအပြင် DLSS 3 ကို အထောက်အပံ့ပေးတဲ့အတွက် အချို့ဂိမ်းတွေကို Ray Tracing နဲ့ DLSS အပြင် DLSS 3 ရဲ့ frame generation ကိုပါ setting အမျိုးမျိုးနဲ့ စမ်းသပ်ပေးထားပါတယ်။

Overall Performance အတွက်ကတော့ PCMark 10 နဲ့စမ်းသပ်ထားပါတယ်။ Productivity အတွက် Blender၊ Corona နဲ့ V-Ray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ 


Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့တကွ ပြသထားပါတယ်။ ဘက်ထရီပိုင်းအတွက် ဗီဒီယိုကြည့်ချိန်၊ ဂိမ်းကစားချိန်နဲ့ အားသွင်းချိန်တွေကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Benchmark အားလုံးကို Windows 11 Version 22H2 နဲ့ GeForce Driver Version 537.13 မှာ စမ်းသပ်ထားတာဖြစ်ပါတယ်။

Benchmarks

RTX 4060 ဟာ စမ်းသပ်ကြည့်တဲ့အခါ ဂိမ်းအများစုကို 1080P Ultra Setting မှာ 110FPS အထက်ကစားနိုင်တာကိုတွေ့ရပါတယ်။ RTX 4060 ဟာ RTX 3060 ထက် VRAM ပိုများလာလို့ VRAM များများလိုအပ်တဲ့ဂိမ်းတွေအတွက်ပိုအဆင်ပြေသလို သူ့ရဲ့ raw performance ဟာလည်း မနှစ်ကစမ်းသပ်ခဲ့တဲ့ Raider GE67HX က RTX 3070 Ti လောက်နီးပါးမြန်ဆန်တာကိုတွေ့ရပါတယ်။




Ray Tracing ဖွင့်ကစားမယ်ဆိုရင်လည်း 1080Pမှာ Cyberpunk 2077 ကလွဲရင် ဂိမ်းအများစုကို DLSS မသုံးပဲ 90FPS ဝန်းကျင်ရနိုင်တာကိုတွေ့ရပါတယ်။ RTX 40 series ရဲ့ အဓိက feature ဖြစ်တဲ့ DLSS 3 frame generation ကိုစမ်းသပ်ရာမှာ စွမ်းဆောင်ရည်သိသိသာသာ တိုးတက်လာတာကိုတွေ့ရပါတယ်။


Cyberpunk 2077 မှာဆိုရင် graphics အရမ်းစားပါတယ်ဆိုတဲ့ Path Tracing ကိုဖွင့်ထားချိန်မှာ ပုံမှန်ဆို 15 fps သာရတဲ့အတွက် ကစားလို့ အဆင်မပြေပေမယ့် frame generation အကူအညီနဲ့ 60 fps ဝန်းကျင်မှာ ချောချောမွေ့မွေ့ကစားလို့ အရမ်းမိုက်ပါတယ်။ ဒီအတွက် Night City ရဲ့အလှအပကို Path Tracing သုံးကာစီးမျောနိုင်မှာဖြစ်ပါတယ်။


Ratchet & Clank: Rift Apart မှာဆိုရင် Ray Tracing ကို ultra တင်ကစားရင် 38 fps DLSS Quality နဲ့ frame generation တို့ ပေါင်းစပ်လိုက်တဲ့အခါ 75 fps လောက်အထိကစားလို့ရလာပါတယ်။ ဒါပေမယ့် Katana 15 B13V မှာတပ်ဆင်ထားတဲ့ PCIE Gen 4 SSD က သိပ်မမြန်တာမို့ warp လုပ်တဲ့အခန်းတွေမှာ ချောမွေ့မှုမရှိတာကိုတော့တွေ့ရပါတယ်။


Marvel’s Spider-Man: Miles Morales ကတော့ optimization ကောင်းတဲ့ဂိမ်းတစ်ခုဖြစ်ပြီး ray tracing ဖွင့်ထားချိန်မှာတောင် 60 fps ကစားလို့ရပါတယ်။ ဒီဂိမ်းမှာ frame generation ကို DLSS နဲ့တွဲမသုံးပဲ ဖွင့်လို့ရတာမို့ ရုပ်ထွက်ကို မထိခိုက်စေပဲ 100 fps အထိကစားနိုင်တာကိုတွေ့ရပါတယ်။


Microsoft Flight Simulator ဟာလည်း တောင်းဆိုမှုများပြားတဲ့ဂိမ်းတစ်ခုဖြစ်ပြီး တော်ရုံ GPU တွေနဲ့ Ultra setting မှာ ကစားလို့မလွယ်ပါဘူး။ ဒီ laptop မှာလည်း 35 fps လောက်သာရတာကို တွေ့ရပါတယ်။ ဒီဂိမ်းကို DLSS မသုံးပဲ frame generation ကိုသာ ဖွင့်ကစားမယ်ဆိုရင် 69 fps လောက်ရလာတာမို့ ကစားရတာ အတော်လေးကောင်းမွန်လာတာကို တွေ့ရပါတယ်။


ဘက်ထရီသက်တမ်းကို စမ်းသပ်ရာမှာ Katana 15 ရဲ့ 53.5WHr ဘက်ထရီဟာ audio level နဲ့ brightness ကို 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၅နာရီကျော်ကြည့်လို့ရပါတယ်။ ဒါဟာ ပုံမှန် gaming laptop တွေလောက်ရတယ်ဆိုနိုင်ပြီး ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင် ပိုခံမယ်လို့ထင်ပါတယ်။ အားပြန်သွင်းချိန်မှာ နာရီဝက်နဲ့ 50% လောက်အားဝင်ပြီး အားအပြည့်ဖြစ်ဖို့က ၂နာရီ‌နဲ့၁၅မိနစ်ကြာတာကို တွေ့ရပါတယ်။ ဂိမ်းဆော့ကြည့်ရာမှာ အချိန်တစ်နာရီကျော်တယ်ဆိုရုံသာရပါတယ်။

Temperatures and Noise

အပူစွန့်ထုတ်မှုပိုင်းနဲ့ပတ်သက်ပြီး Katana 15 B13V မှာ Cooler Boost 5 နည်းပညာကိုသုံးထားကာ heat pipe ၆ချောင်း ပါဝင်ပြီး fan တွေကို GPU နဲ့ CPU အတွက် ၁ခုစီ ထည့်ပေးထားပါတယ်။ 



ဂိမ်းကစားတဲ့အခါ fan ကို‌ Auto Mode မှာထားကစားရင် အများဆုံး CPUက 94°C နဲ့ GPU က 79°C လောက်တက်လာပြီး Cooler Boost ဖွင့်ပြီး ကစားမယ်ဆိုရင် CPU က 91°C နဲ့ GPU က 79°C ကျဆင်းသွားတာတွေ့ရပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။

ဆူညံမှုဘက်ကိုပြောရရင် Katana 15 ဟာ ကျနော်စမ်းကြည့်ဖူးသလောက် gaming laptop မှာ အသံအဆူညံဆုံးထဲကတစ်ခုလို့ဆိုနိုင်ပါတယ်။ ဒါက fan auto မှာ မသိသာလှပေမယ့် heavy load တွေမှာ အပူပိုစွန့်ထုတ်နိုင်အောင် Cooler Boost ကိုဖွင့်သုံးမယ်ဆိုရင် အသံက အတော်ကိုကျယ်ပါတယ်။ 


ဒါပေမဲ့ MSI Center မှာ AI Engine ပါလာတဲ့အတွက် အပူချိန်အပေါ်မူတည်ပြီး fan ကို အတိုးအလျော့ လုပ်ပေးနိုင်တဲ့အတွက် အသံသိပ်မဆူအောင်လုပ်ထားနိုင်ပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။

Clock Speed and Power Draw 

Clock Speed ပိုင်းကိုပြောရရင် Core i7-13620H ဟာ အချို့သော Benchmark တွေမှာဆို Single Core မှာ P-Cores ဟာ 4.9GHz အထိရပါတယ်။ ဂိမ်းဆော့နေချိန်မှာဆို အချို့ဂိမ်းတွေမှာ P-Cores တွေဟာ 3.9GHzအထိရပြီး အများအားဖြင့်တော့ 3.2GHzအထိရကာ E-Cores တွေက 2.4GHz ဝန်းကျင်မှာရှိပါတယ်။ CPU Rendering လုပ်ချိန်မှာ Multi Core မှာ‌‌တော့ P-Cores တွေဟာ 4.2GHz နဲ့ E-cores တွေဟာ 3.4GHz အထိသာ အများဆုံးတွန်း‌ပေးတာတွေ့ရပါတယ်။

ပါဝါသုံးစွဲမှုအနေနဲ့ CPU ဟာ Single Core load မှာ 30W လောက်အထိသုံးတာ‌ တွေ့ရပါတယ်။ Multi Core CPU Rendering လုပ်နေချိန်မှာ CPU ဟာ အများအားဖြင့် 90W အထိရှိနေပြီး တစ်ခါတရံမှာ 105W အထိ မြင့်တက်သွားတာတွေ့ရပါတယ်။ ဂိမ်းကစားတဲ့အချိန်မှာတော့ CPU 90W နဲ့ GPU 25W ဝန်းကျင်မှာ ရှိပါတယ်။ GPU ကိုအရမ်းအသားပေးတဲ့ workload တွေမှာဆို 105W ဝန်းကျင် သုံးနေတာတွေ့ရပြီး CPU ကတော့ အဲအချိန်မှာ 11~15W လောက်ပဲစားပါတယ်။

The Good

  • Powerful Mobile GPU
  • 1TB PCIE Gen 4 SSD
  • Exceptional Performance

The Bad

  • Just Average Speaker Quality
  • Noisy Fan
  • Weak Display


Conclusion

အချုပ်ဆိုရရင် Katana 15 B13V ဟာ သူ့စျေးတန်းမှာ အတော်လေးကောင်းမွန်တဲ့ gaming စွမ်းဆောင်ရည်ကို ပေးအပ်ထားပါတယ်။ budget series မို့ အားနည်းချက်တွေ ရှိတယ်ဆိုပေမယ့် မနှစ်ကမော်ဒယ်ထက်ကို တိုးတက်မှုတွေရှိလာပါတယ်။ 5200MHz DDR5 Memory နဲ့ 1TB SSD ကို ထည့်ပေးထားတာကလည်း ဂိမ်းကစားတဲ့သူတွေအတွက် ပိုအဆင်ပြေစေမှာပါ။ စျေးနှုန်းအရ ပုံမှန် $1599 ရှိတဲ့ ဒီ laptop ကိုစျေးကြီးတယ်လို့မြင်ရနိုင်ပြီး လောလောဆယ်မှာ MSI က $100 cash back ပေးတယ်လို့သိရပါတယ်။ RTX 40 series laptop တွေဟာ မနှစ်က RTX 30 series laptop တွေထက် စျေးကြီးမြင့်နေတာကလည်း Katana 15 B13V ကို စျေးကြီးသွားတယ်လို့ ထင်စရာဖြစ်နေတာပါ။ 

ဒါပေမယ့် သူရဲ့စွမ်းဆောင်ရည်ဟာ မနှစ်က $2000 ဝန်းကျင် အမြင့်ပိုင်း gaming laptop တွေကို ကောင်းကောင်းယှဥ်နိုင်သလို နောက်ဆုံးထွက်ရှိထားတဲ့ နည်းပညာတွေကိုပါအပြည့်အဝ အသုံးချခွင့်ရမှာဖြစ်ပါတယ်။ screen က အရောင်ပိုင်းအားနည်းချက်အပြင် 144Hz သာရလို့ သိပ်သဘောမကျတဲ့သူတွေရှိနိုင်ပေမယ့် သင့်အနေနဲ့ စျေးနှုန်းသင့်တင့်ပြီး အကောင်းဆုံးစွမ်းဆောင်ရည်နဲ့ နောက်ဆုံးထွက် hardware နဲ့မှ ဂိမ်းကစားလိုတယ်ဆိုရင်တော့ Katana 15 B13V ဟာ ငြင်းရက်စရာမရှိတဲ့ gaming laptop တစ်ခုလို့ပဲဆိုချင်ပါတယ်။ ဒီ review အတွက် ကျနော့်ကို Review Unit ငှားရမ်းပေးတဲ့ MSI Gaming ကိုလည်းကျေးဇူးတင်ပါတယ်။

#EnThueTech
#Review
#Gaming #Laptop
#MSI #Katana15 #RTX4060

Post a Comment

0 Comments