Subscribe Us

header ads

အီရန်အစိုးရက Starlink အင်တာနက်ကို စစ်ဘက်သုံး Jammer များဖြင့် ပိတ်ပင်

Image: SpaceX

အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ အာဏာပိုင်တွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်လိုက်တယ်လို့ IranWire သတင်းအရ သိရပါတယ်။ အရင်ကလည်း ဆူပူမှုတွေဖြစ်ရင် အခုလို လုပ်လေ့ရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ ထူးခြားတာက အီရန်နိုင်ငံအတွင်းမှာ ရှိနေတဲ့ Starlink ဂြိုဟ်တုအင်တာနက် ထောင်ပေါင်းများစွာကိုပါ အောင်အောင်မြင်မြင် နှောင့်ယှက်ပိတ်ပင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ပြည်သူတွေ အင်တာနက်ပြန်ရဖို့အတွက် SpaceX နဲ့ Starlink ရဲ့ ပိုင်ရှင်ဖြစ်သူ Elon Musk နဲ့ စကားပြောဆိုသွားမယ်လို့ တနင်္ဂနွေနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လက်ရှိ အီရန်နိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ အာဏာပိုင်တွေကြား ထိပ်တိုက်တွေ့ဆုံမှုတွေဟာ အလွန်ပြင်းထန်နေပြီး ကမ္ဘာ့မီဒီယာတွေမှာလည်း လွန်ခဲ့တဲ့ လေးရက်အတွင်း သေဆုံးသူနဲ့ ဖမ်းဆီးခံရသူ အရေအတွက် အဆမတန် များပြားနေတဲ့အကြောင်းတွေကို ထိပ်တန်းသတင်းတွေအဖြစ် ဖော်ပြနေကြပါတယ်။ အီရန်အစိုးရက အခုလို အင်တာနက်၊ မိုဘိုင်းလ်ဖုန်းလိုင်းနဲ့ တယ်လီဖုန်းဆက်သွယ်ရေးတွေကို ဖြတ်တောက်ရတဲ့ အဓိကအကြောင်းရင်းကတော့ ဆန္ဒပြသူတွေကြား ဆက်သွယ်ရေးနဲ့ စုရုံးလှုံ့ဆော်မှုတွေကို ဟန့်တားဖို့အပြင် ပြည်တွင်းမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဗီဒီယိုနဲ့ ဓာတ်ပုံတွေကတစ်ဆင့် ကမ္ဘာ့အပြင်ဘက်ကို မရောက်အောင် တားဆီးသွားဖို့ဖြစ်ပါတယ်။ 

ဒီတစ်ကြိမ်မှာ Starlink အင်တာနက်လိုင်းတွေ သိသိသာသာ ကျဆင်းသွားတာနဲ့ပတ်သက်ပြီး အင်တာနက် သုတေသီ Amir Rashidi က Starlink ဂြိုဟ်တုတွေကို ဦးတည်ပြီး စစ်ဘက်သုံး jamming signals တွေနဲ့ တိုက်ခိုက်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလို လုပ်ဆောင်ခဲ့မှုကြောင့် Starlink ရဲ့ အင်တာနက်အသွားအလာ ၈၀ ရာခိုင်နှုန်းလောက်အထိ အနှောင့်အယှက်ဖြစ်သွားခဲ့ရပါတယ်။ ဒီလို ဆန်းပြားတဲ့ နည်းပညာဟာ အရင်က မရှိခဲ့ဖူးတဲ့ အခြေအနေဖြစ်ပြီး ဒါဟာ တရုတ် ဒါမှမဟုတ် ရုရှားဆီက နည်းပညာတွေကို ရယူအသုံးပြုထားတာ ဖြစ်နိုင်သလို ပြည်တွင်းဖြစ်လည်း ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

လက်ရှိမှာတော့ အီရန်အစိုးရနဲ့ နီးစပ်တဲ့ ဝဘ်ဆိုဒ်တွေ၊ Telegram Channel တွေ၊ နိုင်ငံပိုင်မီဒီယာတွေနဲ့ တက္ကသိုလ်ကွန်ရက်အချို့ကိုတော့ ဦးစားပေးပြီး အင်တာနက် ပြန်ဖွင့်ပေးနေတယ်လို့ သိရပါတယ်။ အရင်တစ်ခေါက် အင်တာနက်ဖြတ်တောက်မှုတုန်းက ၁၂ ရက်ကြာခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ အဲဒီထက် ပိုကြာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ 

သမ္မတ ထရမ့်ကတော့ အီရန်ပြည်သူတွေအတွက် Starlink လိုမျိုး အင်တာနက်ဝန်ဆောင်မှုတွေ ပြန်ရအောင် Elon Musk နဲ့ ဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ Elon Musk ဟာ ဒီလိုကိစ္စမျိုးတွေမှာ အလွန်ကျွမ်းကျင်သူဖြစ်ပြီး သူ့မှာ အင်မတန်ကောင်းမွန်တဲ့ ကုမ္ပဏီရှိတယ်လို့လည်း ထရမ့်က ယုံကြည်မှုအပြည့်နဲ့ ပြောကြားခဲ့ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: Tom's Hardware

Post a Comment

0 Comments