Subscribe Us

header ads

Multiple Monitor Setup ကို အစားထိုးနိုင်သည့် Dell ၏ ၅၂ လက်မ 6K Ultrawide Curved Monitor

Image: Dell

Dell ကုမ္ပဏီကနေ မော်နီတာ အများကြီးကို တွဲဖက်အသုံးပြုနေရတာကို အဆုံးသတ်ပေးမယ့် ကမ္ဘာ့ပထမဆုံး ၅၂ လက်မ 6K မော်နီတာအသစ်ကြီးကို မိတ်ဆက်လိုက်ပါတယ်။ ဒီ Dell UltraSharp 52 Thunderbolt Hub Monitor ဟာ မော်နီတာ အမြောက်အမြား သုံးစရာမလိုဘဲ သူ့တစ်လုံးတည်းနဲ့တင် အလုပ်အားလုံးကို ပြီးမြောက်စေဖို့ ရည်ရွယ်ထုတ်လုပ်ထားတာပါ။ အထူးသဖြင့် ကွန်ပျူတာ လေးလုံးအထိ တစ်ပြိုင်နက် ချိတ်ဆက်အသုံးပြုနိုင်တာ၊ Picture-in-picture mode နဲ့ မျက်နှာပြင်ကို စိတ်ကြိုက် ပိုင်းခြားအသုံးပြုနိုင်တာတွေက ဒီမော်နီတာရဲ့ ထူးခြားချက်တွေပဲ ဖြစ်ပါတယ်။

Image: Dell

မျက်နှာပြင်အရွယ်အစား ၅၁.၅ လက်မရှိတဲ့ ဒီမော်နီတာကြီးမှာ IPS Black panel နည်းပညာကို အသုံးပြုထားပြီး Hub တစ်ခုလိုလည်း အလုပ်လုပ်နိုင်ပါတယ်။ Dell ရဲ့ အဆိုအရ ဒီမော်နီတာကို အဓိက ပစ်မှတ်ထားတာကတော့ စတော့ရှယ်ယာ အရောင်းအဝယ်လုပ်သူတွေ၊ Data Scientist တွေ၊ အင်ဂျင်နီယာတွေနဲ့ Application မျိုးစုံကို တစ်ပြိုင်နက် ကိုင်တွယ်နေရတဲ့ အမှုဆောင်အရာရှိတွေအတွက် ဖြစ်ပါတယ်။ ကွန်ပျူတာ လေးလုံးအထိ ချိတ်ဆက်နိုင်ရုံတင်မကဘဲ Keyboard တစ်ခု၊ Mouse တစ်ခုတည်းနဲ့တင် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာအားလုံးကို ထိန်းချုပ်နိုင်မယ့် KVM စနစ်လည်း ပါဝင်ပါတယ်။

Image: Dell

နည်းပညာပိုင်းအနေနဲ့ 6144 × 2560 Resolution ကို 21:9 aspect ratio နဲ့ရရှိမှာဖြစ်ပြီး Refresh Rate ကတော့ 120Hz နဲ့ ရရှိမှာဖြစ်ပါတယ်။ မျက်နှာပြင်အကွေးက 4200R ရှိပြီး အရောင်အသွေး တိကျမှုကို မထိခိုက်စေဘဲ မျက်စိကို ဒုက္ခပေးတဲ့ အပြာရောင်အလင်းတန်းကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်လို့ TUV Rheinland ရဲ့ အဆင့်မြင့်ဆုံး လက်မှတ်ကိုပါ ရရှိထားပါတယ်။ ဒါ့အပြင် အလင်းပြန်မှုကို လျှော့ချပေးတဲ့ Anti-glare coating ပါဝင်သလို မော်နီတာကို ဘေးတိုက်လှည့်တာ၊ အပေါ်အောက် ငုံ့တာ မော့တာနဲ့ အမြင့်ကို ၉၀ မီလီမီတာအထိ ချိန်ညှိတာတွေကိုလည်း စိတ်ကြိုက်လုပ်နိုင်ပါတယ်။

Image: Dell

ချိတ်ဆက်မှုပိုင်းမှာလည်း အားရစရာကောင်းလောက်အောင် Port တွေ အစုံအလင် ပါဝင်ပါတယ်။ HDMI 2.1၊ DisplayPort 1.4 နဲ့ 140W အထိ အားသွင်းပေးနိုင်တဲ့ Thunderbolt 4 port တွေအပြင် USB-C၊ USB-A နဲ့ Ethernet port တွေလည်း အများကြီး ပါဝင်ပါတယ်။ ထူးခြားတာက ရှေ့ဘက်မှာ အလွယ်တကူ သုံးလို့ရတဲ့ Quick-access hub ပါဝင်ပြီး အသုံးမလိုတဲ့အခါ ပြန်သိမ်းထားလို့လည်း ရပါတယ်။ စပီကာတွေလည်း အသင့်ပါဝင်ပြီးသားဖြစ်သလို ပတ်ဝန်းကျင် အလင်းအမှောင်ကို လိုက်ပြီး မျက်နှာပြင်အလင်းကို ချိန်ညှိပေးမယ့် ambient light sensor လည်း ပါဝင်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ Stand ပါတဲ့ မော်ဒယ်ကို ၂,၈၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး Stand မပါရင်တော့ ၂,၇၉၉.၉၉ ဒေါ်လာ ကျသင့်မှာပါ။ ဇန်နဝါရီလ ၆ ရက်နေ့ကစပြီး တစ်ကမ္ဘာလုံးမှာ စတင်ဝယ်ယူနိုင်ပြီဖြစ်လို့ မော်နီတာ အများကြီးနဲ့ ရှုပ်ရှုပ်ရှက်ရှက် အလုပ်လုပ်နေရသူတွေအတွက်တော့ အကောင်းဆုံး ဖြေရှင်းချက်တစ်ခု လို့ဆိုနိုင်ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: Notebookcheck

Post a Comment

0 Comments