![]() |
| Image: AMD |
AMD ဟာ ၂၀၂၆ ခုနှစ် CES ပွဲမှာ သူတို့ရဲ့ နောက်ထပ်ခြေလှမ်းသစ်ဖြစ်တဲ့ Ryzen AI 400 ပရိုဆက်ဆာတွေကို မိတ်ဆက်လိုက်ပါတယ်။ ဒီချစ်ပ်အသစ်တွေရဲ့ အဓိကရည်မှန်းချက်ကတော့ လက်ရှိ Ryzen AI 300 လိုပဲ CPU စွမ်းဆောင်ရည်ကို အမြင့်ဆုံးတင်ပေးဖို့ဖြစ်ပြီး၊ တစ်ဖက်မှာလည်း AI လုပ်ဆောင်ချက်တွေအတွက် လုံလောက်တဲ့ TOPS (စက္ကန့်အလိုက် AI တွက်ချက်မှုနှုန်း) နဲ့ ဘက်ထရီသက်တမ်းကိုပါ အကောင်းဆုံးထိန်းညှိပေးထားတာကြောင့် လက်ပ်တော့ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။
![]() |
| Image: AMD |
ဒီတစ်ခေါက် ထူးခြားချက်ကတော့ Ryzen AI 400 ချစ်ပ်တွေကို Copilot+ လက်ပ်တော့တွေမှာသာမက "Socketed Desktops" လို့ခေါ်တဲ့ ဒက်စ်တော့ကွန်ပျူတာတွေမှာပါ အသုံးပြုနိုင်မှာဖြစ်လို့ ဒက်စ်တော့ PC သုံးစွဲသူတွေအတွက်လည်း AI စွမ်းရည်တွေကို အပြည့်အဝ ခံစားနိုင်တော့မှာပါ။ ဒါ့အပြင် လုပ်ငန်းသုံး PC တွေအတွက် ရည်ရွယ်တဲ့ "Pro" ဗားရှင်းတွေကိုလည်း ထည့်သွင်းမိတ်ဆက်ပေးခဲ့ပါသေးတယ်။
AMD ဘက်ကတော့ ဒီ AI 400 ကို Gorgon Point ဆိုတဲ့ ကုဒ်နာမည်နဲ့ တရားဝင် မခေါ်ဆိုခဲ့ပေမယ့် ထွက်ပေါ်လာတဲ့ specs တွေအရ ပြီးခဲ့တဲ့နှစ်က ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေနဲ့ ကိုက်ညီနေပါတယ်။ အမြင့်ဆုံး အနေနဲ့ Zen 5 architecture ကို အသုံးပြုထားတဲ့ 12 cores နဲ့ 24 threads အထိ ပါဝင်မှာဖြစ်ပြီး Boost clock ကတော့ 5.2GHz အထိ ရှိမှာပါ။ AI စွမ်းဆောင်ရည်ပိုင်းမှာတော့ 60 TOPS အထိ ရှိလာမှာဖြစ်ပြီး GPU အနေနဲ့ RDNA 3.5 ရဲ့ unit ပေါင်း ၁၆ ခု ပါဝင်မှာ ဖြစ်ပါတယ်။
အချက်အလက်တွေအရ ကြည့်ရင်တော့ လက်ရှိ Ryzen AI 300 နဲ့ တော်တော်လေး ဆင်တူနေပါတယ်။ Ryzen AI 300 ဟာ Intel ရဲ့ Lunar Lake ချစ်ပ်တွေနဲ့ Qualcomm ရဲ့ Snapdragon X Elite တို့ကို ဘက်ထရီသက်တမ်းမှာ ယှဉ်နိုင်ရုံတင်မကဘဲ CPU စွမ်းဆောင်ရည်မှာဆိုရင် ထိပ်ဆုံးက ပြေးနေခဲ့တာပါ။ AMD ရဲ့ အဆင့်မြင့်အရာရှိ Rahul Tikoo ကတော့ သူတို့အနေနဲ့ CPU၊ GPU ရော NPU ပါ အားလုံးမှာ ထိပ်တန်းစွမ်းဆောင်ရည် ရရှိဖို့နဲ့ ခရီးဆောင်သွားလာရာမှာ ရက်ပေါင်းများစွာ အသုံးခံမယ့် ဘက်ထရီသက်တမ်း၊ နောက်ပြီး နောက်ထွက်လာမယ့် AI နည်းပညာအသစ်တွေကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ့် စွမ်းဆောင်ရည်မျိုး ရအောင် လုပ်ဆောင်ထားတာလို့ ဆိုပါတယ်။
သတင်းထောက်တွေကတော့ ဒီချစ်ပ်အသစ်ဟာ AI 300 ကိုပဲ နာမည်ပြောင်းထားတာလားလို့ မေးခွန်းထုတ်ခဲ့ကြပေမယ့် AMD ရဲ့ ထုတ်ကုန်စီမံခန့်ခွဲမှု ဒါရိုက်တာ Rakesh Anigundi ကတော့ နာမည်ပြောင်းထားတာ မဟုတ်ဘဲ Firmware ပိုကောင်းအောင် လုပ်ထားတာနဲ့ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် စွမ်းဆောင်ရည် ပိုတက်လာတာလို့ ရှင်းပြခဲ့ပါတယ်။ နည်းပညာပိုင်းအရတော့ AI 400 ရော AI 300 ရောဟာ 4nm process ကိုပဲ အသုံးပြုထားတာ ဖြစ်ပါတယ်။
![]() |
| Image: AMD |
AMD ဟာ Ryzen AI 400 series ချစ်ပ် စုစုပေါင်း ၇ မျိုးကို ထုတ်လုပ်သွားမှာဖြစ်ပြီး ဂိမ်းကစားဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ အမြင့်ဆုံး Ryzen AI 9 HX 475 ကနေ အခြေခံအဆင့် Ryzen AI 5 430 အထိ ပါဝင်မှာပါ။ ဒီချစ်ပ်တွေမှာ Zen 5 cores အစစ်တွေနဲ့ စွမ်းအင်ချွေတာပေးမယ့် Zen 5c cores တွေကို core အရေအတွက်နဲ့ speed အလိုက် မျိုးစုံ ပေါင်းစပ်ပေးထားပါတယ်။ ချစ်ပ်အားလုံးဟာ 15 ကနေ 54 ဝပ်အထိ အပူထွက်ရှိမှုကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားပါတယ်။
![]() |
| Image: AMD |
အခု Ryzen AI 400 မှာ ထူးခြားတာက ချစ်ပ်အားလုံးဟာ 2.0 GHz base clock နဲ့ စတင်ပေမယ့် boost လုပ်တဲ့အခါမှာတော့ တစ်ခုနဲ့တစ်ခု speed ကွာခြားသွားမှာပါ။ ဥပမာ Ryzen AI 9 HX 475 နဲ့ 470 ဟာ တခြားအချက်တွေ အကုန်တူပေမယ့် AI တွက်ချက်နိုင်တဲ့ NPU စွမ်းရည်မှာတော့ 60 TOPS နဲ့ 55 TOPS ဆိုပြီး အနည်းငယ် ကွာခြားမှု ရှိပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ အမျိုးအစားအလိုက် specs တွေပဲ ဖြစ်ပါတယ်။
- Ryzen AI 9 HX 475: 12 cores / 24 threads, 5.2GHz boost, Radeon 890M (16 CUs)
- Ryzen AI 9 HX 470: 12 cores / 24 threads, 5.2GHz boost, Radeon 890M (16 CUs)
- Ryzen AI 9 465: 10 cores / 20 threads, 5.0GHz boost, Radeon 880M (12 CUs)
- Ryzen AI 7 450: 8 cores / 16 threads, 5.1GHz boost, Radeon 860M (8 CUs)
- Ryzen AI 7 445: 6 cores / 12 threads, 4.6GHz boost, Radeon 840M (4 CUs)
- Ryzen AI 5 435: 6 cores / 12 threads, 4.5GHz boost, Radeon 840M (4 CUs)
- Ryzen AI 5 430: 4 cores / 8 threads, 4.5GHz boost, Radeon 840M (4 CUs)
![]() |
| Image: AMD |
စွမ်းဆောင်ရည်ပိုင်းမှာတော့ AMD က Ryzen AI 400 ဟာ ပြိုင်ဘက်တွေထက် Multitasking လုပ်ဆောင်ရာမှာ ၁.၃ ဆ ပိုမြန်ပြီး Content Creation ပိုင်းမှာဆိုရင် ၁.၇ ဆအထိ ပိုမြန်တယ်လို့ ဆိုပါတယ်။ ဒါဟာ လက်ရှိ Intel ရဲ့ Lunar Lake (Core Ultra 200) နဲ့ ယှဉ်ပြထားတာ ဖြစ်ပါတယ်။ တကယ်တမ်း ဘယ်သူက ပိုသာမလဲဆိုတာကိုတော့ ၂၀၂၆ အစောပိုင်းမှာ ချစ်ပ်တွေ တကယ်ထွက်လာမှ သိရမှာဖြစ်ပေမယ့် Asus, Acer, Dell, HP နဲ့ Lenovo စတဲ့ ကုမ္ပဏီကြီးတွေကတော့ ဒီချစ်ပ်တွေကို သုံးဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။
![]() |
| Image: AMD |
ဂိမ်းကစားတဲ့အပိုင်းမှာလည်း AMD ရဲ့ စွမ်းဆောင်ရည်ပြသမှုတွေက စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ အထူးသဖြင့် ဂရပ်ဖစ်ကတ်အသီးသန့်မပါဘဲ ပရိုဆက်ဆာထဲမှာတင် ပါဝင်တဲ့ integrated graphics နဲ့တင် ဂိမ်းတွေကို ကောင်းကောင်းကစားနိုင်ဖို့ ကြိုးစားထားတာပါ။ ဂိမ်းကစားသူတွေအတွက်တော့ ဒါဟာ သတင်းကောင်းတစ်ခုပါပဲ။
![]() |
| Image: AMD |
![]() |
| Image: AMD |
ဒါ့အပြင် ဒီချစ်ပ်တွေဟာ ပိုမြန်တဲ့ DRAM (8533 MT/s) ကိုပါ ထောက်ပံ့ပေးထားပါတယ်။ ဒါပေမယ့် ဒီမြန်နှုန်းကို အပြည့်အဝရဖို့ကတော့ ကွန်ပျူတာထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ဘယ်လောက်အဆင့်မြင့်တဲ့ DRAM တွေကို ထည့်ပေးမလဲဆိုတာအပေါ်မှာ မူတည်နေပါတယ်။
လက်ရှိမှာ AMD ဟာ ဒက်စ်တော့ဈေးကွက်မှာတော့ Ryzen X3D ချစ်ပ်တွေနဲ့ နေရာကောင်းကောင်း ရထားပေမယ့် လက်ပ်တော့ (mobile) ဈေးကွက်မှာတော့ ၂၀ ရာခိုင်နှုန်းလောက်မှာပဲ ရှိနေပါသေးတယ်။ ဒီ Ryzen AI 400 series ကတော့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ AI PC တွေကို ဖန်တီးပေးနိုင်မှာဖြစ်လို့ ဈေးကွက်ဝေစုကို ပိုရလာမလားဆိုတာ စောင့်ကြည့်ရမှာပါ။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: PC World

.jpg)






0 Comments