Subscribe Us

header ads

နှစ် ၂၀ သက်တမ်းပြည့်သွားသော်လည်း အကောင်းဆုံးဖြန့်ချိရေးမီဒီယာအဖြစ် ဆက်လက်တည်ရှိနေသည့် Blu-ray အခွေများ

Image: Shutterstock

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ တိတိ ၂၀၀၆ ခုနှစ်ရဲ့ ဒီလိုနေ့မျိုးမှာ Las Vegas က CES ပြပွဲကြီးဟာ Blu-ray နည်းပညာ၊ စက်တွေနဲ့ အခွေတွေအကြောင်းနဲ့ ဆူညံနေခဲ့တာပါ။ နှစ်အတော်ကြာ ပြင်ဆင်ခဲ့ရတဲ့ Blu-ray ဟာ အဓိက ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကြီး ၈ ခုထဲက ၇ ခုရဲ့ ထောက်ခံမှုနဲ့အတူ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ DVD ရဲ့ ဆက်ခံသူဖြစ်တဲ့ Blu-ray ဟာ ဒေတာသိမ်းဆည်းနိုင်မှု ပမာဏ ပိုမိုများပြားလာပြီး ဒါဟာ Blue-violet Laser Diodes ကို အသုံးပြုထားလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ကို Blu-ray လို့ အမည်ပေးခဲ့တာပါ။

Blu-ray အခွေတွေဟာ အလွှာတစ်ခုတည်းမှာတင် 25GB အထိ သိမ်းဆည်းနိုင်ပြီး DVD ရဲ့ 4.7GB နဲ့ ယှဉ်ရင် သိသိသာသာ သာလွန်သွားပါတယ်။ ဒါဟာ 405nm ရှိတဲ့ Blue-violet Laser ကို အဆင့်မြင့်ပစ္စည်းတွေနဲ့ ပေါင်းစပ်အသုံးပြုလိုက်တဲ့အတွက် လှိုင်းအလျား ပိုတိုသွားပြီး တစ်စတုရန်းမီလီမီတာမှာ ဒေတာအစက်အပြောက် (Pits) တွေကို ပိုမိုသိပ်သည်းစွာ ထည့်သွင်းနိုင်ခဲ့လို့ပါ။ ရလဒ်အနေနဲ့ DVD ထက် ဒေတာသိမ်းဆည်းနိုင်မှု ၁၀ ဆလောက် ပိုများလာခဲ့ပါတယ်။

ဒါတင်မကသေးဘဲ ဒေတာကူးပြောင်းမှုနှုန်းမှာလည်း DVD က 11 Mbps ပဲ ရှိချိန်မှာ Blu-ray က 36 Mbps အထိ မြင့်တက်လာပါတယ်။ ဗီဒီယို အရည်အသွေးပိုင်းမှာလည်း AVC (H.264) Codec ကို အသုံးပြုထားလို့ ပိုမိုကောင်းမွန်တဲ့ HD ဗီဒီယိုတွေကို အဆင်ပြေပြေ ကြည့်ရှုနိုင်ခဲ့တာ ဖြစ်ပါတယ်။

Blu-ray နဲ့ HD DVD တို့ရဲ့ တိုက်ပွဲ

Blu-ray အောင်မြင်ဖို့ လမ်းကြောင်းဟာ အစပိုင်းမှာတော့ မချောမွေ့ခဲ့ပါဘူး။ အီလက်ထရောနစ် ကုမ္ပဏီတွေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေကြားမှာ Blu-ray နဲ့ HD DVD ဆိုပြီး အပြိုင်အဆိုင် ဖြစ်ခဲ့ကြပါတယ်။ ဒါဟာ ဟိုးအရင်က VHS နဲ့ Betamax ဗီဒီယိုတိပ်ခွေ တိုက်ပွဲလိုပါပဲ။ နောက်ဆုံးမှာတော့ Sony က အဓိက ကျောထောက်နောက်ခံပေးထားတဲ့ Blu-ray ကသာ အနိုင်ရရှိခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်းက ဂိမ်းကစားသူတွေဆိုရင် Xbox နဲ့ PlayStation တို့ကြားမှာ ဒီနည်းပညာနှစ်ခု ကွဲပြားခဲ့တာကို မှတ်မိကြဦးမှာပါ။ ဒါပေမဲ့ Blu-ray ရဲ့ သိမ်းဆည်းနိုင်မှု ပိုများတာ၊ ကော်ပီကူးယူမှုကို ကာကွယ်နိုင်တာနဲ့ ကုမ္ပဏီကြီးတွေရဲ့ ထောက်ခံမှု ပိုရတာကြောင့် ဒီပြိုင်ပွဲဟာ ၂၀၀၈ ခုနှစ် အစောပိုင်းမှာတင် Blu-ray ရဲ့ အနိုင်နဲ့ ပြီးဆုံးခဲ့ပါတယ်။

ယနေ့ခေတ် Blu-ray အခြေအနေ

Blu-ray ဟာ စတင်ကတည်းက အမြဲတမ်း တိုးတက်ပြောင်းလဲနေခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ 4K Blu-ray တွေမှာ HEVC နဲ့ HDR လို နည်းပညာတွေပါ ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။ Blu-ray အခွေတွေရဲ့ ဒေတာနှုန်း (Bitrate) ဟာ အခုချိန်ထိ အကောင်းဆုံး Streaming ဝန်ဆောင်မှုတွေထက် အများကြီး သာလွန်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာ ရုပ်ရှင်ရုံလို အရည်အသွေးမျိုး လိုချင်သူတွေကြားမှာ ဒီအခွေတွေက အခု ၂၀၂၆ ခုနှစ်အထိ ရေပန်းစားနေဆဲ ဖြစ်သလို အင်တာနက် အခက်အခဲရှိတဲ့ ဒေသတွေမှာလည်း အသက်ဆက်နေဆဲပါ။ ခေတ်ပေါ် ဂိမ်းစက်အချို့မှာလည်း အခွေနဲ့ ရောင်းချတဲ့ စနစ်မှာ ဆက်သုံးနေကြပါသေးတယ်။

ဒါပေမဲ့ စက်မှုလုပ်ငန်းရဲ့ လားရာကို ကြည့်ရင်တော့ Blu-ray ရဲ့ နေ့ရက်တွေဟာ ကုန်ဆုံးလာပါပြီ။ ဂိမ်းစက်ထုတ်လုပ်သူတွေက အခွေသုံးတဲ့စနစ်ကနေ စွန့်ခွာလာကြသလို၊ Sony ကလည်း ၂၀၂၅ မှာ Blu-ray အခွေအလွတ် ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပြီး LG ကလည်း ၂၀၂၄ နှောင်းပိုင်းမှာ Blu-ray စက်တွေ ထုတ်လုပ်တာကို အဆုံးသတ်ခဲ့ပါတယ်။ ဒီအပြောင်းအလဲတွေဟာ Blu-ray အတွက် နိဂုံးပိုင်းကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။

PC တွေမှာ Blu-ray တွေ ပါဝင်လာခဲ့တာဟာ အတော်လေး ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဂျပန်မှာတော့ ထူးထူးခြားခြားပဲ Windows 10 support ကုန်ဆုံးချိန်မှာ အခွေဖတ်စက် ဝယ်လိုအားတွေ ပြန်တက်လာတာကို သတိထားမိပါတယ်။ ဒေတာသိမ်းဆည်းမှု နည်းပညာအသစ်တွေ ထွက်ပေါ်လာနေတဲ့ ဒီကနေ့ခေတ်မှာ ဒီလိုမျိုး Physical Media ကို အခြေခံတဲ့ အခွေဖတ်စက်တွေ နောက်ထပ်တစ်ကျော့ ပြန်ခေတ်စားလာဦးမလားဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: Tom's Hardware

Post a Comment

0 Comments