Intel ရဲ့ မျိုးဆက်သစ် ချစ်ပ်တွေဖြစ်တဲ့ Core Ultra Series 3 (Code Name: Panther Lake) ဟာ ကမ္ဘာ့ထိပ်တန်း PC ထုတ်လုပ်သူတွေရဲ့ ထောက်ခံမှုနဲ့အတူ ဈေးကွက်ထဲကို တရားဝင် ရောက်ရှိလာပါပြီ။ ၂၀၂၆ CES ပွဲမှာ Intel ရဲ့ ဒုတိယဥက္ကဋ္ဌ Jim Johnson က ဒီချစ်ပ်တွေဟာ ကွန်ပျူတာလောကရဲ့ အခြေခံစံနှုန်းတွေကို အသစ်ပြန်လည် သတ်မှတ်ပေးမယ့် နည်းပညာတွေဖြစ်တယ်လို့ ဂုဏ်ယူစွာနဲ့ ပြောကြားသွားခဲ့ပါတယ်။
ဒီ Panther Lake ချစ်ပ်တွေရဲ့ အဓိက ကျောရိုးကတော့ Intel ရဲ့ ပထမဆုံးသော 18A ထုတ်လုပ်မှု နည်းပညာပဲ ဖြစ်ပါတယ်။ Intel ရဲ့ အမှုဆောင်အရာရှိချုပ် Lip-Bu Tan က 18A နည်းပညာဟာ စွမ်းအင်ချွေတာမှုနဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်မယ့် RibbonFET နဲ့ PowerVia နည်းပညာတွေကို အသုံးပြုထားတာကြောင့် performance per watt မှာ ၁၅ ရာခိုင်နှုန်းအထိ ပိုမို တိုးတက်လာတယ်လို့ ဆိုပါတယ်။
နည်းပညာပိုင်းအရ ကြည့်ရင် Panther Lake ဟာ Meteor Lake မှာတုန်းက အသုံးပြုခဲ့တဲ့ စွမ်းဆောင်ရည်မြင့် P-cores၊ စွမ်းအင်ချွေတာတဲ့ E-cores နဲ့ အလွန်အမင်း စွမ်းအင်ချွေတာတဲ့ Low-power (LP) E-cores ပေါင်းစပ်မှုကို ပြန်လည် အသုံးပြုထားပါတယ်။ ဒါပေမယ့် ပိုပြီး အဆင့်မြင့်သွားတာကတော့ 50 TOPS အထိ စွမ်းဆောင်နိုင်တဲ့ AI တွက်ချက်မှုဆိုင်ရာ NPU နဲ့ Intel ရဲ့ နောက်ဆုံးပေါ် Xe3 GPU တွေ ပါဝင်လာတာပါပဲ။ ဒါကြောင့် 3D ရုပ်ထွက်ပိုင်းမှာ သိသိသာသာ ပိုမို ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
Intel ရဲ့ ပြောကြားချက်အရ Panther Lake ဟာ စွမ်းအင်သုံးစွဲမှု တူညီတဲ့နေရာမှာ Lunar Lake ထက် Single-threaded စွမ်းဆောင်ရည် ၁၀ ရာခိုင်နှုန်း ပိုကောင်းလာပြီး၊ Multi-threaded စွမ်းဆောင်ရည်မှာဆိုရင် ၅၀ ရာခိုင်နှုန်းကျော်အထိ ပိုမို မြန်ဆန်လာတယ်လို့ သိရပါတယ်။ တကယ်တော့ Panther Lake ဟာ ဒက်စ်တော့တွေမှာ အားနည်းခဲ့ပေမယ့် လက်ပ်တော့တွေမှာ အံသြစရာကောင်းလောက်အောင် စွမ်းဆောင်ရည်ပြခဲ့တဲ့ Arrow Lake ရဲ့ အရှိန်အဟုန်ကို Lunar Lake လိုမျိုး ဘက်ထရီအသုံးခံတဲ့ စနစ်နဲ့ ပေါင်းစပ်ထားတာလို့ ဆိုနိုင်ပါတယ်။
Panther Lake ချစ်ပ်တွေကို အဓိက ပုံစံ ၃ မျိုးနဲ့ တွေ့ရမှာပါ။ ပထမဆုံးက Core ၈ ခုပါတဲ့ အမျိုးအစားဖြစ်ပြီး 4 P-cores နဲ့ 4 LP E-cores ပါဝင်ပါတယ်။ ဒုတိယကတော့ Core ၁၆ ခုပါတဲ့ အမျိုးအစားဖြစ်ပြီး 4 P-cores၊ 8 E-cores နဲ့ 4 LP E-cores ပါဝင်မှာပါ။ နောက်ဆုံး အမြင့်ဆုံး အမျိုးအစားကတော့ Core ၁၆ ခု (4 P-cores, 8 E-cores, 4 LP E-cores) ပါဝင်ပေမယ့် ထူးခြားချက်က GPU cores ၁၂ ခုအထိ ပါဝင်လာတာဖြစ်ပြီး အလွန်မြန်တဲ့ 9600MT/s LPDDR5x မမ်မိုရီကိုပါ ထောက်ပံ့ပေးထားတာပါ။
ဒီအမြင့်ဆုံး "12Xe" ပုံစံကိုတော့ Intel Arc B390 graphics လို့ ခေါ်ဆိုမှာဖြစ်ပြီး ဒါဟာ ဂိမ်းကစားတဲ့နေရာမှာ Lunar Lake ထက် ၇၃ ရာခိုင်နှုန်းအထိ ပိုမို မြန်ဆန်သွားမှာပါ။ ဒါ့အပြင် XeSS 3 နည်းပညာကြောင့် AI အသုံးပြုပြီး ရုပ်ထွက် frames တွေကို ၃ ဆအထိ တိုးမြှင့်ပေးနိုင်တာကြောင့် ဂိမ်းတွေကို ပိုမို ချောမွေ့စွာ ကစားနိုင်တော့မှာ ဖြစ်ပါတယ်။
Intel ဟာ ဒီ Panther Lake နည်းပညာကို အခြေခံပြီး လက်ကိုင်ဂိမ်းစက် (Handheld) တွေအတွက် သီးသန့် Platform တစ်ခုကိုလည်း ယခုနှစ်နှောင်းပိုင်းမှာ ထုတ်ပေးဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာ PC ထုတ်လုပ်သူတွေက Panther Lake ကို အသုံးပြုတဲ့ ဒီဇိုင်းပေါင်း ၂၀၀ ကျော်ကို ပြင်ဆင်ထားကြပြီဖြစ်လို့ မကြာခင်မှာပဲ လူတိုင်းနဲ့ ကိုက်ညီမယ့် Series 3 လက်ပ်တော့တွေကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: PC World and Techpowerup




0 Comments