![]() |
Image via Techpowerup |
ဈေးကွက်အတွင်း သတင်းရင်းမြစ်များကို ကိုးကားပြီး TrendForce ရဲ့ အဆိုအရ Hard Disk Drive (HDD) တွေအတွက် စောင့်ဆိုင်းရတဲ့အချိန်ဟာ အခုဆိုရင် တစ်နှစ်နီးပါးအထိ ကြာမြင့်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဒီအခြေအနေကြောင့် Western Digital ဟာလည်း တခြားကုမ္ပဏီတွေလိုပဲ သူတို့ရဲ့ HDD ထုတ်ကုန်အားလုံးရဲ့ ဈေးနှုန်းကိုမြှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။
အခုဆိုရင် Western Digital ဟာ ဈေးနှုန်းပြောင်းလဲလိုက်တဲ့ တတိယမြောက် အဓိက storage ထုတ်လုပ်သူ ဖြစ်လာပါတယ်။ Micron ကတော့ သူတို့ရဲ့ ဈေးနှုန်းတွေ အေးစက်နေချိန်မှာ SanDisk ကတော့ သူတို့ရဲ့ NAND ဈေးနှုန်းတွေကို ၁၀% မြှင့်တင်ခဲ့ပါတယ်။ Western Digital ရဲ့ အဆိုအရ HDD အရွယ်အစားအားလုံးအတွက် ဝယ်လိုအား အလွန်အမင်း မြင့်တက်နေတာနဲ့ နောက်ဆုံးပေါ်နည်းပညာတွေအတွက် လုပ်ဆောင်နေတာတွေကြောင့် ဈေးနှုန်းကို တဖြည်းဖြည်း မြှင့်တင်ရတာလို့ ဆိုပါတယ်။ Western Digital ဟာ ထုတ်ကုန်တွေကို ပင်လယ်ရေကြောင်းကနေ ပိုမိုတင်ပို့ဖို့ စီစဉ်နေပြီး ဒါက လက်ရှိ ပို့ဆောင်ချိန်အပေါ် နောက်ထပ် ၆ ပတ်ကနေ ၁၀ ပတ်အထိ ပိုကြာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် မှာယူတဲ့အခါ ဒီလိုပိုကြာမယ့် ပို့ဆောင်ချိန်ကို ထည့်သွင်းစဉ်းစားဖို့ သုံးစွဲသူတွေကို အသိပေးထားပါတယ်။
Google နဲ့ Oracle လို Cloud ဝန်ဆောင်မှုလုပ်ငန်းကြီးတွေက သူတို့ရဲ့ အခြေခံအဆောက်အအုံတွေကို တိုးချဲ့မြှင့်တင်လာတာနဲ့အမျှ သိုလှောင်မှုပမာဏကြီးမားတဲ့ storage တွေရဲ့ ဝယ်လိုအားအပေါ် သက်ရောက်မှုက storage ဈေးကွက်ကို ပိုပြီးတင်းမာစေကာ ရောင်းလိုအားနဲ့ ဝယ်လိုအားကြားမှာ သိသိသာသာ မမျှတမှုတွေ ဖြစ်ပေါ်စေပါတယ်။
HDD တွေအတွက် အကြာကြီးစောင့်ရတဲ့ ပြဿနာကို ဖြေရှင်းဖို့ memory ထုတ်လုပ်သူတွေက Nearline SSD ဆိုတဲ့ ရွေးချယ်စရာတွေကို ဖန်တီးဖို့ ကြိုးစားနေကြပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတော့ SSD နဲ့ HDD တွေရဲ့ ဈေးနှုန်းကွာဟချက်ကို လက်ရှိ ၄ ဆ၊ ၅ ဆ ကနေ ၃ ဆ လောက်အထိ လျှော့ချဖို့ ဖြစ်ပြီး ဒါမှ HDD တွေကို မစောင့်ချင်တဲ့ သုံးစွဲသူတွေအတွက် SSD တွေကို ပိုပြီး ဆွဲဆောင်မှုရှိတဲ့ ရွေးချယ်စရာတစ်ခု ဖြစ်လာစေမှာပါ။
AI ဝန်ဆောင်မှုတွေ အရှိန်အဟုန်နဲ့ ကြီးထွားလာတာကြောင့် infrastructure တွေအတွက် ဝယ်လိုအား များပြားလာပြီး ထုတ်လုပ်သူတွေကလည်း storage အမျိုးအစားအားလုံးအတွက် အဆမတန်မြင့်တက်နေတဲ့ ဝယ်လိုအားကို အမီလိုက်နိုင်ဖို့ ထုတ်လုပ်မှုကိုမြှင့်တင်ရတာ ခက်ခဲနေတာကြောင့် storage လုပ်ငန်းတစ်ခုလုံးက ဈေးနှုန်းတွေကို ညှိနှိုင်းပြောင်းလဲနေရတာ ဖြစ်ပါတယ်။
Source: Techpowerup
0 Comments