Subscribe Us

header ads

Steam update အသစ်တွင် CPU အပူချိန်စောင့်ကြည့်ခြင်းနှင့် အခြား Feature များပါဝင်လာ

Image: Valve

စက်တင်ဘာလ ၉ ရက်နေ့က ထွက်ရှိခဲ့တဲ့ Steam client update ဟာ ခုနောက်ပိုင်းမှာ အကြီးမားဆုံး update တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီ update မှာ bug ပြင်ဆင်ချက် ဒါဇင်ပေါင်းများစွာနဲ့အတူ user interface (UI)၊ controller input တွေနဲ့ performance စောင့်ကြည့်မှုတို့ကို ပိုမိုကောင်းမွန်စေမယ့် feature အသစ်များစွာ ပါဝင်လာပါတယ်။ အထူးခြားဆုံး feature အသစ်တစ်ခုကတော့ CPU အပူချိန်ကို စောင့်ကြည့်နိုင်တာပါပဲ — ဒါပေမဲ့ ဒီ feature ကို ဖွင့်သုံးဖို့အတွက်တော့ အသုံးပြုသူတွေက Valve ကို Windows kernel access ပေးဖို့ ယုံကြည်မလားဆိုတာကို အသုံးပြုသူကိုယ်တိုင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

Valve က ဇူလိုင်လတုန်းက Steam ရဲ့ in-game performance monitor အကြောင်းကို စတင်မိတ်ဆက်စဉ်ကတည်းက CPU အပူချိန်ကို ခြေရာခံနိုင်ဖို့အတွက် kernel-level အသုံးပြုခွင့်တွေ လိုအပ်လိမ့်မယ်လို့ သတိပေးခဲ့ဖူးပါတယ်။ အခု ဒီ update နဲ့အတူ၊ အသုံးပြုသူတွေဟာ အဲ့ဒီ feature ကို ဖွင့်သုံးမလား ဒါမှမဟုတ် ကျော်သွားမလားဆိုတာကို ရွေးချယ်နိုင်ပြီ ဖြစ်ပါတယ်။

Patch note တွေမှာတော့ kernel-mode driver အသစ်ကို သုံးမယ်မသုံးဘူးဆိုကို စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ပေးထားကြောင်း အသားပေးဖော်ပြထားပါတယ်။ အသုံးပြုသူတွေက performance monitor ကို အမြင့်ဆုံး CPU detail level မှာ ဖွင့်သုံးတဲ့အခါမှသာ ဒီ driver ကို install လုပ်မှာဖြစ်ပြီး ဂိမ်းတစ်ခုချင်းစီအလိုက် ပိတ်ထားလို့လည်း ရပါတယ်။

PC အသုံးပြုသူအများစုဟာ anti-cheat နဲ့ security program တွေလိုမျိုး kernel-level access လိုအပ်တဲ့ software တွေကို စိုးရိမ်တတ်ကြပါတယ်၊ ဘာလို့လဲဆိုတော့ ဒါက system ပြဿနာတွေ ဒါမှမဟုတ် အားနည်းချက်တွေ ဖြစ်နိုင်ခြေကို မြင့်တက်စေလို့ပါပဲ။ မှတ်သားစရာအချက်ကတော့ Linux ပေါ်မှာ CPU အပူချိန်စောင့်ကြည့်တာက ဒီလို access level မျိုး မလိုအပ်ပါဘူး။

ဒီ update မှာ Nvidia graphics card သုံးထားတဲ့ Windows PC တွေအတွက် GPU အသုံးပြုမှု (utilization) တိုင်းတာချက်တွေကိုလည်း ပိုမိုတိကျအောင် ပြုလုပ်ထားပါတယ်။ ဒါကြောင့် ဂိမ်းတချို့မှာ အရင်ကထက် utilization ပိုမြင့်တဲ့ ကိန်းဂဏန်းတွေကို ပြသနိုင်ပြီး၊ ဒီကိန်းဂဏန်းတွေက Windows Task Manager မှာပြတာနဲ့ ကွဲပြားနိုင်တယ်လို့သိရပါတယ်။

Performance monitoring ဆိုတဲ့ feature ကတော့ UI ပိုင်းဆိုင်ရာတိုးတက်မှုအစုစုရဲ့ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါတယ်။ ဒီ update မှာ DPI scaling ကို မိတ်ဆက်ခဲ့ပြီး ဒါက operating system ရဲ့ resolution scale အပေါ်မူတည်ပြီး စာလုံးအရွယ်အစားကို အလိုအလျောက် ချိန်ညှိပေးမှာဖြစ်လို့ resolution မြင့်တဲ့ display တွေမှာ Steam ကို ကြည့်ရတာ ပိုလွယ်ကူစေမှာပါ။ အခြားအပြောင်းအလဲတွေကတော့ high-contrast mode၊ motion reduction၊ ပိုမိုကောင်းမွန်လာတဲ့ accessibility label တွေ၊ ပိုကျယ်လာတဲ့ store page တွေနဲ့ menu ပိုင်းဆိုင်ရာပြင်ဆင်မှုအမျိုးမျိုးတို့ ပါဝင်ပါတယ်။

Steam အသုံးပြုသူတွေဟာ အခုဆိုရင် menu အသစ်တစ်ခုကနေတစ်ဆင့် library ထဲက ဂိမ်းတွေကို ဘယ်လိုစီစဉ်မလဲ၊ ဘယ်လိုပြသမလဲဆိုတာကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီဖြစ်ပြီး ဂိမ်းမျက်နှာဖုံးပုံ (cover image) တွေ ပြောင်းရတာကိုလည်း ပိုလွယ်ကူစေပါတယ်။ ဒီ menu ကို ဝင်ရောက်ဖို့ကတော့ သင့် library ထဲက ဂိမ်းတစ်ခုကို right-click နှိပ်ပြီး Properties > Customization ကို သွားရမှာဖြစ်ပါတယ်။

Gamepad input ပြင်ဆင်ချက်တွေနဲ့အတူ Valve ဟာ Microsoft ရဲ့ GameInput API ကိုလည်း အထောက်အပံ့ပေးလိုက်ပါပြီ။ ဒီ API ဟာ XInput, DirectInput, Raw Input, Human Interface Device (HID), နဲ့ WinRT တို့လို input အမျိုးမျိုးကို တစ်နေရာတည်းမှာ စုစည်းအသိအမှတ်ပြုပေးတာကြောင့် developer တွေအနေနဲ့ controller တွေ၊ keyboard တွေနဲ့ legacy device တွေကို အထောက်အပံ့ပေးရတာ ပိုလွယ်ကူစေပြီး input တွေကို low-level အထိ ပိုမိုနက်ရှိုင်းစွာ access လုပ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ Steam beta အသုံးပြုသူတွေကတော့ ဇူလိုင်လမှာကတည်းက ပိုပြီးကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတစ်ခုကို စမ်းသပ်နေကြပါတယ်။ Valve က ဒီ update ကို stable version အဖြစ် ဘယ်ထုတ်ပေးမလဲဆိုတာ မကြေညာရသေးပေမဲ့ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဂိမ်းအသစ်တွေ ရှာဖွေရလွယ်ကူမှုကို ပိုမိုတိုးတက်စေဖို့အတွက် ရှေ့ဆုံးစာမျက်နှာမှာ ဂိမ်းတွေကို အမျိုးအစားအလိုက် ပြသတဲ့ပုံစံကို ပြန်လည်စီစဉ်နေတာဖြစ်ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများအား အခွင့်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

Source: TechSpot

Post a Comment

0 Comments