Subscribe Us

header ads

အယ်လ်ဘေးနီးယားနိုင်ငံက အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် AI ဝန်ကြီး ခန့်အပ်

Edi Rama. Photo: Borut Živulovič/Reuters

အစိုးရဝန်ဆောင်မှုတွေကို အွန်လိုင်းကနေ အလွယ်တကူရယူနိုင်ဖို့ ကူညီပေးတဲ့ digital assistant တစ်ခုကို အယ်လ်ဘေးနီးယားနိုင်ငံရဲ့ ပထမဆုံး "AI" အစိုးရအဖွဲ့ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး အဂတိလိုက်စားမှုတွေကို လျှော့ချဖို့အတွက် ပြည်သူ့ဝယ်ယူရေးတင်ဒါလုပ်ငန်းတွေကို တာဝန်ပေးလိုက်ပြီလို့ နိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်သူ Edi Rama က ပြောကြားလိုက်ပါတယ်။

အယ်လ်ဘေးနီးယားဘာသာစကားနဲ့ 'နေ' လို့ အဓိပ္ပာယ်ရတဲ့ Diella လို့ခေါ်တဲ့ ဒီ AI ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက နိုင်ငံရဲ့ e-Albania portal မှာ အသုံးပြုသူတွေကို အကြံဉာဏ်တွေ ပေးနေခဲ့တာပါ။ နိုင်ငံသားတွေအတွက် ၉၅% လောက်ရှိတဲ့ ဝန်ဆောင်မှုတွေကို ဒီဂျစ်တယ်နည်းနဲ့ ရယူနိုင်ဖို့ လိုအပ်တဲ့ ဗျူရိုကရေစီဆန်တဲ့ အဆင့်ဆင့်လုပ်ငန်းတွေကို အသံနဲ့စေခိုင်းရုံနဲ့ ကူညီဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။

"Diella ဟာ ရုပ်ပိုင်းဆိုင်ရာအရ အစိုးရအဖွဲ့မှာ မရှိပေမဲ့ AI နဲ့ ဖန်တီးထားတဲ့ ပထမဆုံး အစိုးရအဖွဲ့ဝင် ဖြစ်လာမှာပါ" လို့ ဝန်ကြီးချုပ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ သူက အယ်လ်ဘေးနီးယားနိုင်ငံကို "အစိုးရတင်ဒါတွေမှာ ၁၀၀% အဂတိလိုက်စားမှုကင်းစင်တဲ့ နိုင်ငံ" ဖြစ်လာအောင် ကူညီပေးမှာပါလို့ ဆိုပါတယ်။

Image: ATA

တီရာနာမြို့မှာကျင်းပတဲ့ အာဏာရဆိုရှယ်လစ်ပါတီ ညီလာခံမှာ Edi Rama က ၄ကြိမ်ဆက်တိုက်ရွေးကောက်တင်မြှောက်ခံရတဲ့ သူ့ရဲ့ အစိုးရအဖွဲ့ကို ကြေညာရင်း e-Albania portal မှာ အယ်လ်ဘေးနီးယားရိုးရာဝတ်စုံနဲ့ မြင်တွေ့ရတဲ့ Diella ဟာ "ပြည်သူ့ဝယ်ယူရေးလုပ်ငန်းတွေရဲ့ အစေခံ" ဖြစ်လာမယ်လို့ ဆိုပါတယ်။

အစိုးရတင်ဒါတွေမှာ ဘယ်သူအနိုင်ရမလဲဆိုတာကို ဆုံးဖြတ်တဲ့ တာဝန်ကို အစိုးရဝန်ကြီးဌာနတွေဆီကနေ "တစ်ဆင့်ပြီးတစ်ဆင့်" ဖယ်ရှားသွားမှာဖြစ်ပြီး "တင်ဒါလုပ်ငန်းစဉ်မှာ အစိုးရရဲ့ အသုံးစရိတ်အားလုံး ၁၀၀% ကြည်လင်ပြတ်သားမှုရှိအောင်" AI ကို ကိုင်တွယ်စေမှာ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

Diella ဟာ အစိုးရက ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်တဲ့ တင်ဒါတိုင်းကို စစ်ဆေးပြီး တစ်ခုချင်းစီရဲ့ အရည်အချင်းတွေကို ဘက်လိုက်မှုကင်းကင်းနဲ့ အကဲဖြတ်ပေးမှာ ဖြစ်တယ်လို့ မေလက ပြန်လည်အရွေးချယ်ခံခဲ့ရတဲ့ ရာမာက ပြောပါတယ်။ သူဟာ အရင်ကတည်းက AI ကို လာဘ်ပေးလာဘ်ယူမှု၊ ခြိမ်းခြောက်မှုတွေနဲ့ အကျိုးစီးပွားပဋိပက္ခတွေကို ဖယ်ရှားပေးနိုင်မယ့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိရိယာတစ်ခုအဖြစ် ရှုမြင်ကြောင်း ပြောခဲ့ဖူးပါတယ်။

အယ်လ်ဘေးနီးယားမှာ အစိုးရတင်ဒါတွေဟာ အဂတိလိုက်စားမှု ပြဿနာတွေရဲ့ ရင်းမြစ်တစ်ခုအဖြစ် အချိန်အတော်ကြာ ရှိနေခဲ့တာပါ။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ ဒီနိုင်ငံဟာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကူးမှုတွေကနေ ရတဲ့ ငွေမည်းတွေကို ခဝါချချင်တဲ့ နိုင်ငံတကာဂိုဏ်းတွေရဲ့ ဗဟိုချက်ဖြစ်နေပြီး အဂတိလိုက်စားမှုက အစိုးရအဖွဲ့ရဲ့ အမြင့်ဆုံးအဆင့်တွေအထိတောင် ရောက်နေတယ်လို့ ဆိုပါတယ်။

အယ်လ်ဘေးနီးယားမီဒီယာတွေကတော့ ဒီခြေလှမ်းကို ချီးကျူးခဲ့ကြပြီး ဒါဟာ "အယ်လ်ဘေးနီးယားအစိုးရရဲ့ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးပုံမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုဖြစ်ပြီး နည်းပညာကို ကိရိယာတစ်ခုအနေနဲ့သာမက အုပ်ချုပ်ရေးမှာ တက်ကြွစွာပါဝင်သူအဖြစ် မိတ်ဆက်လိုက်တာပါ" လို့ ဖော်ပြခဲ့ကြပါတယ်။

ဒါပေမဲ့ လူတိုင်းကတော့ ဒီအပေါ်မှာ သဘောမတူကြပါဘူး။ Facebook သုံးစွဲသူတစ်ဦးကတော့ "အယ်လ်ဘေးနီးယားမှာဆို Diella တောင် အဂတိလိုက်စားမှာပဲ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများအား အခွင့်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: The Guardian

Post a Comment

0 Comments