![]() |
Image: NASA |
ဂျပန်နိုင်ငံက Toho တက္ကသိုလ်က သုတေသီတွေနဲ့ NASA က သုတေသီတွေ ပူးပေါင်းပြီး ကမ္ဘာပေါ်မှာ သက်ရှိတွေ ဘယ်လောက်ကြာကြာ ဆက်လက်ရှင်သန်နိုင်ဦးမလဲဆိုတာကို စူပါကွန်ပျူတာတွေသုံးပြီး ပုံစံထုတ် တွက်ချက်ခဲ့ကြပါတယ်။ ဒီတွက်ချက်မှုအရ ကမ္ဘာပေါ်က သက်ရှိအားလုံးအတွက် အဆုံးသတ်ရက်ကတော့ အဝေးကြီး လိုပါသေးတယ်။ ဒါပေမဲ့ ကျုပ်တို့ လူသားတွေအတွက် အဆုံးသတ်နိုင်ခြေရှိတဲ့ရက်ကတော့ အရင်ထင်ထားတာထက် ပိုပြီးစောနေနိုင်တယ်လို့ သုတေသီတွေက သတိပေးထားပါတယ်။
လေ့လာမှုအရတော့ ကမ္ဘာပေါ်က သက်ရှိအားလုံးအဆုံးသတ်သွားမယ့် အလားအလာဆိုတာက ကျုပ်တို့ရဲ့ နေရဲ့ သက်တမ်းအပေါ်မှာသာ အဓိကမူတည်နေတယ်လို့ဆိုပါတယ်။ လာမယ့် နှစ်ဘီလီယံပေါင်းများစွာအတွင်းမှာ ကျွန်တော်တို့ရဲ့နေမင်းကြီးဟာ မူလအရွက်အစားထက် ဆက်လက်ကြီးထွားလာပြီး ကမ္ဘာကြီးကို အပူချိန်တွေ အလွန်အမင်း မြင့်တက်စေမှာဖြစ်လို့ နောက်ဆုံးမှာ သက်ရှိတွေ လုံးဝ မရှင်သန်နိုင်တော့တဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ သုတေသီတွေ ခန့်မှန်းထားတာကတော့ ဒီအခြေအနေဟာ နှစ်ပေါင်း ၁,၀၀၀,၀၀၂,၀၂၁ (တစ်ဘီလီယံနဲ့ နှစ်ထောင့်နှစ်ဆယ့်တစ်) လောက်မှာ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန်ကျရင် ကမ္ဘာ့မျက်နှာပြင် အခြေအနေတွေဟာ အလွန်အမင်း ဆိုးရွားသွားပြီး ခံနိုင်ရည်အရှိဆုံး သက်ရှိတွေတောင် ရှင်သန်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
လူသားတွေ ဘာဖြစ်သွားမလဲ
ကျုပ်တို့လူသားတွေအတွက်ကတော့ အခြေအနေတွေက အဲ့ဒီ့ထက်တောင် ပိုစောပြီး ဆိုးရွားလာနိုင်ပါတယ်တဲ့။ နေက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပူလာတာနဲ့အမျှ ကမ္ဘာ့လေထုကလည်း သိသိသာသာ ပြောင်းလဲလာပါလိမ့်မယ်။ ဒါက လေထုထဲက အောက်ဆီဂျင်ပါဝင်မှု ကျဆင်းတာ၊ လေထုအရည်အသွေး ဆိုးရွားတာနဲ့ အပူချိန်တွေ သိသိသာသာ မြင့်တက်လာတာတွေကို ဖြစ်စေမှာပါ။ ဒီလိုပြောင်းလဲမှုတွေကို ရာသီဥတုပြောင်းလဲမှုနဲ့ နေရောင်ခြည်ဖြာထွက်မှုဆိုင်ရာ အသေးစိတ်လေ့လာတွက်ချက်မှု ပုံစံတစ်ခုသုံးပြီး ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။
ဒီလိုပြောင်းလဲမှုတွေရဲ့ ရှေ့ပြေးလက္ခဏာတွေကို အခုအချိန်မှာတောင် စတင်ခံစားနေရပြီလို့ ဆိုပါတယ်။ နေမျက်နှာပြင်ကနေ အစုလိုက်အပြုံလိုက် ထွက်လာတဲ့ အမှုန်အမွှားတွေ (Coronal mass ejections) နဲ့ နေမုန်တိုင်းတွေဟာ အရင်ကထက် အားပိုပြင်းလာပြီး ကမ္ဘာ့သံလိုက်စက်ကွင်းကို သက်ရောက်မှုရှိနေပါတယ်။ ဒါက လေထုထဲက အောက်ဆီဂျင်ပါဝင်မှုကို လျော့ကျစေနေပြီး ရေရှည်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်မလဲဆိုတာကို သုတေသီတွေကို အရိပ်အမြွက်ပြနေသလိုပါပဲ။ ဒါ့အပြင် လူတွေကြောင့်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုကလည်း ကျုပ်တို့ကို အဆုံးသတ်ဆီ အရှိန်မြှင့်တွန်းပို့နေသလိုပါပဲ။ ကမ္ဘာ့အပူချိန်တွေ မြင့်တက်လာတာနဲ့ ဝင်ရိုးစွန်းရေခဲတွေ အရည်ပျော်နေတာတွေကို အခုချိန်မှာ လက်တွေ့မြင်တွေ့နေရပြီ မဟုတ်လား။
လူသားတွေအတွက် အတိအကျ ဘယ်နေ့ဘယ်ရက်မှာ အဆုံးသတ်မယ်ဆိုတာကိုတော့ မပြောထားပါဘူး။ ဒါပေမဲ့ သုတေသီတွေရဲ့အဆိုအရ သဘာဝပတ်ဝန်းကျင်အခြေအနေတွေဟာ အထက်မှာပြောခဲ့တဲ့ နှစ်ပေါင်းတစ်ဘီလီယံကျော်ဆိုတဲ့ အချိန်ကာလမတိုင်ခင် အများကြီးစောပြီး လူသားတွေအတွက် နေထိုင်ဖို့ အလွန်အမင်း ခက်ခဲတဲ့အခြေအနေ ဖြစ်သွားနိုင်ခြေ အတော်လေးရှိတယ်လို့ ဆိုပါတယ်။
အနာဂတ်အတွက် ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်းတွေ
ကမ္ဘာပေါ်က သက်ရှိတွေဟာ ရုတ်တရက်ကြီး ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ၊ ဖြည်းဖြည်းချင်းနဲ့ နောက်ကြောင်းပြန်လှည့်လို့မရတဲ့ ကျဆင်းမှုတွေနဲ့အတူ တဖြည်းဖြည်း မှေးမှိန်သွားမှာပါတဲ့။ ဒါပေမဲ့ အချိန်ကာလက အများကြီး လိုသေးတယ်ဆိုပေမယ့်၊ လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့နဲ့ အခြေအနေအသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ဖို့ အရေးကြီးကြောင်းကိုတော့ သုတေသီတွေက အလေးပေး တိုက်တွန်းနေကြပါတယ်။
သိပ္ပံပညာရှင်တချို့ကတော့ နေထိုင်လို့ရတဲ့ ပတ်ဝန်းကျင်တွေကို တတ်နိုင်သလောက် ကြာကြာထိန်းသိမ်းထားနိုင်ဖို့အတွက် အလုံပိတ်ထားတဲ့ ဇီဝအထောက်အကူပြုစနစ်တွေနဲ့ လူတွေဖန်တီးထားတဲ့ နေထိုင်ရာနေရာအတုတွေလိုမျိုး နည်းပညာပိုင်းဆိုင်ရာ ကြားဝင်ဖြေရှင်းမှုတွေကို အဆိုပြုနေကြပါတယ်။
တချို့ကကျတော့လည်း ကျုပ်တို့ရဲ့ နေအဖွဲ့အစည်းထဲက တခြားဂြိုဟ်တွေကိုတောင် အာရုံစိုက်နေကြပါပြီ။ NASA နဲ့ SpaceX တို့ ဦးဆောင်နေတဲ့ အင်္ဂါဂြိုဟ်ခရီးစဉ်တွေအပါအဝင် ရေရှည်အာကာသစူးစမ်းလေ့လာရေးနဲ့ အခြေချနေထိုင်ရေး အစီအစဉ်တွေကို ကမ္ဘာမြေကြီးကိုယ်တိုင် နေထိုင်လို့မရတော့တဲ့အခါ လူသားမျိုးနွယ် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ ဗျူဟာတွေအဖြစ် စူးစမ်းလေ့လာနေကြတယ်လို့ သိရပါတယ်။
Source: PCWorld
0 Comments