Subscribe Us

header ads

OpenAI ၏ CEO ဖြစ်သူ Sam Altman က AI ကြောင့် ပျောက်ကွယ်သွားမည့်အလုပ်များမှာ တကယ့်အလုပ်များမဟုတ်ကြောင်း ပြောကြား

Image: Justin Sullivan/Getty Images

ChatGPT ကို ဖန်တီးသူ Sam Altman ဟာ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သူဖြစ်ပြီး ဒီလအစောပိုင်း OpenAI ရဲ့ DevDay ကွန်ဖရင့်မှာ ပြောခဲ့တဲ့ စကားကတော့ သူ့စံနှုန်းနဲ့တောင် အတော်လေး ပြောစရာဖြစ်ခဲ့ပါတယ်။ AI သတင်းလွှာတည်ထောင်သူ Rowan Cheung နဲ့ တိုက်ရိုက်အင်တာဗျူးတစ်ခုမှာ Altman က Large Language Model (LLM) ခေတ်မှာ ပျောက်ကွယ်သွားနိုင်တဲ့ အလုပ်တွေဟာ နဂိုကတည်းက တကယ့်အလုပ် မဟုတ်ခဲ့ဘူးလို့ ခပ်ပြတ်ပြတ် ပြောဆိုခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ နှစ် ၅၀ က လယ်သမားတစ်ဦးကနေ ယနေ့ခေတ်ကို ကြည့်ရှုရင် ဘယ်လိုမြင်မလဲဆိုတဲ့ စိတ်ဝင်စားဖွယ် မေးခွန်းကို တုံ့ပြန်ရာမှာ Altman က "အဲဒီလယ်သမားက ခင်ဗျားတို့၊ ကျွန်တော်တို့ လုပ်နေတာကို ကြည့်ပြီး ဒါဟာ တကယ့်အလုပ်မဟုတ်ဘူး လို့ ပြောနိုင်ခြေ အများကြီးရှိပါတယ်" လို့ ပြောခဲ့ပါတယ်။ ဒီလိုမြင်တာကြောင့် သူဟာ "ဒီလိုတွေးမိတာက ကျွန်တော့်ကို တစ်ဖက်မှာ စိုးရိမ်စိတ် လျော့စေပေမယ့်၊ တစ်ဖက်မှာတော့ ပိုစိုးရိမ်စေတယ်။ လယ်ယာစိုက်ပျိုးရေး လုပ်တယ်ဆိုတာ လူတွေ တကယ် လိုအပ်တဲ့အရာကို လုပ်နေတာ။ ဒါဟာ တကယ့်အလုပ်ပဲ" လို့ Altman က ပြောပါတယ်။ 

ဒီပြောဆိုချက်ကို ဆိုရှယ်မီဒီယာတွေမှာ ဖြတ်တောက်၊ လှောင်ပြောင်ပြီး အပြင်းအထန် ဝေဖန်ခံနေရပြီး သနားညှာတာမှုကင်းမဲ့တယ် ကနေ ဆိုးရွားတဲ့ dystopian အထိ အမျိုးမျိုး တံဆိပ်ကပ်ခံနေရပါတယ်။ ဒါပေမဲ့ Altman အတွက် ပြောရရင်တော့ ခေတ်သစ်အလုပ်အများစုရဲ့ တန်ဖိုးအပေါ် မေးခွန်းထုတ်ခဲ့သူတွေထဲမှာ သူက ပထမဆုံးတော့ မဟုတ်ပါဘူး။ 

ကွယ်လွန်သွားပြီဖြစ်တဲ့ လူမှုဗေဒပညာရှင် David Graeber ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်တုန်းက "On the Phenomenon of Bullshit Jobs" ဆိုတဲ့ စာတမ်းတစ်စောင်ကို ရေးသားခဲ့ပြီး ဝန်ထမ်းများစွာဟာ သူတို့ရဲ့ အလုပ်တွေဟာ အဓိပ္ပာယ်မရှိဘူး၊ အနှစ်သာရမဲ့နေတယ် လို့ လျှို့ဝှက်ယုံကြည်နေကြတယ်လို့ ဆိုခဲ့ပါတယ်။ ဒီစာတမ်းဟာ ရေပန်းစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အရောင်းရဆုံး စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ Graeber ရဲ့ အဓိကပြောဆိုချက်ကတော့စီးပွားရေးကဏ္ဍ အများအပြားဟာ လူမှုရေးတန်ဖိုးမရှိဘဲ စည်းမျဉ်းလိုက်နာမှုတွေအပေါ် အခြေခံထားတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် Altman ရဲ့ စကားလုံးအသုံးအနှုန်းက မောက်မာတယ်လို့ ခံစားရနိုင်ပေမယ့်၊ ဒီလိုပြောဆိုခဲ့ဖူးတဲ့ ရှေ့မီနောက်မီ ပညာရှင်တွေရှိခဲ့ပါတယ်။ 

ဒါပေမဲ့ ပြဿနာကတော့ အချက်အလက်တွေက ဒီအဆိုကို အပြည့်အဝ ထောက်ခံခြင်းမရှိတာပါပဲ။ ၂၀၂၁ ခုနှစ်က European Social Survey ကို အသုံးပြုပြီး ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ လူတွေရဲ့ ငါးရာခိုင်နှုန်းခန့်သာ သူတို့ရဲ့ အလုပ်တွေဟာ အသုံးမဝင်ဘူးလို့ ခံစားရကြောင်း တွေ့ရှိခဲ့ပါတယ်။ အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့ အလားတူ လေ့လာမှုတစ်ခုမှာတော့ ဒီရာခိုင်နှုန်းဟာ ၂၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့ပါတယ်။ လေ့လာသူတွေရဲ့ ကောက်ချက်အရတော့ အလုပ်ရဲ့ အနှစ်သာရမဲ့တယ်လို့ ခံစားရခြင်းဟာ အလုပ်ကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှု ချို့ယွင်းခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ သင့်ရဲ့ အထက်လူကြီးက အသေးအဖွဲကအစ လိုက်ထိန်းချုပ်နေရင် အလုပ်လုပ်ပုံစနစ် ချို့ယွင်းနေရင် တန်ဖိုးရှိတဲ့အလုပ်ပင်လျှင် အတုအယောင်လို ခံစားရနိုင်ပါတယ်။ ဒါဟာ အဲဒီအလုပ်နေရာကို AI နဲ့ အစားထိုးပစ်သင့်တယ်လို့ သက်သေပြတာ မဟုတ်ပါဘူး။

Altman ရဲ့ မှတ်ချက်ဟာ ဘာကို အရိပ်အမြွက်ပြနေသလဲဆိုတဲ့ အပိုင်းမှာတော့ မှန်ကန်ပါတယ်။ အလုပ်အများစုက အတုအယောင်မဟုတ်ပေမယ့်၊ အဲဒီအလုပ်တွေမှာ AI နဲ့ အစားထိုးနိုင်တဲ့ အပိုဆောင်းလုပ်ငန်းတွေ အများကြီး စုပုံနေပါတယ်။ ဥပမာ- လိုက်နာရမယ့် စည်းကမ်းချက်စာရင်းတွေ၊ ဘယ်သူမှ မဖတ်တဲ့ အစီရင်ခံစာတွေ၊ Slack chat တွေနဲ့တင် ဆောင်ရွက်နိုင်တဲ့ အစည်းအဝေးတွေကို အကျဉ်းချုပ်ပေးတဲ့ အီးမေးလ်တွေပါပဲ။ ဒီလိုအလုပ်တွေကို အခုအချိန်မှာ LLMs တွေက "ဂိမ်းကစားသလိုမျိုး" အလွယ်တကူလုပ်ဆောင်နိုင်နေပြီဖြစ်ပါတယ်။ ဒါကြောင့် Altman ဆိုလိုရင်းဟာ  AI တွေဟာ အလုပ်နေရာတစ်ခုလုံးကိုဖယ်ရှားတာထက် အလုပ်အတွင်းက မလိုအပ်သော လုပ်ငန်းဆောင်တာတွေကို ဖယ်ရှားပစ်လိမ့်မယ်လို့ ဆိုလိုတာဖြစ်နိုင်ပြီး ဒီအချက်မှာတော့ သူပြောတာ မှန်ကောင်းမှန်ကန်နိုင်ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: Tom's Hardware

Post a Comment

0 Comments