Subscribe Us

header ads

တရုတ်နိုင်ငံက Huawei ကျောထောက်နောက်ခံပြုထားသည့် UBIOS စံနှုန်းသစ်ဖြင့် UEFI ကို အစားထိုးမည်

Image via Tom's Hardware

တရုတ်နိုင်ငံဟာ သူ့ရဲ့ ကွန်ပျူတာနည်းပညာ တိုးတက်မှုတွေကို အမေရိကန်နဲ့ သူ့ရဲ့ နည်းပညာကုမ္ပဏီကြီးတွေဆီကနေ ခွဲထုတ်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီရည်မှန်းချက်အတွက် ကြီးမားတဲ့ တိုးတက်မှုတစ်ခု ထွက်ပေါ်လာခဲ့ပြီး UEFI နဲ့ BIOS တို့ရဲ့ နေရာမှာ အစားထိုးမဲ့ UBIOS ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းအသစ်တစ်ခုကို Global Computing Consortium (GCC) က ကြေညာလိုက်ပါတယ်။ Fast Technology သတင်းအရ GCC ရဲ့ စံနှုန်း အသစ်ဟာ UEFI ရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လုံးဝကျော်လွှားပြီး BIOS firmware ကို အစကနေ အသစ်ပြန်တည်ဆောက်ထားတာလို့ ဆိုပါတယ်။

UBIOS (Unified Basic Input/Output System) ဆိုတာကတော့ processor တွေနဲ့ operating system တွေကြားက ကွာဟချက်ကို ပေါင်းကူးပေးတဲ့၊ ပထမဆုံးနဲ့ အကျယ်ပြန့်ဆုံး motherboard firmware architecture တွေဖြစ်တဲ့ BIOS နဲ့ UEFI တို့နေရာမှာ အစားထိုးဖို့ firmware standard တစ်ခုပေါ့။ UBIOS standard ကို Huawei၊ တရုတ်နိုင်ငံက အီလက်ထရွန်နစ် စံသတ်မှတ်ရေး အင်စတီကျု CESI၊ Byosoft နဲ့ Kunlun Tech အပါအဝင် တရုတ်နည်းပညာကုမ္ပဏီ ၁၃ ခုက ပူးပေါင်းရေးဆွဲခဲ့တာပါ။ ဒီစံနှုန်းဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး စံသတ်မှတ်ထားပြီး ပမာဏပြောင်းလဲနိုင်တဲ့ ပြည်တွင်းဖြစ် firmware တစ်ခုဖြစ်ကာ တရုတ်ပြည်တွင်း နည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခုလို့ဆိုနိုင်ပါတယ်။

BIOS ဆိုတာက Motherboard ပေါ်က firmware တစ်ခုဖြစ်ပြီး၊ Windows ဒါမှမဟုတ် Linux လို OS တွေကို ကွန်ပျူတာမှာ RAM ဘယ်လောက်ရှိတယ်၊ storage ဘယ်နှခုတပ်ထားတယ်၊ CPU speed ဘယ်လောက်လဲ ဆိုတဲ့ အခြေခံအချက်အလက်တွေကို ပြောပြပေးတဲ့ ကြားခံတစ်ခုပါ။ UEFI (Unified Extensible Firmware Interface) ကတော့ ခေတ်နောက်ကျသွားတဲ့ BIOS နေရာမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ခေတ်မီကွန်ပျူတာတိုင်းမှာ ဝင်ရောက်အစားထိုးခဲ့တာဖြစ်ပြီး သူ့ကိုတော့ အမေရိကန် x86 CPU ထုတ်လုပ်သူတွေဖြစ်တဲ့ Intel နဲ့ AMD တို့က အဓိကလွှမ်းမိုးထားတဲ့ ကုမ္ပဏီပေါင်းစုံပါဝင်တဲ့ လုပ်ငန်းအဖွဲ့တစ်ဖွဲ့က ကျောထောက်နောက်ခံပေးထားတာပါ။

တရုတ်နဲ့ အမေရိကန်တို့ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကွန်ပျူတာနည်းပညာနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေတာကြောင့် တရုတ်အစိုးရက သူ့ရဲ့ နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေကို ပြည်တွင်းထုတ်မဟုတ်တဲ့ ကွန်ပျူတာ hardware တွေ software တွေကို စွန့်ခွာဖို့ တွန်းအားပေးတဲ့ လှုပ်ရှားမှုကြီးတစ်ခုကို လုပ်ဆောင်စေခဲ့ပါတယ်။ နာမည်ကျော် Document 79 မူဝါဒအရ အနောက်တိုင်းနည်းပညာတွေကို ၂၀၂၇ ခုနှစ်မှာ စွန့်လွှတ်ဖို့ ညွှန်ကြားထားပြီး တကယ့်ကို ရည်မှန်းချက်ကြီးတဲ့ ပန်းတိုင်တစ်ခုလို့ဆိုနိုင်ပါတယ်။ UBIOS standard ကို ဖန်တီးနိုင်လိုက်တာက တရုတ်ပြည်အတွက် ဒီပန်းတိုင်ကိုရောက်ဖို့ အတွက်ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။

GCC နဲ့ တရုတ်နည်းပညာကုမ္ပဏီတွေဟာ UBIOS ကို မူလ BIOS spec ကနေ တိုက်ရိုက်တည်ဆောက်ခဲ့ပြီး UEFI အပေါ်အခြေခံတာကို လုံးဝရှောင်ရှားခဲ့တယ်လို့ သိရပါတယ်။ ဘာလို့ UEFI ကို ရှောင်ရသလဲဆိုတော့ UEFI spec ကိုယ်တိုင်နဲ့ Intel ဖန်တီးထားပြီး UEFI hardware/software developer တိုင်းလိုလို သုံးနေရတဲ့ TianoCore EDK II (UEFI ရဲ့ reference implementation) ဟာ မလိုအပ်ဘဲ ကြီးမားရှုပ်ထွေးနေတာကြောင့်လို့ ဆိုပါတယ်။

UBIOS က UEFI ထက် ထူးခြားသာလွန်တဲ့ feature တွေထဲမှာ chiplet တွေနဲ့ တခြား မတူညီတဲ့ ကွန်ပျူတာတွက်ချက်မှု ပုံစံတွေကို ပိုကောင်းကောင်း အထောက်အပံ့ပေးနိုင်တာလည်းပါဝင်ပါတယ်။ ဥပမာအားဖြင့် မတူညီတဲ့ CPU တွေ တပ်ဆင်ထားတဲ့ multi-CPU motherboard တွေအသုံးပြုတဲ့အချိန်မျိုးမှာဆိုရင် UEFI က မနိုင်ဝန်ထမ်းနေရတာ ဒါမှမဟုတ် လုံးဝ အထောက်အပံ့မပေးနိုင်တာတွေ ရှိလာပါတယ်။ UBIOS ကတော့ x86 မဟုတ်တဲ့ CPU architecture တွေဖြစ်တဲ့ ARM၊ RISC-V နဲ့ တရုတ်ရဲ့ အဓိက ပြည်တွင်း CPU architecture တွေထဲက တစ်ခုဖြစ်တဲ့ LoongArch တို့ကိုလည်း ပိုကောင်းကောင်း support လုပ်သွားမှာ ဖြစ်ပါတယ်။

UBIOS အကြောင်းကို GCC က လာမယ့် နိုဝင်ဘာလအတွင်း ရှန်ကျန်းမှာကျင်းပမဲ့ 2025 Global Computing Conference မှာ ထပ်မံဆွေးနွေးပြီးထုတ်ဖော်ပြသသွားမှာပါ။ တရုတ်နိုင်ငံအတွက်တော့ သူ့ရဲ့ ပြည်တွင်းကွန်ပျူတာဂေဟစနစ်ကို မြှင့်တင်ဖို့နဲ့ ပုံမှန်မဟုတ်တဲ့ hardware တွေကို ကန့်သတ်နေတဲ့ အမေရိကန်စနစ်တွေကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ UBIOS ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ကြီးမားတဲ့ အောင်ပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ UBIOS ဟာ RISC-V လိုမျိုး open standard ဖြစ်လာပြီး ကျယ်ကျယ်ပြန့်ပြန့် လက်ခံကျင့်သုံးလာမလား. ဒါမှမဟုတ် LoongArch လိုမျိုး လူသုံးနည်းပြီး စွန့်ပစ်ခံဖြစ်သွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: Tom's Hardware

Post a Comment

0 Comments