Subscribe Us

header ads

Hypervisor Bypass နည်းပညာကြောင့် Denuvo လုံခြုံရေးစနစ် အလဲထိုးခံရပြီး PC ဂိမ်းများ ခိုးကူးလောကထဲသို့ အလုံးအရင်းနှင့် ရောက်ရှိလာ

Image via Reddit (FinalAfternoon5470)

PC ဂိမ်းလောကရဲ့ ခိုးကူးမှုဆန့်ကျင်ရေးနယ်ပယ်မှာ တစ်ချိန်က မဖြစ်နိုင်ဘူးလို့ ထင်မှတ်ခဲ့ကြတဲ့ မှတ်တိုင်တစ်ခုကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ ဂိမ်းလောကမှာ အတောင့်တင်းဆုံး DRM နဲ့ anti-tamper စနစ်လို့ လူသိများတဲ့ Denuvo ဟာ အခုဆိုရင် ထိရောက်စွာ အနိုင်ယူခံလိုက်ရပြီဆိုတာပါပဲ။ နောက်ဆုံးပေါ် နည်းပညာဖြစ်တဲ့ Hypervisor bypass တွေ ပေါ်ထွက်လာပြီးနောက်မှာတော့ Denuvo နဲ့ ကာကွယ်ထားတဲ့ ဘယ် PC ဂိမ်းမဆို Crack ဒါမှမဟုတ် Bypass နည်းလမ်းတွေနဲ့ အခမဲ့ရယူနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပါပြီ။

Denuvo ကို ၂၀၁၄ ခုနှစ်မှာ ဩစတြီးယားနိုင်ငံအခြေစိုက် Irdeto ကုမ္ပဏီက FIFA 15 ဘောလုံးဂိမ်းကို ခိုးကူးမှုကနေ ကာကွယ်ဖို့ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး PC ဂိမ်းလောကမှာ ဖောက်ထွင်းဖို့ အခက်ခဲဆုံးလို့ နာမည်ကျော်ခဲ့ပါတယ်။ နှစ်အတော်ကြာအောင် Crack အဖွဲ့တွေနဲ့ တစ်သီးပုဂ္ဂလ developer တွေဟာ ဒီနည်းပညာကိုအသုံးပြုထားတဲ့ ဂိမ်းတွေကို တစ်ခုပြီးတစ်ခု ခက်ခက်ခဲခဲ ဖောက်ထွင်းခဲ့ရပေမဲ့ အခုတော့ အခြေအနေတွေဟာ အလှည့်အပြောင်းတစ်ခုကို ရောက်သွားခဲ့ပြီး Irdeto ကုမ္ပဏီရဲ့ ဒီကာကွယ်ရေးစနစ်ကို အသုံးပြုထားတဲ့ PC ဂိမ်းတိုင်းဟာ ဖယ်ရှားခံရတာ ဒါမှမဟုတ် ကျော်လွှားခံရတာမျိုးတွေ ဖြစ်ကုန်ပြီလို့ သိရပါတယ်။

နာမည်ကျော် ဂိမ်း Repacker ဖြစ်တဲ့ FitGirl ကတော့ အခုအချိန်မှာ Denuvo ဟာ "လုံးဝအသုံးမကျတော့တဲ့" စနစ်တစ်ခု ဖြစ်သွားပြီလို့ မှတ်ချက်ပေးထားပါတယ်။ ဒီလိုအခြေအနေကို ရောက်ဖို့အတွက် နှစ်ပေါင်းများစွာကြာအောင် နည်းပညာရှင်တွေ အများကြီးက ဝိုင်းဝန်းကြိုးစားခဲ့ကြတာဖြစ်ပြီး အခုနောက်ဆုံးမှာတော့ DenuvOwO အဖွဲ့နဲ့ Voices38 တို့က Denuvo ကို အဓိက Crack လုပ်သူတွေအဖြစ် နာမည်ထွက်လာခဲ့ပါတယ်။

Denuvo ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ PC ဈေးကွက်မှာ အင်အားအကြီးဆုံး ကာကွယ်ရေးနည်းပညာတစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ anti-tamper နဲ့ anti-cheat စနစ်တွေကြောင့် ကမ္ဘာကျော် ဂိမ်းထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေနဲ့ လက်တွဲနိုင်ခဲ့သလို ကုန်ကျစရိတ်ကြီးမားပေမဲ့ အချို့ Indie စတူဒီယိုတွေကလည်း ဒီနည်းပညာကို အသုံးပြုခဲ့ကြပါတယ်။

အခြေအနေတွေ ပြောင်းလဲသွားရတဲ့ အဓိကအကြောင်းရင်းကတော့ Denuvo ကို ဂိမ်းထဲကနေ အပြီးသတ်ဖယ်ရှားဖို့ မကြိုးစားတော့ဘဲ Hypervisor လို့ခေါ်တဲ့ နည်းလမ်းနဲ့ လုံခြုံရေးစစ်ဆေးချက်တွေကို လှည့်စားကျော်ဖြတ်နိုင်တဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိသွားတာကြောင့်ပါ။ ဒီနည်းလမ်းဟာ Denuvo စနစ်ကို သူဟာ တရားဝင်ဝယ်ယူဂိမ်းပေါ်မှာပဲ အလုပ်လုပ်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် လှည့်စားလိုက်တာ ဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် Crimson Desert နဲ့ Resident Evil Requiem လိုမျိုး လတ်တလောထွက်ထားတဲ့ ဂိမ်းအသစ်တွေတောင် ခိုးကူးလောကထဲကို ချက်ချင်းရောက်ရှိလာခဲ့ပါတယ်။ 

တစ်ဖက်မှာလည်း Voices38 လို့ခေါ်တဲ့ developer ကတော့ Doom: The Dark Ages လို ဂိမ်းအသစ်တွေထဲကနေ Denuvo ကုဒ်တွေကို လုံးဝအမြစ်ပြတ်ဖယ်ရှားဖို့ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ CrackWatch လို ဝဘ်ဆိုက်တွေရဲ့ ဖော်ပြချက်အရ Denuvo သုံးထားပြီး Crack မလုပ်နိုင်သေးတဲ့ ဂိမ်းဆိုတာ မရှိသလောက် ဖြစ်သွားပါပြီ။ 

အခုအချိန်မှာတော့ Irdeto ကနေ ဘယ်လိုပဲ DRM အသစ်တွေ ထပ်ထုတ်ထုတ်၊ နောက်ကျသွားပြီလို့ ဆိုရမှာဖြစ်ပြီး လက်ရှိအခြေအနေကို ပြောင်းပြန်လှန်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ လက်ရှိမှာ VR ဂိမ်းအချို့ပဲ Denuvo မပါတဲ့ version မထွက်သေးတာရှိပေမဲ့ ဒါဟာလည်း ကြာတော့မှာ မဟုတ်ပါဘူး။ DenuvOwO အဖွဲ့ဟာ အဲဒီကျန်ရှိနေတဲ့ ဂိမ်းတွေကိုပါ ရယူဖို့ ကြိုးစားနေပြီး Denuvo ကာကွယ်ရေးစနစ်ကို အပြီးတိုင် အနိုင်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: TechSpot

Post a Comment

0 Comments