Subscribe Us

header ads

AMD က ကမ္ဘာ့ပထမဆုံး Chiplet နှစ်ခုစလုံးတွင် 3D V-Cache ပါဝင်လာသည့် Ryzen 9 9950X3D2 Dual Edition ပရိုဆက်ဆာကို ဖြန့်ချီ

Image: AMD

AMD ကုမ္ပဏီဟာ ဒီနေ့မှာပဲ desktop ကွန်ပျူတာတွေအတွက် dual AMD 3D V-Cache နည်းပညာကို ပထမဆုံးအကြိမ် အသုံးပြုထားတဲ့ AMD Ryzen 9 9950X3D2 Dual Edition ပရိုဆက်ဆာကို တရားဝင်ဖြန့်ချီလိုက်ပြီ ဖြစ်ပါတယ်။ 

ဒီပရိုဆက်ဆာဟာ software ရေးသားသူတွေ၊ အကြောင်းအရာဖန်တီးရှင်တွေနဲ့ ဂိမ်းကစားသူတွေအတွက် စွမ်းဆောင်ရည်အသစ်တွေကို ရရှိစေမှာဖြစ်ပါတယ်။ လုပ်ငန်းလိုအပ်ချက်မြင့်မားတဲ့ ဆော့ဖ်ဝဲလ်ရေးဆွဲသူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ Ryzen 9 9950X3D2 Dual Edition ပရိုဆက်ဆာဟာ စွမ်းဆောင်ရည်မြင့် Zen 5 နည်းပညာနဲ့ ဒုတိယမျိုးဆက် AMD 3D V-Cache နည်းပညာကို core ၁၆ ခုစလုံးမှာ ပေါင်းစပ်ပေးထားပြီး စုစုပေါင်း Cache ပမာဏ ၂၀၈ MB အထိ ပါဝင်လာသလို latency ကိုလည်း အများကြီး လျှော့ချပေးနိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ တုံ့ပြန်မှုအလွန်မြန်ဆန်တာ၊ အချက်အလက်စီးဆင်းမှု ပိုမိုကောင်းမွန်လာတာနဲ့ နောင်အနာဂတ်ရဲ့ ခက်ခဲတဲ့အလုပ်တွေကို ပြောင်းလွယ်ပြင်လွယ်ရှိမှုရှိစွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 

AMD ဟာ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့ပထမဆုံး X3D ပရိုဆက်ဆာဖြစ်တဲ့ Ryzen 7 5800X3D ကို မိတ်ဆက်ပြီး ဂိမ်းစွမ်းဆောင်ရည်ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲခဲ့သလို၊ နောက်ပိုင်းမှာလည်း core ၁၆ ခုပါတဲ့ Ryzen 9 7950X3D နဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အခုတော့ အဲဒီနည်းပညာကို ထပ်မံပြောင်းလဲပြီး ဒုတိယမျိုးဆက် AMD 3D V-Cache နည်းပညာမှာ cache memory ကို ပရိုဆက်ဆာ core တွေရဲ့ အောက်ဘက်မှာ ပြန်လည်နေရာချထားလိုက်ပါတယ်။ ဒါဟာ အပူချိန်ကို လျှော့ချပေးနိုင်သလို ပိုမိုမြင့်မားတဲ့ frequency တွေကို တည်တည်ငြိမ်ငြိမ် ထိန်းထားနိုင်ဖို့နဲ့ စွမ်းအင်ချွေတာမှုပိုင်းမှာလည်း ပိုမိုကောင်းမွန်လာစေပါတယ်။ အခုထွက်ရှိလာတဲ့ Ryzen 9 9950X3D2 Dual Edition ဟာဆိုရင် AMD ရဲ့ ဒီလိုစဉ်ဆက်မပြတ် ဆန်းသစ်တီထွင်မှုတွေရဲ့ နောက်ထပ်ခြေလှမ်းသစ်တစ်ခုအဖြစ်မှတ်တမ်းတင်လာမှာဖြစ်ပါတယ်။

AMD ရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေမန်နေဂျာ Jack Huynh ကတော့ chiplet နှစ်ခုစလုံးမှာ AMD 3D V-Cache ပါဝင်ပြီး 208 MB အထိရှိတဲ့ memory တွေကို ပေးစွမ်းနိုင်တဲ့ ကမ္ဘာ့ပထမဆုံး desktop ပရိုဆက်ဆာကို မိတ်ဆက်ပေးရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါဟာ AM5 socket သုံးစွဲသူတွေအတွက် အလွန်ရိုးရှင်းတဲ့ အဆင့်မြှင့်တင်မှုတစ်ခုဖြစ်သလို ကမ္ဘာ့အဆင့် ဂိမ်းကစားခြင်းနဲ့ အကြောင်းအရာဖန်တီးခြင်းတွေအတွက် အကောင်းဆုံးသော စွမ်းဆောင်ရည်ကို ရရှိစေမှာပါ။ အထူးသဖြင့် ရှုပ်ထွေးတဲ့ software compile လုပ်ရတဲ့အချိန်တွေ၊ အကြီးစား simulations တွေနဲ့ memory အသုံးများတဲ့ အလုပ်တွေကို ပိုမိုမြန်ဆန်စေဖို့ ဒီပရိုဆက်ဆာကို ပုံစံထုတ်ထားတာပါ။ 4 nm နည်းပညာနဲ့ တည်ဆောက်ထားလို့ ခက်ခဲတဲ့ အလုပ်ပတ်ဝန်းကျင်တွေမှာ လိုအပ်တဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပေးနိုင်မှာဖြစ်ပါတယ်။

အရင်မျိုးဆက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ Ryzen 9 9950X3D2 Dual Edition ဟာ DaVinci Resolve နဲ့ Blender လိုမျိုး ဖန်တီးမှုလုပ်ငန်းတွေမှာ ၅ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်လာသလို Unreal Engine နဲ့ Chromium လိုမျိုး source code အမြောက်အမြား တည်ဆောက်ရတဲ့နေရာမှာလည်း သိသာတဲ့ တိုးတက်မှုတွေ ရှိလာပါတယ်။ Alienware ရဲ့ ထုတ်ကုန်ဌာန အကြီးအကဲ Matt McGowan ကလည်း "သူတို့ရဲ့ Area-51 platform ဟာ AMD ရဲ့ ဒီ dual 3D V-Cache Architecture အသစ်ကို Alienware ရဲ့ အပူစွန့်ထုတ်မှု နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး အုကြောင်းအရာဖန်တီးရှင်တွေနဲ့ ဂိမ်းကစားသူတွေအတွက် အရင်က မရရှိဖူးတဲ့ စွမ်းဆောင်ရည်ကို ပေးအပ်သွားမှာဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။

Image: AMD

ဒီ AMD Ryzen 9 9950X3D2 Dual Edition ပရိုဆက်ဆာတွေကို ဒီနေ့ကစတင်ပြီး အရောင်းဆိုင်ကြီးတွေမှာ အမေရိကန်ဒေါ်လာ $899 နဲ့ ဝယ်ယူရရှိနိုင်ပြီ လို့သိရပါတယ်။ ဒါ့အပြင် Alienware Area-51 Desktop လိုမျိုး နာမည်ကြီး OEM ကုမ္ပဏီတွေရဲ့ Desktop တွေမှာလည်း ထည့်သွင်းရောင်းချသွားတော့မှာဖြစ်ကြောင်းသိရှိရပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။ 

Source: Techpowerup 


Post a Comment

0 Comments