![]() |
Image: MakeUseOf |
ကမ္ဘာတစ်ဝန်းက ကျောင်းသားတွေဟာ ChatGPT နဲ့ တခြား AI chatbot တွေကို အိမ်စာတွေ၊ စာမေးပွဲတွေမှာ အသုံးပြုပြီး စာခိုးချနေကြတာ အထူးအဆန်းလို့တောင်မဆိုနိုင်တော့ပါဘူး။ AI chatbot တစ်ခုက သင့်အတွက် အလုပ်ပင်ပန်းခံဖို့ အသင့်စောင့်နေတာပဲ၊ ဘာလို့ ကိုယ်တိုင် အလုပ်ရှုပ်ခံပြီး ခေါင်းစားနေမှာလဲ ဟုတ်တယ်မလား။
ဒါက ရှင်းရှင်းလင်းလင်း ပြင်ဆင်ဖို့လိုအပ်နေတဲ့ ပြဿနာတစ်ခုပါ။ အခုဆိုရင် OpenAI ဟာ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အခု ChatGPT ထဲမှာ Study Mode ကို အသစ်ထပ်မံထည့်သွင်းပေးလိုက်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသားတွေအနေနဲ့ မေးခွန်းတစ်ခုရဲ့အဖြေကို ChatGPT ကို ဒီအတိုင်းတန်းမေးနေတာမျိုးကနေ ရပ်တန့်စေပြီး အဲ့ဒီမေးခွန်းကို ကိုယ်တိုင်ဘယ်လိုဖြေရမလဲဆိုတာကို ChatGPT က ပြန်လည်သင်ကြားပေးဖို့ဖြစ်ပါတယ်။
ဒါက တကယ်အလုပ်ဖြစ်မှာလား။ ဖြစ်နိုင်လောက်ပါတယ်။ ဖြစ်ချင်မှလည်း ဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ChatGPT ရဲ့ Study Mode က ဘာတွေလုပ်နိုင်လဲဆိုတာ သိရအောင် စမ်းသပ်အသုံးပြုကြည့်ခဲ့တဲ့အခါ အရမ်းကို သဘောကျသွားခဲ့ပါတယ်။
ChatGPT's Study Mode ကို ဘယ်လိုဖွင့်ရမလဲ
![]() |
Image: Dave Parrack/Foundry |
ပထမဆုံးအနေနဲ့ Study Mode ကို သုံးဖို့အတွက် ChatGPT ထဲကို log in ဝင်ထားဖို့ လိုပါမယ်။ ပြီးရင် "Ask Anything" ဆိုတဲ့ စာတန်းအောက်မှာ Tools > Study and Learn ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ChatGPT က Study Mode ထဲကို ရောက်သွားပြီး၊ AI chatbot က ပုံမှန်တုံ့ပြန်နေကျပုံစံနဲ့ အများကြီးကွဲပြားတဲ့ ပုံစံနဲ့ စတင်တုံ့ပြန်ပါလိမ့်မယ်။
ChatGPT က Study Mode မှာ default prompt သုံးခုကို ပေးထားပါတယ်- “Help me with my homework,” “Explain a topic to me,” နဲ့ “Create a practice quiz” တို့ပါပဲ။ ဒီထဲက တစ်ခုခုကို ရွေးချယ်နိုင်သလို၊ ကိုယ်တိုင် prompt အသစ်တစ်ခုပေးပြီးလည်း သုံးနိုင်ပါတယ်။ ကျွန်တော်ကတော့ အစပိုင်းမှာ “Explain a topic to me” ကို ရွေးပြီး စမ်းကြည့်ခဲ့တယ်၊ အဲ့ဒီအခါမှာ သူက ကျွန်တော် ဘာကိုလေ့လာနေလဲ၊ ဘယ်အတန်းတက်နေလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ပြန်မေးခဲ့ပါတယ်။
ကျွန်တော်က လေ့လာနေတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်ပြီး လေ့လာသင်ယူဖို့သက်သက်ပါပဲလို့ အမှန်အတိုင်းဖြေခဲ့တယ်။ အဲ့ဒီလိုဖြေလိုက်တော့ ChatGPT က သူဘယ်သူနဲ့ ဘာကို ဆက်ဆံနေရလဲဆိုတာကို အတိအကျသိသွားပါတယ်။ ပြီးတော့ သူက ရှေးခေတ်အင်ပါယာတွေကနေ quantum physics အထိ ကျုပ်တို့အတူတကွ စူးစမ်းလေ့လာနိုင်မယ့် စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းစဉ်တချို့ကို အကြံပြုခဲ့ပါတယ်။ ကျွန်တော်ကတော့ quantum physics ကို ရွေးချယ်ခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဒါက စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာရပ်တစ်ခုမို့ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို quantum physics ရဲ့ အခြေခံရှင်းလင်းချက်တစ်ခု ပေးပြီးနောက်မှာ ChatGPT က ခဏရပ်ပြီး ကျွန်တော့်ကို မေးခွန်းတစ်ခု ပြန်မေးခဲ့ပါတယ်။ အဲ့ဒါကတော့ အက်တမ်တစ်ခုထဲက အီလက်ထရွန်ကို ဘယ်လိုပုံဖော်မြင်ယောင်မိသလဲ ဆိုတာပါပဲ။ အဓိကအချက်ကတော့ ChatGPT ကပေးတဲ့ အချက်အလက်တွေကို ဒီအတိုင်းထိုင်ရယူနေမဲ့အစား၊ အကြောင်းအရာအပေါ်မှာ ကျွန်တော့်ကို တက်တက်ကြွကြွ တွေးခေါ်စေဖို့နဲ့ ကိုယ်ဘာတွေသိထားတယ်လို့ ထင်လဲဆိုတာကို ပြန်စဉ်းစားစေဖို့ပါပဲ။
ChatGPT's Study Mode ကို ဘာလို့ ကျွန်တော်ကြိုက်ရသလဲ
![]() |
Image: Dave Parrack/Foundry |
ဒီအချက်ကတော့ ကျွန်တော် ChatGPT ရဲ့ Study Mode ကို ဘာကြောင့် ကြိုက်ရတဲ့အကြောင်းရင်းပါပဲ။ အဲဒါက ChatGPT ကို သင့်ကို သင်ကြားပေးဖို့ အတင်းအကျပ် ညွှန်ကြားပြီး သင့်ကိုလည်း သင်ယူစေပါတယ်။ ပုံမှန် AI Chatbot Mode ထက် Study Mode နဲ့ အကြောင်းအရာတစ်ခုခုကို ဆွေးနွေးတဲ့အခါ ပိုပြီး အကျိုးရှိတာကို ကျွန်တော် တွေ့ရှိရပါတယ်။ ဒါဟာ လူတစ်ယောက်ကို ငါးမျှားတတ်အောင် သင်ပေးရမယ်ဆိုတဲ့ စကားပုံနဲ့ သဘောချင်း တူပါတယ်။ ဥပမာအားဖြင့် Calculator တစ်ခုလိုပဲ ChatGPT က ၃၂ ကို ၅၃ နဲ့ မြှောက်ရင် ဘယ်လောက်ရလဲဆိုတာကို ပြောပြနိုင်ပေမယ့် ဒါဟာ တစ်ခါတည်းပဲ အထောက်အကူပြုပါတယ်။ ဒါပေမဲ့ ၃၂ ကို ၅၃ နဲ့ မြှောက်တဲ့ အလွယ်ဆုံးနည်းလမ်းကို ရှင်းပြပေးမယ်ဆိုရင်တော့ ဒါဟာ တစ်သက်လုံး အထောက်အကူပြုသွားမှာဖြစ်ပါတယ်။
အဲဒီအချက်အပြင် ChatGPT ရဲ့ Study Mode က စကားဝိုင်းကို ဘယ်လိုနည်းနဲ့မဆို ဆက်လက်လုပ်ဆောင်ဖို့ ကြိုးစားတာကလည်း သဘောကျစရာကောင်းပါတယ်။ ပုံမှန် ChatGPT Mode ဟာလည်း နောက်ဆက်တွဲမေးခွန်းတွေ မေးဖို့ တိုက်တွန်းနိုင်ပေမယ့် Study Mode ကတော့ နောက်ထပ်တစ်ဆင့် တက်သွားပါတယ်။ ဥပမာအားဖြင့် Heisenberg Uncertainty Principle နဲ့ ပတ်သက်ပြီး ရှည်လျားကျယ်ပြန့်တဲ့ စကားဝိုင်းတစ်ခုအဖြစ် ဆွေးနွေးပေးခဲ့ပါတယ်။ ChatGPT က ကျွန်တော့်ကို တစ်ခုခု သင်ပေးခဲ့သလို ကျွန်တော်လည်း တစ်ခုခု သင်ယူခဲ့ရပြီး ဒါဟာ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုတစ်ခုလည်း ဖြစ်ပါတယ်။
ChatGPT ရဲ့ Study Mode က Generative AI ရဲ့ အနှစ်သာရနဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲပေးနိုင်တာကိုလည်း ကျွန်တော် ကြိုက်ပါတယ်။ အခုချိန်အထိ AI ကို ပြဿနာတွေအတွက် အမြန်ဖြေရှင်းနည်းအဖြစ်ပဲ ရှုမြင်ကြပါတယ်။ သာမန်အလုပ်တွေကို စီမံခန့်ခွဲတာကနေစပြီး တစ်ကြောင်းတည်းသော Prompt နဲ့ နေ့စဉ်လုပ်ငန်းတွေကို ပြီးမြောက်အောင် လုပ်ဆောင်တာအထိ Generative AI က ဦးဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ChatGPT ကို Study Mode ထဲ ပြောင်းလိုက်တာနဲ့ အလုပ်တွေကို ကိုယ်တိုင်လုပ်ဆောင်ဖို့ သင့်ကို တွန်းအားပေးပါတော့တယ်။ ဆရာတစ်ဦးကနေ သင်ကြားပေးသူဆီကိုအဖြစ် အစေခံတစ်ဦးကနေ လက်ထောက်တစ်ဦးအဖြစ် ပြောင်းလဲသွားစေပါတယ်။
တိုးတက်ရန် လိုအပ်နေသေးသည့် Study Mode
![]() |
Image: Dave Parrack/Foundry |
ChatGPT's Study Mode က မပြီးပြည့်စုံနေသေးပါဘူး။ ဒါပေမဲ့ ဒါက ပထမဆုံး ဗားရှင်းပဲရှိသေးပြီး OpenAI က ဒါကို တိုးတက်အောင်လုပ်သွားမယ်လို့ ကတိပေးထားပါတယ်။ အဲ့ဒီလိုလုပ်ဖို့ သိသာတဲ့နည်းလမ်းတစ်ခုကတော့ ChatGPT ကို Study Mode ထဲမှာပဲ lock ချထားလို့ရတဲ့ option တစ်ခု ထည့်ပေးလိုက်တာပါပဲ။ ဒါဆိုရင် ကျောင်းသားတွေ (ဒါမှမဟုတ် ကျွန်တော့်လို စပ်စုတတ်တဲ့ လူတွေ) က အတိုင်းအတာတစ်ခုအထိ ရောက်သွားပြီးမှ လက်လျှော့ပြီး အဖြေကိုတန်းမေးတာမျိုး မလုပ်နိုင်တော့ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်၊ Study Mode ဘယ်လိုပဲ ပြောင်းလဲတိုးတက်လာပါစေ၊ ဒါက ကျွန်တော့်ကို ChatGPT နဲ့ အပြန်အလှန်ဆက်ဆံဖို့ နည်းလမ်းအသစ်တစ်ခုကိုတော့ ပေးခဲ့တယ်လို့ဆိုနိုင်ပါတယ်။
သင်ကိုယ်တိုင် ChatGPT's Study Mode ကို စမ်းသုံးကြည့်မယ်ဆိုရင် default option တွေထက် ကျော်လွန်ပြီး prompt တွေနဲ့ စမ်းသပ်ကြည့်ဖို့ ကျွန်တော်အကြံပြုချင်ပါတယ်။ "ဒြပ်ရဲ့အခြေအနေသုံးမျိုးက ဘာတွေလဲ" လိုမျိုး ရိုးရှင်းတဲ့မေးခွန်းတွေကနေ၊ "ဘဝရဲ့အဓိပ္ပာယ်က ဘာလဲ" ဆိုတာလိုမျိုး ပိုပြီးနက်နဲပြီး အပြန်အလှန်ဆွေးနွေးမှုတွေ ပိုကြာနိုင်တဲ့ မေးခွန်းတွေအထိ စမ်းသပ်နိုင်ပါတယ်။
ကျွန်တော်က နောက်ဆုံးမေးခွန်းကို ChatGPT ရဲ့ Regular Mode နဲ့ Study Mode နှစ်ခုလုံးမှာ မေးကြည့်ခဲ့ပြီး၊ တုံ့ပြန်မှုတွေက အများကြီးကွဲပြားခဲ့ပါတယ်။ Regular Mode မှာတော့ ChatGPT က မေးခွန်းအပေါ် အဓိပ္ပာယ်ဖွင့်ဆိုပုံအမျိုးမျိုးကို အခြေခံပြီး ဖြစ်နိုင်တဲ့အဖြေတချို့ကို စာရင်းလုပ်ပြီး ပေးခဲ့ပါတယ်။ ဒါပေမဲ့ Study Mode မှာတော့ ChatGPT က ကျွန်တော့်ကို ‘ဘဝရဲ့အဓိပ္ပာယ်က ဘာဖြစ်မယ်လို့ သင်ကိုယ်တိုင်ကရော ထင်သလဲ’ ဆိုပြီး ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။
အဖြေကတော့ ရှင်းပါတယ် Douglas Adams ရဲ့ နာမည်ကျော်သိပ္ပံစိတ်ကူးယဉ်ဝတ္ထုဖြစ်တဲ့ The Hitchhiker's Guide to the Galaxy ဇာတ်လမ်းထဲကလို 42 လို့ဖြေခဲ့ပါတယ်။
Source: PCWorld
0 Comments