![]() |
Image: Google |
ယခင်က ရှည်လျားတဲ့ အီးမေးလ် စာစုတွေ ဒါမှမဟုတ် အပြန်အလှန် ပို့ထားတဲ့ စာတွေရဲ့ အကျဉ်းချုပ်ကို ကြည့်ချင်တယ်ဆိုရင် "ဒီအီးမေးလ်ကို အကျဉ်းချုပ်ပါဆိုတဲ့ (Summarize this email)" ခလုတ်ကို နှိပ်ပြီး Gemini AI ကို အကျဉ်းချုပ် ဖော်ပြခိုင်းရပါတယ်။ အခုတော့ ဒီအဆင့်ကို ဆောင်ရွက်စရာမလိုတော့ပါဘူး။
အခုဆိုရင် Androidနဲ့ iPhone ဖုန်းတွေရဲ့ Gmail app မှာ အီးမေးလ်အချို့ရဲ့ ထိပ်ဆုံးမှာ အကျဉ်းချုပ် ဖော်ပြတဲ့ summary card ကို အလိုအလျောက် ပြသသွားတော့မှာပါ။ Gemini က ဘယ်အချိန်မှာ အကျဉ်းချုပ်ပြသသင့်လဲဆိုတာကို ဆုံးဖြတ်မှာဖြစ်ပြီး များသောအားဖြင့် ရှည်လျားတဲ့ စကားဝိုင်းတွေ ဒါမှမဟုတ် အပြန်အလှန်စာတွေ များတဲ့ စာစုတွေမှာ ပေါ်လာမှာပါ။
ဒီအကျဉ်းချုပ်တွေကို bullet points တွေနဲ့ ဖော်ပြမှာဖြစ်ပြီး စကားဝိုင်းထဲကို အီးမေးလ်အသစ်တွေ ရောက်လာတာနဲ့အမျှ အလိုအလျောက် ပြောင်းလဲနေမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အသုံးပြုသူတွေ စာစုတစ်ခုလုံးကို အဆုံးထိ ဖတ်စရာမလိုဘဲ အချက်အလက် အသစ်တွေကို သိရှိနေစေဖို့ပဲ ဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်ကို အစပိုင်းမှာ Google Workspace အသုံးပြုသူတွေ၊ Google One AI Premium ဝယ်ယူသူတွေနဲ့ Gemini Education add-ons အသုံးပြုသူတွေအတွက် စတင် မိတ်ဆက်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ အီးမေးလ်တွေအတွက်သာ ရရှိနိုင်ပြီး မိုဘိုင်းဖုန်းတွေမှာသာ အသုံးပြုနိုင်ပါသေးတယ်။
Google ရဲ့ အဆိုအရ ဒီလုပ်ဆောင်ချက် အပြည့်အဝ စတင်အသုံးပြုနိုင်ဖို့ နှစ်ပတ်ခန့် ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်ကို ပုံမှန် ဂျီမေးလ်အကောင့်တွေ ဒါမှမဟုတ် Desktop အသုံးပြုသူတွေဆီကို ဘယ်တော့ တိုးချဲ့ပေးမှာလဲဆိုတာတော့ မပြောသေးပေမယ့် ကုမ္ပဏီရဲ့ မကြာသေးခင်က လုပ်ဆောင်ချက်တွေအရ ပိုမိုကျယ်ပြန့်တဲ့ မိတ်ဆက်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဉာဏ်ရည်တု အကူအညီမပါဘဲ မိမိရဲ့ မက်ဆေ့ချ်တွေကို စီမံခန့်ခွဲလိုသူတွေအတွက်တော့ ဒီလုပ်ဆောင်ချက်ကို ပိတ်ထားနိုင်ပါတယ်။ ဒါပေမဲ့ အချို့ အားသာချက်တွေကိုတော့ လက်လွှတ်ရမှာ ဖြစ်ပါတယ်။ အလိုအလျောက် အကျဉ်းချုပ်ဖော်ပြတဲ့ လုပ်ဆောင်ချက်ကို ပိတ်လိုက်ရင် ဂျီမေးလ်ရဲ့ "Smart Features" တွေကိုပါ ပိတ်ပစ်လိုက်မှာ ဖြစ်ပြီး high-priority notification တွေ၊ ကုန်ပစ္စည်းပို့ဆောင်မှု ခြေရာခံခြင်းတွေ၊ Smart Compose နဲ့ Smart Reply စတဲ့ တခြားကိရိယာတွေလည်း ပိတ်သွားမှာ ဖြစ်ပါတယ်။ Smart Features တွေ ပိတ်ထားရင်တောင် အသုံးပြုသူတွေဟာ လိုအပ်တဲ့အခါ အကျဉ်းချုပ်ကို ကိုယ်တိုင် တောင်းဆိုနိုင်ပါသေးတယ်။
Google ရဲ့ AI အကျဉ်းချုပ်ဖော်ပြတဲ့ လုပ်ဆောင်ချက်ကို ဂျီမေးလ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းမှုဟာ သူတို့ရဲ့ ထုတ်ကုန်တွေတစ်လျှောက် ပိုမိုကျယ်ပြန့်တဲ့ လမ်းကြောင်းတစ်ခုကို ထင်ဟပ်နေပါတယ်။ ဒီအကျဉ်းချုပ်ဖော်ပြတဲ့ နောက်ကွယ်က နည်းပညာဟာ Chatbot တွေနဲ့ အခြား AI လက်ထောက်တွေကို စွမ်းအားပေးနေတဲ့ Large Language Model တွေရဲ့ တိုးတက်မှုတွေကနေ ရယူထားတာ ဖြစ်ပါတယ်။ တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ Google ဟာ သင့်ရဲ့ အီးမေးလ်စာသားတွေကိုအသုံးပြုပြီး သူတို့ရဲ့ LLM တွေကို နောက်ထပ် လေ့ကျင့်ဖို့ ဆောင်ရွက်နေတာပါ။ အကျဉ်းချုပ်ဖော်ပြတဲ့ လုပ်ဆောင်ချက်ကို အထူးသဖြင့် ရှည်လျားပြီး ရှုပ်ထွေးတဲ့ အီးမေးလ်စာစုတွေကို မကြာခဏ အသုံးပြုရတဲ့သူတွေအတွက် GenAI ရဲ့ လက်တွေ့ကျတဲ့ အသုံးချမှုတစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။
ဒီလုပ်ဆောင်ချက်က အချိန်ကုန်သက်သာပြီး အသုံးပြုသူတွေကို သူတို့ရဲ့ အီးမေးလ်တွေထဲက အဓိက အချက်အလက်တွေကို လျင်မြန်စွာ ဖော်ထုတ်နိုင်အောင် ကူညီပေးနိုင်မယ်လို့ ကတိပြုထားပေမယ့် အဆင်ပြေမှုနဲ့ ထိန်းချုပ်မှုအကြားက ဟန်ချက်ညီမှုနဲ့ ပတ်သက်ပြီး မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။
အချို့ကတော့ ဒီလို အတွေ့အကြုံကို နှစ်သက်ကြပေမယ့် အချို့ကတော့ အလိုအလျောက် အကျဉ်းချုပ်ဖော်ပြခြင်းဟာ အနှောင့်အယှက် ဒါမှမဟုတ် မလိုအပ်ဘူးလို့ ယူဆနိုင်ပါတယ်။ အထူးသဖြင့် စာတိုလေးတွေအတွက်ပါ။ လက်ရှိအချိန်မှာတော့ Google ဟာ AI ကို ဂျီမေးလ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ထားရှိဖို့ ကြိုးစားနေတာကြောင့် အများစုက ဒီအပြောင်းအလဲကို ကြိုဆိုကြလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
Source: TechSpot
0 Comments