Subscribe Us

header ads

Software ကောင်းလျှင် အိုဟောင်းနေသည့် Hardware များဖြင့်ပင် ကမ္ဘာကြီးကို လည်ပတ်နိုင်ကြောင်း id Software ကို ပူးတွဲတည်ထောင်သူ John Carmack ပြောကြား

Image: Oculus

Google ရဲ့ သုတေသီတစ်ဦးဖြစ်တဲ့ LaurieWired က X(ယခင် Twitter) မှာ မကြာသေးခင်က စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတစ်ခု မေးခဲ့ပါတယ်။ "CPU ချစ်ပ်တွေ ထပ်ထုတ်လို့မရတော့တဲ့ ကမ္ဘာပျက်ကပ်ကြီးတစ်ခု ရောက်လာရင် ဘာဖြစ်မလဲ။ ပိုအသစ်၊ ပိုမြန်တဲ့ ပရိုဆက်ဆာတွေ မရှိတော့တဲ့ အနာဂတ်ကို နည်းပညာလောကက ဘယ်လို တုံ့ပြန်ကြမလဲ" ဆိုတဲ့ မေးခွန်းပါ။ ဒီမေးခွန်းကို programming နဲ့ optimization နယ်ပယ်မှာ ဂုရုတစ်ဆူလို့တင်စားရလောက်တဲ့ id Software ရဲ့ ပူးတွဲတည်ထောင်သူ John Carmack ကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အဖြေတစ်ခု ပေးခဲ့ပါတယ်။ 

LaurieWired က Zero Tape-out Day (အတိုကောက် Z-Day) ဆိုတဲ့ အယူအဆတစ်ခုကို တင်ပြခဲ့ပါတယ်။ ဒါက ချစ်ပ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေက ဆီလီကွန် ချစ်ပ်ဒီဇိုင်းအသစ်တွေ လုံးဝထပ်မထုတ်တော့တဲ့ အဖြစ်အပျက်မျိုးကို ဆိုလိုတာပါ။ လက်ရှိ ချစ်ပ်လက်ကျန်တွေကို ထည့်စဉ်းစားပြီး Z-Day ဖြစ်ပြီး ပထမတစ်နှစ်အတွင်းမှာပဲ ကွန်ပျူတာဈေးတွေ အဆမတန်တက်လာမယ်၊ cloud သိုလှောင်နိုင်စွမ်းတွေ ရပ်တန့်သွားမယ်၊ ပြီးတော့ သေးငယ်တဲ့ node တွေနဲ့ တည်ဆောက်ထားတဲ့ အဆင့်အမြင့်ဆုံး ချစ်ပ်တွေကလည်း electromigration (လျှပ်စစ်စီးဆင်းမှုကြောင့် တဖြည်းဖြည်းပျက်စီးခြင်း) ကြောင့် အရည်အသွေးကျဆင်းလာမယ့် အချိန်ကို ရေတွက်နေရလိမ့်မယ်လို့ အဆိုပါသုတေသီက ခန့်မှန်းထားပါတယ်။

နောက်ဆက်တွဲနှစ်တွေမှာတော့ အခြေအနေတွေက ပိုလို့တောင် ဆိုးရွားလာနိုင်တယ်လို့ ဆိုပါတယ်။ ပရိုဆက်ဆာတွေအတွက် မှောင်ခိုဈေးကွက်ကြီး ဖြစ်ပေါ်လာပြီး Xeon CPU တွေဆိုရင် ရွှေထက်တောင် တန်ဖိုးရှိလာနိုင်တယ်တဲ့။ ပိုကြီးတဲ့ node တွေနဲ့ တည်ဆောက်ထားတဲ့ ကွန်ပျူတာစနစ်အဟောင်းတွေက electromigration ကို ပိုပြီးခံနိုင်ရည်ရှိတာကြောင့် ကွန်ပျူတာနည်းပညာက ဆယ်စုနှစ်နဲ့ချီပြီး နောက်ပြန်ဆုတ်သွားနိုင်တယ်လို့ ဆိုပါတယ်။

လူတွေက Motorola 68000 လိုမျိုး ဂန္ထဝင် ပရိုဆက်ဆာအဟောင်းတွေကို Chip အတွင်းပိုင်း gate ပိုင်းဆိုင်ရာ ပျက်စီးမှုသိပ်မရှိဘဲ နှစ်ထောင်ချီပြီး အလုပ်လုပ်နိုင်အောင် ပြုပြင်မွမ်းမံသုံးစွဲကြပပါလိမ့်မယ်။ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အတွင်း ရောင်းချခဲ့တဲ့ iMac G3 လိုမျိုး ပိုပြီးအဆင့်မြင့်တဲ့ စနစ်တွေကတော့ အထက်တန်းလွှာလူတန်းစားတွေအတွက် workstation တွေဖြစ်လာပါမယ်။ သာမန်ပြည်သူပြည်သားတွေကတော့ Gameboy တို့၊ Macintosh SE တို့၊ Commodore 64 တို့က ဟာ့ဒ်ဝဲအဟောင်းတွေကိုပဲ ဖြစ်သလို ပြန်လည်အသုံးပြုကြရလိမ့်မယ်လို့ ဆိုပါတယ်။

LaurieWired က Z-Day ဖြစ်ပြီး နှစ်ပေါင်း ၃၀ အကြာမှာတော့ ကမ္ဘာကြီးက ၁၉၇၀ ဒါမှမဟုတ် ၁၉၈၀ ခုနှစ်တွေက ကွန်ပျူတာအသုံးပြုမှုပုံစံမျိုးနဲ့ တူတဲ့ စိတ်ပျက်စရာကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ အကြံပြုထားပါတယ်။ ခေတ်မီအင်တာနက်စနစ်ကြီး ပျောက်ကွယ်သွားပြီး SSD တွေနဲ့ လူကိုယ်တိုင် ဒေတာတွေ သွားလာပြီးကူးပြောင်းတဲ့ (sneakernet) စနစ်တွေ၊ ကိုယ့်မှာရှိတဲ့ တန်ဖိုးကြီး desktop ဟာ့ဒ်ဝဲတွေကို အစိုးရကလာသိမ်းမှာစိုးလို့ ကာကွယ်ဖို့ ကြိုးပမ်းမှုတွေနဲ့ အစားထိုးသွားလိမ့်မယ်လို့ ဆိုပါတယ်။

ဒီလိုစိတ်ကူးယဉ် အတွေးစမ်းသပ်ချက်အပေါ်မှာ id Software ရဲ့ နာမည်ကျော် developer တစ်ဦးဖြစ်ခဲ့တဲ့ John Carmack ကလည်း သူ့ရဲ့အမြင်ကို ဝင်ရောက်ဆွေးနွေးခဲ့ပါတယ်။ သူကိုယ်တိုင်က "ခေတ်ဟောင်း ဟာ့ဒ်ဝဲ" (vintage hardware) ပေါ်မှာ နာမည်ကြီး Doom ဂိမ်းရဲ့ ဂရပ်ဖစ်အင်ဂျင်ကို ၂၈ နာရီတည်းနဲ့ ဖန်တီးခဲ့ဖူးတာကြောင့် သူ့ရဲ့ကျွမ်းကျင်မှုက ဒီအကြောင်းအရာအပေါ်မှာ ရှုထောင့်အသစ်တစ်ခုကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ Carmack က ပြောတာကတော့ ဆော့ဖ်ဝဲလ်ရေးသူတွေသာ ဆော့ဖ်ဝဲလ်ကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ရည်မြှင့်တင်ခြင်းကို ဦးစားပေးလုပ်ဆောင်ကြမယ်ဆိုရင် ခေတ်မီကမ္ဘာရဲ့ အစိတ်အပိုင်းတော်တော်များများက ဟာ့ဒ်ဝဲအဟောင်းတွေနဲ့ ကောင်းကောင်းလည်ပတ်နိုင်တယ် လို့ဆိုပါတယ်။

ထိပ်တန်း ပရိုဂရမ်မာတစ်ဦးဖြစ်တဲ့ John Carmack က အကြံပြုတာကတော့ developer တွေအနေနဲ့ interpreted နဲ့ microservice-based ထုတ်ကုန်အားလုံးကို monolithic, native codebase တွေဆီ ပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။ ပရိုဂရမ်မာတွေဟာ ခေတ်မီ development ပုံစံတွေကို စွန့်လွှတ်ပြီး patch တွေ ထည့်ပေးဖို့ အင်တာနက် မရှိတဲ့ အစောပိုင်း ကွန်ပျူတာခေတ်တွေမှာ သုံးခဲ့တဲ့ ပိုမိုထိရောက်တဲ့ ချဉ်းကပ်မှုတွေကို ရှာဖွေကြလိမ့်မယ်လို့ သူက ဆိုပါတယ်။ 

ဒီလို အတွေးအခေါ်ပုံစံ အကြီးအကျယ်ပြောင်းလဲမှုက ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက်ပိုင်း coder တွေကို ဟာ့ဒ်ဝဲအဟောင်းအမြင်းတွေကို software optimization နဲ့ အသက်ဝင်ပြီး ကောင်းကောင်းလည်ပတ်နိုင်အောင် လုပ်ဆောင်ခိုင်းစေပါလိမ့်မယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း Carmack က အလွန်ဈေးပေါပြီး အတိုင်းအတာအလွယ်တကူချဲ့ထွင်နိုင်တဲ့ ကွန်ပျူတာစွမ်းအားတွေမရှိရင်တော့ တီထွင်ဆန်းသစ်တဲ့ ထုတ်ကုန်အသစ်တွေက အလွန်ရှားပါးသွားလိမ့်မယ်ဆိုတာကိုလည်း ဝန်ခံပြောကြားခဲ့ပါတယ်။

အထက်ပါအကြောင်းအရာတွေဟာ LaurieWired စိတ်ကူးကန့်သတ်ထားတဲ့ စမ်းသပ်ချက်ထဲက စကားဝိုင်းတစ်ခုသာဖြစ်ပေမယ့် Carmack ရဲ့ အယူအဆတွေက ယနေ့ခေတ် ကွန်ပျူတာလောကအတွက်လည်း လက်တွေ့ကျတဲ့ သက်ဆိုင်မှုတွေ၊ စဉ်းစားစရာတွေ ရှိနေပါတယ်။ ဥပမာအနေနဲ့ Microsoft သာ Windows 11 ကို အကောင်းဆုံးဖြစ်အောင် optimize လုပ်ဖို့ကို ဦးစားပေးခဲ့မယ်ဆိုရင် လက်ရှိလိုမျိုး ဟာ့ဒ်ဝဲလိုအပ်ချက် တင်းကျပ်တာမျိုးတွေ ဆက်ပြီးသတ်မှတ်နေဦးမှာလား။ ဒါက တကယ်ကို စဉ်းစားစရာမေးခွန်းတစ်ခုပါ။ အလားတူ ဂိမ်းနယ်ပယ်မှာရော optimization ပိုကောင်းအောင်လုပ်ခြင်းအားဖြင့် ဘယ်လောက်အထိ အကျိုးအမြတ်တွေ ပိုရလာနိုင်မလဲ ဆိုတာတွေကလည်း မေးခွန်းထုတ်စရာဖြစ်လာပါတယ်။

Source: TechSpot

Post a Comment

0 Comments