Subscribe Us

header ads

Review: MSI Modern 15 A11MU

ကျ‌နော့်အနေနဲ့ ပြီးခဲ့တဲ့အပတ်က ဂိမ်းဆော့လို့အရမ်းကောင်းတဲ့ Raider GE67 HX ကို review လုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် gaming laptop တွေဆိုတာကို လူတိုင်းကမလိုအပ်သလို ပုံမှန်ရုံးသုံးကျောင်းသုံးတွေအတွက် ထိုက်သင့်တဲ့စွမ်းဆောင်ရည်နဲ့ ပေါ့ပါးမှုကအဓိကဖြစ်ပါတယ်။ ဒါကြောင့် ဒီလို Thin and Light Laptop တွေထဲကတစ်ခုဖြစ်တဲ့ Modern 15 A11MU ကို review လုပ်ပေးမှာဖြစ်ပါတယ်။

Introduction

Modern Series တွေဟာ MSI ရဲ့ Thin and Laptop တွေထဲမှာ ဈေးအသက်သာဆုံး series ဖြစ်ပါတယ်။ သူက အပြင်ပန်းအရဆိုရင် Prestige တွေနဲ့အတော်လေးဆင်တူတာမို့ ရုတ်တရက်ဆိုအတူတူလို့ထင်ရနိုင်ပါတယ်။ ဆင်တူ‌တယ်ဆိုပေမယ့် Prestige တွေလောက်ဈေးမကြီးပြန်တာမို့ အချို့ကအတော်လေးသဘောတွေ့ကြပါတယ်။ Modern 15 ကို Carbon Grey နဲ့ Urban Silver ဆိုတဲ့အရောင်၂မျိုးရှိပါတယ်။ Screen က 15.6လက်မ ကို FHD နဲ့ရနိုင်ပါတယ်။ ကျနော်Review လုပ်ပေးမှာက Core i7-1195G7 CPU, 8GB Memory, Full HD Display ပါဝင်တဲ့ Model ဖြစ်တဲ့ Modern 15 A11MU ပဲဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း‌ပြောရရင် လက်ရှိမှာ 12th Gen တွေရှိနေပြီဆိုပေမယ့် အများအားဖြင့် 11th Gen ထက် သိသိသာသာဈေးကြီးတာမို့ ရုံးသုံးကျောင်းသုံးတွေအတွက်က 11th Gen Quad Core CPU နဲ့တင်လုံလောက်တယ်လို့ဆိုနိုင်ပါတယ်။

Specifications

CPU: Intel Core i7-1195G7 (4Cores/8Threads)
Memory: 8GB LPDDR4 (onboard)
Graphics: Intel Iris Xe Graphics
Storage: 512GB NVMe PCIe Gen 3 SSD
Display: 15.6”Full HD (1920x1080), IPS-Level Display
Dimensions (WxDxH): 358x233.75x16.9-18.9 mm
Weight: 1.6 kg
I/O Ports: 1x Type-C USB3.2 Gen1, 2x 2x Type-A USB3.2 Gen2, 1x Type-A USB2.0 and Micro SD Card Slot
Connectivity: Wi-Fi 6, Bluetooth 5.1
Webcam: 720P with IR Camera
Speakers: 2x 2W
Audio Jack: 1x 3.5mm Combo Jack
Operating System: Windows 11 Home
Battery: 52WH (3 Cell Li-Ion)
Power Adaptor: 65W
Price: $829-40=$789


Design and Build Quality

Creator တွေအတွက် ရည်ရွယ်ပြီးထုတ်ထားတဲ့ MSIရဲ့ Modern 15 ဟာ အရင်ကျနော် review MSI Modern 14 နဲ့ အမြင်အားဖြင့်အတော်လေးဆင်တူပါတယ်။ Laptop တစ်ခုလုံးဟာ aluminium body နဲ့ဖြစ်ပါတယ်။ ကျနော်ရတဲ့ အရောင်က Carbon Grey ဖြစ်ပြီး သူ့မှာအရောင်က နေရာအများစုမှာတောက်ပြောင်နေခြင်းမရှိပဲအရောင်မှိုင်းတဲ့ဘက်ကိုရောက်တဲ့ဘက်ကိုသွားပါတယ်။ သူ့ရဲ့ အဖုံး Lid ကိုကြည့်မယ်ဆိုရင်လည်း MSI ရဲ့ အသစ်ပြောင်းလဲလိုက်တဲ့ Logo ကိုသုံးထားတာတွေ့ရပါတယ်။




Logo ဟာ Lid ပေါ်မှာ သိသာထင်ရှားတဲ့ပုံစံထက် ရေးရေးလေးသာမြင်ရပြီး Lid ကိုတော့ 180°အထိလှန်ချလို့ရတာတွေ့ရပါတယ်။


အဖုံးကိုဖွင့်ဖို့အတွက်အချိုင့်လေးတစ်ခုထည့်ထားသလို ဖွင့်ရတာလွယ်ကူပါတယ်။ အဖုံးကလဲကျစ်လစ်သန်မာပြီးလိမ်ကြည့်လို့မလွယ်သလို laptopကိုပေါင်ပေါ်တင်သုံးတဲ့အခါ လုံးဝလှုပ်နေတာမျိုးမရှိပါဘူး။ Lidကို ဖွင့်ကြည့်ပြီးတဲ့အခါ သူ့ရဲ့ဘေးဘောင်လေးတွေက သေးငယ်လှပတာကိုတွေ့ရပြီးစိတ်ကျေနပ်စရာကောင်းပါတယ် ဒါပေမယ့် အပေါ် bezel က ဘေးဘက်တွေထက်အနည်းငယ်ပိုထူတာတွေ့ရပါတယ်။Web Cam ကိုလည်း ပုံမှန်နေရာမှာရအောင်ထည့်ပေးထားပြီး ပိုဈေးကြီးတဲ့ Prestigeလိုမျိုးတော့ Window Hello အတွက် IR Camera မပါဝင်ပါဘူး။


Modern 15 မှာ ကျယ်ပြန့်တဲ့ကီးဘုတ်ဟာ သင့်ကိုစာ‌ကောင်းကောင်းရိုက်နိုင်ဖို့ ကူညီပေးမှာဖြစ်ပြီး power button က ကီးဘုတ်နဲ့တပါတည်းပါရှိနေတာကိုတွေ့ရပါတယ်။ Trackpad ကလည်း အတန်အသင့်ကျယ်ပြန့်တာကိုတွေ့ရပါတယ်။ ဒါ့အပြင် body ကလက်ရာသိပ်မထင်လို့ သန့်ရှင်းရေးလုပ်ရတာ သက်သာစေမှာပါ။


အောက်ခြေကိုလှန်ကြည့်လိုက်မယ်ဆိုရင် အောက်ဘက်မှာ Speaker ၂ခုနဲ့ cooling အတွက် လေဝင်ဖို့အပေါက်လေးတွေ တွေ့ရမှာပါ။


exhaustကတော့ ဘေးဘက်တွေကနေမဟုတ်ပဲ အပေါ်ဘက်ကနေထွက်သွားမှာမို့ လက်တွေအပူမိမှာမဆိုးရိမ်ရသလို laptop ကို desktop လို external monitor တွေ keyboard mouse တွေနဲ့သုံးမယ်ဆိုရင်တောင်အပူလွန်ကဲခြင်းကနေကာကွယ်ပေးနိုင်မှာပါ။

Quick Access Panel မပါတဲ့အတွက် Laptop ကို Upgrade လုပ်ဖို့ Screw ၆လုံးလောက်ဖြုတ်ရမှာပါ။ Laptopဟာ 18.9 mm သာထူပြီး 1.6kg သာရှိလို့ ၁၅လက်မ laptop အနေနဲ့ဆိုရင်ပေါ့ပါးတယ်ဆိုနိုင်ပါတယ်။

Display

MSI Modern 15 မှာ AU Optronics AUO B156HW02 1080p 60Hz display panel ကိုတပ်ဆင်ထားပြီး ဒီစျေးနဲ့ သင့်တော်တဲ့ Display လို့ပြောနိုင်ပါတယ်။


Color ပိုင်းအနေနဲ့
sRGB 99.89%
AdobeRGB 85.79%
DCI-P3 79.73% အထိရှိတဲ့အတွက် Color ပိုင်းမှာ Photo and Video Editing တွေအတွက်ပါ အသုံးချနိုင်မှာပါ။ Viewing Angle ကလည်း အရမ်းကောင်းတယ်လို့ ပြောမရပေမယ့်မဆိုးလှပါဘူး။ YouTube နဲ့ Netflix ကရုပ်ရှင်တွေ Video တွေကိုတော့ Screen မှာ အဆင်ပြေပြေကြည့်နိုင်ပါတယ်။ သဘောကျစရာကောင်းတဲ့အချက်က display ဟာ 270nits ဝန်းကျင်ရှိတဲ့အတွက် သာမန် Laptop တွေအတိုင်းပဲလို့ဆိုနိုင်ပါတယ်။

Keyboard and Trackpad

ပုံမှန်အားဖြင့် MSI Laptop တွေရဲ့ စိတ်ချမ်းသာစရာအချက်တစ်ခုက စာရိုက်လို့ကောင်းတဲ့ ကီးဘုတ်ပဲဖြစ်ပါတယ်။ Modern မှာဆိုရင်လည်း ကီးလေးတွေနှိပ်ရတဲ့feeling နဲ့ စာရိုက်ရတာကအတော်လေးမိုက်သလို ကီးတစ်ခုခြင်းနေရာချထားပုံကသုံးရအဆင်ပြေပါတယ်။


Gaming Laptop မဟုတ်တဲ့အတွက် Keyboard ရဲ့ Backlight က ပုံမှန် Laptop တွေလိုအဖြူရောင်တစ်မျိုးတည်းသာဖြစ်ပြီး အလင်းအားကိုအဆင့် ၃ဆင့်လောက်ပြောင်းနိုင်ပါတယ်။


Modern 15 ရဲ့ Track Pad ဟာ Prestige လို လက်တစ်ဝါးစာလောက်မရှိ‌တော့ပေမယ့် အရွယ်ကတော့ မသေးဘူးလို့‌ပြောလို့ရပါတယ်။ Track pad ဟာ သီးသန့် left click right clickခလုပ်တွေထည့်မထားလို့အမြင်ရှင်းသလို နှိပ်တဲ့အခါလှုပ်စိစိဖြစ်မနေတာကလည်းအတော်ကျေနပ်စရာပါ။ Click အသံတွေကလဲ အတော်ညက်ညောပါတယ်။ Track Pad အတွက် Windows Precision Driver ကိုသုံးထားပြီး လက်နဲ့ပွတ်ကြည့်တဲ့အခါ တုံ့ပြန်မှုက အလွန်မြန်ဆန်ပြီး အားရစရာကောင်းပါတယ်။ အသေးစိတ်လက်ရာတွေဖြစ်တဲ့ Track Pad ပတ်လည်မှာ အနားကွတ်လေးတွေကို ခုတ်စားထားတာမျိုးတော့မရှိပါဘူး။

Ports

Port တွေအနေနဲ့ ဘယ်ဘက်မှာ HDMI တစ်ခု၊ Type-C USB3.2 Gen1 တစ်ခု၊ Type-A USB2.0 ၁ခုနဲ့ 3.5mm audio combo jack တစ်ခုပါဝင်ပါတယ်။


ညာဘက်မှာတော့ Type-A USB3.2 Gen2 ၂ခု နဲ့ Micro SD Card Slot တစ်ခု ပါဝင်ပါတယ်။


Thunderbolt မပါပေမယ့် ကျန်တဲ့ IO တွေက မနည်းလှဘူးလို့ဆိုနိုင်ပါတယ်။


Webcam

Video Call တွေအတွက် Modern 14 ရဲ့ Webcam ရုပ်ထွက်က ကောင်းမွန်တယ်လို့ဆိုနိုင်ပြီး ပြတ်သားမှုကောင်းတယ်မဆိုနိုင်ပေမယ့် အလင်းသိပ်မရှိတဲ့နေရာမှာပါ ကောင်းကောင်းမြင်ရပါတယ်။

Audio

Audio ပိုင်းကိုပြောရမယ်ဆိုရင် Modern 15 မှာ ယခင် Series တွေအတိုင်း 2w Speaker ၂လုံးကို Laptop ရဲ့အောက်ဘက် ဘယ်ညာထောင့်‌တစ်ခုစီမှာနေရာချထားပါတယ်။ Speaker တွေရဲ့အသံထွက် guiter သံလိုမျိုးမှာ ရှင်းရှင်းလင်းလင်းကြားရတယ်ဆိုပေမယ့် base သံကိုအားမရပါဘူး။ Nahimic Audio software ကနေ အနည်းငယ် tuning လုပ်လိုက်မယ်ဆိုရင်ဖြင့် အသံတွေက နည်းနည်းပိုနားထောင်လို့ကောင်းသွားနိုင်ပါတယ်။

Modern 15 မှာ သီးခြား Headphone နဲ့ Mic အတွက် 3.5mm Audio Combo Jack ပါဝင်ပြီး ပုံမှန် headset တွေနဲ့သုံးမယ်ဆိုရင် adapter တစ်ခုတော့ဆောင်ထားရပါလိမ့်မယ်။ Audio က 24bit 192KHz ရပြီး သူရဲ့ထုတ်ပေးလိုက်တဲ့အသံက သီးခြား sound card တွေလောက်မကောင်းဘူးဆိုပေမယ့် မဆိုးလှဘူးလို့ဆိုနိုင်ပါတယ်။

သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်ပြီး Cooler Boost ဖွင့်ထားချိန်မှာတောင် mic ရဲ့အသံကို Fan တွေရဲ့ဆူညံသံကလွမ်းမိုးမှုမရှိတဲ့အတွက်ကျေနပ်စရာပါ။ အကယ်၍ ဆူညံသံကိုထပ်လျော့လိုတယ်ဆိုရင်တော့ MSI Center Pro ဒါမှမဟုတ် Nahimic Audioမှာပါတဲ့ Noise Cancellation feature တွေကိုသုံးနိုင်ပါတယ်။

Storage

Modern 15မှာ 512GB ရှိတဲ့ Kingston OM8PCP3512F-Al1 NVME SSD ကိုထည့်‌ထားပါတယ်။ SSD ရဲ့ စွမ်းဆောင်ရည်ဟာ Read/Write နှုန်းတွေဟာ PCIE 3.0 NVME SSD တွေထဲမှာ စွမ်းဆောင်ရည်ကောင်းတာကိုတွေ့ရပါတယ် အတိအကျကို Benchmark ပုံမှာကြည့်ပါ။


သို့ပေမယ့် SSD ရဲ့ Capacity ဟာ 512GB သာရှိလို့ သာမန်သုံးစွဲသူအတွက်အဆင်ပြေလောက်ပေမဲ့ အရွယ်ကြီးတဲ့ဖိုင်တွေအများကြီးထည့်ထားဖို့ရာ မလုံလောက်ပါဘူး။ Storage မလောက်ဘူးထင်ရင်ထပ်တိုးဖို့အတွက် NVME Slot တစ်ခုရှိနေပါသေးတယ်။

Battery and Power Adapter

Modern 15 မှာ 52WH ရှိတဲ့ 3Cell Li-Ion battery ကိုထည့်သွင်းပေးထားပြီးထင်ထားသလောက်ကိုအားမခံတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း Evo Platform မဟုတ်တာကြောင့် power management ပိုင်းမှာ လိုအပ်ချက်တွေရှိနေနိုင်ပါတယ်။

အားသွင်းဖို့အတွက်က Modern 15 မှာ 65W Adapter ပါဝင်ပြီး ခုခေတ်ဖုန်း adapter လောက်သာရှိတဲ့အတွက် အပြင်ခဏခဏယူသွားမယ့်သူအဖို့ အတော်အဆင်‌ပြေတယ်ပြောနိုင်ပါတယ်။ သို့ပေမယ့် PD မပါလို့ Type-C ကနေအားသွင်းတာတော့မလုပ်နိုင်ပါဘူး။

MSI Center Pro

Laptop တွေမှာ Utility Software တစ်ခုပါလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ထားတဲ့ MSI Center Pro ပါ။ သူက ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ် ကိုယ်သုံးမယ့် application အပေါ်မူတည်ပြီး power သုံးစွဲမှုကို အလိုအလျောက်ပြောင်းလဲပေးတာတွေရှိမယ် (CPUကိုပိုသုံးမှာလား GPU ဘက်ကိုပိုသုံးမှာလားစသဖြင့်)၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့features တွေပါဝင်ပါတယ်။ နောက်ထပ် Zoom Meeting လိုမျိုးမှာ ဆူညံသံလျော့ပေးမယ့် Noise Cancellation လည်းပါပါတယ်။

Testing Methodology and Benchmarks

CPU Benchmark အတွက် Cinebench R15၊ Cinebench R20၊ Cinebench R23နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ ဒါ့အပြင် Modern 15 မှာတပ်ဆင်ထားတဲ့ Core i7-1195G7 CPU Intel 11th Gen Tiger Lake Core i7 မှာ အမြင့်ဆုံး CPU ဖြစ်တာကိုတွေ့ရပါတယ်။ စွမ်းဆောင်ရည်အရ Core i7-1195G7 ဟာ 12th Gen ကိုမမှီဘူးဆိုပေမယ့် Quad Core CPU တစ်ခုအနေနဲ့ ကောင်းမွန်တဲ့ရလဒ်တွေတွေ့ရပါတယ်။


Intel Core i7-1195G7 ဟာ Base Clock 2.9 GHz နဲ့ Boost Clock 5.0GHz အထိရှိပါတယ်။ မူလ TDP 28W ရှိတဲ့ ဒီCPU ကို manufacturer ‌တွေအနေနဲ့ 12~28W အထိချိန်ညှိလို့ရလို့သိရပါတယ်။ ကျနော်စမ်းသပ်ကြည့်ရာမှာတော့ multi-core rendering မှာ CPU ဟာ 50W အထိသုံးနေပြီး single core အသားပေးအလုပ်တွေမှာဆို 22W လောက်သုံးနေတာကိုတွေ့ရပါတယ်။


Intel Core i7-1195G7 မှာ 96 Execution Unit ရှိတဲ့ Intel ရဲ့ Iris Xe Graphics လည်းပါဝင်ပြီး စာရွက်ပေါ်မှာ အားရစရာဆိုပေမယ့် ဒီ Modern 15 မှာ graphics ပိုင်းကို ပါဝါသိပ်မပေးထားတာကို သတိထားမိပါတယ်။ သူ့ကို 1080P Lowest Setting မှာ AAA ဂိမ်း၃ခုနဲ့စမ်းသပ်လိုက်တဲ့အခါ Prestige တွေမှာလို စွမ်းဆောင်ရည်မရှိတာကိုတွေ့ရပြီး 20 FPS ဝန်းကျင်သာရတာမို့ ပေါ့ပေါ့ပါးပါးဂိမ်းလေးတွေကလွဲရင် ကစားဖို့အဆင်မပြေပါဘူး။




Overall Performance အတွက်ကတော့ PCMark 10 နဲ့ပါ။ Productivity အတွက် Corona နဲ့ Vray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့ပြထားပေးပါတယ်။ Benchmark အားလုံးကို Windows 11 Version 22H2 မှာစမ်းသပ်ထားပါတယ်။


ဘက်ထရီစွမ်းဆောင်ရည်ကို Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၄နာရီကျော်လောက်ကြည့်လို့ရပါတယ်။ ဒါဟာသာမန်လောက်ပဲလို့ဆိုနိုင်ပြီး ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင်တော့ ပိုခံမယ်လို့ထင်ပါတယ်။ ဂိမ်းဆော့မယ်ဆို၁နာရီကျော်ဝန်းကျင်သာရပါတယ်။ အားပြန်သွင်းတဲ့အချိန်က ၃နာရီနီးပါးရှိပါတယ်။

Temperatures, Noise and Power Draw

အရွယ်အစားသေးငယ်ပြီး ပေါ့ပါးတဲ့ Laptop တွေမှာ ဆိုးရိမ်စရာက သာမန်ထက်ပိုပူတာပါ။ ဒါပေမယ့် MSI Modern 15ဟာ Super Battery Mode နဲ့ဆိုရင် ပေါင်ပေါ်တင်ပြီး ပေါ့ပေါ့ပါးပါးအလုပ်တွေကိုလုပ်ဖို့အဆင်ပြေသလို အိပ်ရာပေါ်တင်ပြီး အသုံးပြုကြည့်ရာမှာလည်းအဆင်ပြေပါတယ်Clock Speed ပိုင်းအနေနဲ့ Single Core မှာ 4.7GHz အထိရသလို Multi Core rendering လုပ်အခါ CPU က 4.2GHz လောက်မှာ ထိန်းထားနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။


ပုံမှန် ရုံးအလုပ်တွေနဲ့ video တွေကြည့်တဲ့အခါ laptop ကိုနာရီနဲ့ချီပြီး အဆင်ပြေပြေအသုံးပြုလို့ရတာကိုတွေ့ရပါတယ်။ Rendering လုပ်တဲ့အခါမှာ Fan ကို‌ Auto Mode မှာထားကစားရင် အများဆုံး CPUက 94°C လောက်တက်လာပြီး Cooler Boost သုံးပြီးကစားမယ်ဆိုရင် CPU က 91°C လောက်သာရှိတော့တာကို‌ တွေ့ရပါတယ်။ အသေးစိတ်ကိုပုံမှာပြထားပါတယ်။


ဆူညံမှုဘက်ကိုပြောရရင် Modern 15 ဟာ ရိုးရိုးအခြေအနေမှာဆို fan အသံမကြားရ‌ပါဘူး။ အပူပိုစွန့်ထုတ်နိုင်အောင် Cooler Boost ကိုဖွင့်သုံးမယ်ဆိုရင် အသံအများကြီးပိုဆူလာတယ်ဆိုပေမယ့် လက်ခံနိုင်တဲ့အနေအထားမှာရှိတာကို တွေ့ရပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။

The Good

  • Good IO
  • Good Trackpad
  • Thin and Light

The Bad

  • Poor Graphics Performance
  • Below Average Battery Life
  • No Fingerprint Reader

Conclusion

MSI Modern 15 A11MU ဟာ အမြင်အရစတိုင်ကျတဲ့ Laptop တစ်ခုလို့ဆိုနိုင်ပြီး သာမန်ရုံးအလုပ်တွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပါတယ်။ အားနည်းချက်လေးတွေရှိနေပေမယ့် MSI Modern 15 A11MU မှာ 11th Gen ထဲက စွမ်း‌ဆောင်ရည်အမြင့်ဆုံး Core-i7 1195G7 တပ်ဆင်ထားတာမို့ မဆိုးဘူးထင်ရပေမယ့် အရင်စမ်းဖူးတဲ့ Prestige တွေလောက်တော့ စွမ်းဆောင်ရည်ပိုင်းမှာအားမရပါဘူး အထူးသဖြင့် graphics စွမ်းဆောင်ရည်က အတော်အားနည်းပြီး ဂိမ်းကစားဖို့ရာအဆင်မပြေတာကိုတွေ့ရပါတယ်။ ဘက်ထရီစွမ်းဆောင်ရည်လည်း Prestige ထပ်နည်းနည်းလျော့တယ်လို့ဆိုနိုင်ပါတယ်။ user experience အနေနဲ့ super battery mode မှာထားပြီး web browsing လိုပေါ့ပေါ့ပါးပါးအလုပ်တွေကို ပေါင်ပေါ်တင်သုံးလို့အဆင်ပြေသလို အိပ်ရာမှာသုံးရတာလည်းအဆင်ပြေတာကိုတွေ့ရပါတယ်။ MSI Modern 15 A11MU ရဲ့ မူလဈေးနှုန်းက $789 ဖြစ်ပြီး cash back $40 ရှိနေမို့ ဈေးနည်းနည်းသက်သာသွားသလိုရှိတယ်လို့ဆိုနိုင်ပါတယ်။ MSI Modern 15 A11MU ကို လူတိုင်းသဘောကျမှာမဟုတ်ပေမယ့် ပေါ့ပေါ့ပါးပါးသယ်ယူချင်တဲ့သူတွေအဖို့ ရွေးစရာတစ်ခုအဖြစ် ရှိနေနိုင်ပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ MSI Gaming ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

#EnThueTech
#Review #Laptop
#MSI #Modern15

Post a Comment

0 Comments