Subscribe Us

header ads

Microsoft ၏ နာမည်ကျော် Lens App ကို လာမည့်လတွင် ရပ်ဆိုင်းတော့မည်

Image: Microsoft

Microsoft ရဲ့ လူကြိုက်များတဲ့ စကင်နာအက်ပ်ဖြစ်တဲ့ Microsoft Lens ကို လာမယ့်လမှာ ရပ်ဆိုင်းတော့မယ်လို့ Neowin သတင်းဌာနက ဖော်ပြထားပါတယ်။ Microsoft Lens ကို ၂၀၁၄ ခုနှစ်က Office Lens အဖြစ် ပွဲထွက်လာခဲ့ပြီး ၂၀၂၁ခုနှစ်မှာတော့ Microsoft Lens အဖြစ် အမည်ပြောင်းလဲခဲ့တာပါ။

Microsoft Lens ဟာ Android နဲ့ iOS နှစ်မျိုးလုံးမှာ အခမဲ့ ရနိုင်တဲ့ အက်ပ်တစ်ခုဖြစ်ပြီး စာရွက်စာတမ်းတွေ စကင်ဖတ်တာ၊ ပုံတွေကို PDF/Word/Excel/PowerPoint ဖိုင်တွေအဖြစ် ပြောင်းတာ၊ လက်ရေးစာတွေကို Digital စနစ်နဲ့ သိမ်းဆည်းတာ၊ OneNote နဲ့ OneDrive မှာ သိမ်းဆည်းတာ စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ဒီအက်ပ်ဟာ Google Play Store မှာ 4.8 Star နဲ့ ဒေါင်းလုဒ်ရယူမှုပေါင်း သန်း ၅၀ ကျော်ရှိတာကြောင့် Microsoft ရဲ့ rating အမြင့်ဆုံး အက်ပ်တွေထဲက တစ်ခုဖြစ်ပါတယ်။

Image: Microsoft

စိတ်မကောင်းစရာက Microsoft Lens ဟာ စက်တင်ဘာလလယ်လောက်မှာ စတင်ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ အောက်တိုဘာလလယ်မှာတော့ အက်ပ်စတိုးတွေကနေ ထပ်မံဒေါင်းလုဒ်လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ နိုဝင်ဘာလလယ်မှာတော့ App Store နဲ့ Play Store နှစ်ခုလုံးကနေ လုံးဝဖယ်ရှားလိုက်မှာပါ။ ဒီဇင်ဘာလလယ်ရောက်ရင်တော့ အသုံးပြုသူတွေဟာ Microsoft Lens ကို အသုံးပြုပြီး စကင်အသစ်တွေ ဖန်တီးနိုင်တော့မှာ မဟုတ်ပါဘူး။

Microsoft ကတော့ အသုံးပြုသူတွေကို စကင်ဖတ်နိုင်တဲ့ လုပ်ဆောင်ချက်ပါဝင်တဲ့ Microsoft 365 Copilot အက်ပ်ကို ပြောင်းလဲအသုံးပြုဖို့ မျှော်လင့်ထားပါတယ်။

အစားထိုး အက်ပ်များ

Microsoft Lens ရဲ့ အခြားရွေးချယ်စရာတွေကို ရှာဖွေနေတယ်ဆိုရင် အောက်ပါအက်ပ်တွေကို စဉ်းစားနိုင်ပါတယ်:
Adobe Scan: စာသားကို မှတ်မိနိုင်တဲ့ စွမ်းရည်ကောင်းမွန်ပြီး Adobe ရဲ့ အခြား Tool တွေနဲ့ ချောမွေ့စွာ ချိတ်ဆက်နိုင်ပါတယ်။
CamScanner: အဆင့်မြင့် Edit လုပ်နိုင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ စနစ်တကျ စီစဉ်နိုင်တဲ့ Feature တွေ ပေးထားပါတယ်။
Google Lens: Andriod ဖုန်းတွေမှာ မူလပါဝင်ပြီး စာသားတွေအပြင် တခြားအရာတွေကိုပါ မှတ်မိနိုင်ပါတယ်။
GImageReader နဲ့ OpenScan လို Open-source အက်ပ်တွေကလည်း အခမဲ့ ဆော့ဖ်ဝဲလ်တွေကို နှစ်သက်သူတွေအတွက် စဉ်းစားသင့်တဲ့ ရွေးချယ်မှုတွေ ဖြစ်ပါတယ်။

Microsoft 365 Copilot ကို မပြောင်းလဲချင်ဘူးဆိုရင် အဆိုပါအက်ပ်တွေက သင့်အတွက် သင့်လျော်တဲ့ အစားထိုးအက်ပ်တွေ ဖြစ်လာနိုင်ပါတယ်။

Source: PCWorld and TechSpot

Post a Comment

0 Comments