Subscribe Us

header ads

Microsoft က Shader Compilation ပြဿနာကိုဖြေရှင်းရန် Advanced Shader Delivery ကို မိတ်ဆက်

Image: Microsoft Dev Blog

Shader Compilation ဆိုတာ ဂိမ်းတွေနဲ့ Application တွေမှာ Graphics တွေဖန်တီးဖို့အတွက် လူတွေရေးသားထားတဲ့ Shader Code တွေကို ကွန်ပျူတာရဲ့  GPU က နားလည်ပြီး လုပ်ဆောင်နိုင်မယ့် Binary Code အဖြစ် ပြောင်းလဲပေးတဲ့ လုပ်ငန်းစဉ်ပါ။ PC တိုင်းမှာ မတူညီတဲ့ Hardware ပေါင်းစပ်မှုတွေ ရှိနေတာကြောင့် Developer တွေအနေနဲ့ ဖြစ်နိုင်ချေရှိတဲ့ Shader အမျိုးမျိုးအတွက် ကြိုတင် Compile လုပ်ထားလို့ မရနိုင်ဘဲ Shader Compilation လုပ်ငန်းစဉ်ဟာ မရှိမဖြစ်လိုအပ်လို့နေပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ Graphics တွေကို ဖော်ပြဖို့ အရေးပါလှပေမယ့် ဂိမ်းကစားတဲ့သူတွေအတွက်တော့ Performance ပြဿနာတွေ (ဥပမာ- ဂိမ်းနှေးတာ ဒါမှမဟုတ် Loading Time ကြာတာ) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် ဂိမ်းကို ပထမဆုံးအကြိမ် ဖွင့်တဲ့အခါ ဒါမှမဟုတ် System/Driver Update လုပ်ပြီးတဲ့အခါမျိုးမှာ ဖြစ်လေ့ရှိပါတယ်။ 

ယနေ့ခေတ် AAA ဂိမ်းတွေဟာ Texture တွေ၊ Physics တွေ၊ Lighting တွေနဲ့ တခြားအရာတွေကို ပိုမိုကောင်းမွန်အောင် Shader တွေကို အမြောက်အများအသုံးပြုလေ့ရှိပါတယ်။ ဒီ Shader တွေကို အလုပ်မလုပ်ခင်မှာ GPU သီးသန့်ပုံစံအဖြစ် Compile လုပ်ရပါတယ်။ ဒီလုပ်ငန်းစဉ်က နောက်ပိုင်းအတွက် Cache လုပ်ပြီး သိမ်းဆည်းထားရတာကြောင့် ဂိမ်းကစားတာကို အနှောင့်အယှက်ဖြစ်စေပါတယ်။

ဂျာမနီနိုင်ငံ၊ Cologneမြို့မှာ ကျင်းပတဲ့ Gamescom 2025 မှာ Microsoft က Windows Ecosystem အတွက် ဂိမ်းပိုင်းဆိုင်ရာ မြှင့်တင်မှုအသစ်တွေ ကြေညာခဲ့ပါတယ်။ Asus ROG Xbox Handheld စီးရီးအသစ်တွေအပြင် Advanced Shader Delivery လို့ခေါ်တဲ့ DirectX Software Feature အသစ်တစ်ခုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

Microsoft က အဲဒီအကြောင်းအသေးစိတ်ကို DirectX Developer Blog မှာ ထပ်မံမျှဝေခဲ့ပါတယ်။ အင်ဂျင်နီယာတွေရဲ့အဆိုအရ Advanced Shader Delivery (ASD) ဟာ PC ဂိမ်းရဲ့ အဓိကပြဿနာနှစ်ခုဖြစ်တဲ့ Loading Time ကြာမြင့်တာနဲ့ ဂိမ်းစတင်ချိန်မှာ Stuttering ဖြစ်တာတွေကို ဖြေရှင်းဖို့ ဒီဇိုင်းထုတ်ထားတာပါ။

Microsoft ရဲ့ ဖြေရှင်းနည်းက Stuttering နဲ့ Loading Time ကြာမြင့်တာတွေကို လျှော့ချဖို့အတွက် State Object Database (SODB) နဲ့ Precompiled Shader Database (PSDB) ဆိုတဲ့ နည်းပညာအသစ်နှစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ SODB ဟာ ဂိမ်းဒေတာတွေကို သိမ်းဆည်းဖို့အတွက် စံပြုထားတဲ့ ပုံစံတစ်ခုဖြစ်ပြီး PSDB ကတော့ ကြိုတင် Compile လုပ်ထားတဲ့ Shader တွေကို Cache အဖြစ် လုပ်ဆောင်ပေးပါတယ်။

Xbox Store ကနေ ဝယ်ယူတဲ့ဂိမ်းတွေဟာ သူတို့လိုအပ်တဲ့ Shader တွေကို မေးမြန်းနိုင်ပြီး PSDB Cloud Cache ကနေ တိုက်ရိုက်ရယူနိုင်မှာပါ။ ဒါက Local Compilation (မိမိစက်မှာ ကိုယ်တိုင် Compile လုပ်ခြင်း) ကို မလိုအပ်တော့ဘဲ Xbox PC App ဟာ GPU Driver Update အသစ် ထည့်သွင်းတဲ့အခါ ဒါမှမဟုတ် အသုံးပြုသူက အတည်ပြုတဲ့အခါ Shader Cache ကိုပါ Update လုပ်ပေးနိုင်ပါတယ်။

Obsidian ရဲ့ ARPG ဂိမ်းဖြစ်တဲ့ Avowed နဲ့ စမ်းသပ်မှုမှာ Microsoft က ဂိမ်းစတင်ချိန်ကို ၈၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ရလဒ်ကတော့ ဂိမ်းပိုမြန်လာပြီး Shader Compilation အတွက် ဘက်ထရီ စွမ်းအင် အပိုမကုန်တော့ပါဘူး။

Microsoft ဟာ Valve ရဲ့ Shader Cloud Cache ကနေ တိုက်ရိုက် အတုယူထားတာကို သတိပြုသင့်ပါတယ်။ Valve ဟာ သူတို့ရဲ့ Steam Deck မှာ ဂိမ်းကစားတာကို ပိုကောင်းအောင် လုပ်ဆောင်ဖို့ ဒီနည်းပညာကို အသုံးပြုခဲ့ပါတယ်။ Valve ရဲ့ Handheld ဟာ သူ့ရဲ့ သတ်မှတ်ထားတဲ့ Hardware Specification ကြောင့် ကြိုတင် Compile လုပ်ထားတဲ့ Shader တွေကို ဒေါင်းလုဒ်လုပ်နိုင်တာပါ။ PC တွေလို Hardware အမျိုးမျိုး မရှိတဲ့အတွက် ပိုမိုလွယ်ကူပါတယ်။ "ရိုးရိုးရှင်းရှင်းပြောရရင် ကျွန်တော်တို့ Partner တွေနဲ့ ပူးပေါင်းပြီး ကုန်ကျစရိတ်များတဲ့ အလုပ်တွေကို Device တစ်ခုချင်းစီကနေ Cloud ထဲကို ပြောင်းရွှေ့ပြီး ဒေါင်းလုဒ်လုပ်တဲ့အချိန်မှာ ဖြန့်ဝေပေးတာပါ" လို့ Microsoft က ရှင်းပြခဲ့ပါတယ်။

ASD ကနေ ရရှိလာမယ့် ဒီအပြောင်းအလဲဟာ Shader အများကြီးသုံးတဲ့ AAA ဂိမ်းတွေအတွက် အရေးပါလှပါတယ်။ ဒီနည်းပညာကို ROG Xbox Ally နဲ့ ROG Xbox Ally X လက်ကိုင်ဂိမ်းစက်တွေမှာ ပထမဆုံးအနေနဲ့အထောက်အပံ့ပေးသွားမှာဖြစ်ပြီး Xbox Store ကနေ ဝယ်ယူတဲ့ ဂိမ်းတွေအတွက်ပဲ ဒီအထောက်အပံ့ကိုရရှိမှာဖြစ်ပါတယ်။

လာမယ့်လမှာ Microsoft ဟာ Developer တွေနဲ့ Steam လို  third-party Platform တွေကို နည်းပညာအသစ်နဲ့ ပေါင်းစပ်ဖို့အတွက် AgilitySDK ကို ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ ဂိမ်း Developer တွေအတွက် နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။

Note: En Thue Tech ၏ သတင်းဆောင်းပါးများအား အခွင့်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။

Source: TechSpot

Post a Comment

0 Comments