![]() |
Image via Yahoo Sports |
Liverpool နဲ့ ပေါ်တူဂီတောင်ပံ တိုက်စစ်မှူး Diogo Jota ဟာ ဘောလုံးလောကရဲ့ ထူးခြားတဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့သလို ဘောလုံးလောကမှာ esports ကို အကြီးမားဆုံးထောက်ခံခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ရက်နေ့မှာ ကားမတော်တဆမှုနဲ့ အသက် ၂၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ Diogo Jota ဟာ ဘောလုံးသမားတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေအများကြီးရခဲ့ပြီး Liverpool နဲ့အတူ Premier League ချန်ပီယံဆု၊ ပေါ်တူဂီအသင်းနဲ့အတူ UEFA Nations League ချန်ပီယံဆုတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို ထူးခြားစေတာက ဘောလုံးကွင်းထဲမှာတင်မဟုတ်ဘဲ ဂိမ်းကစားခြင်းနဲ့ esports ကို ဘယ်လောက်အထိ ရူးသွပ်ခဲ့လဲ ဆိုတာပါပဲ။ သူဟာ ဘောလုံးကွင်းမှာ ထူးချွန်သလို ဂိမ်းကစားတဲ့နေရာမှာလည်း ထူးချွန်သူတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။
လူအများစုက သူ့ရဲ့ထူးခြားတဲ့ဘောလုံးသမားဘဝကိုပဲ သိကြပေမယ့်၊ သူဟာ esports လောကမှာ တကယ်ကို ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ကိုယ်ပိုင် esports အသင်းတစ်ခုကို ပိုင်ဆိုင်တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေထဲမှာ သူက ရှားရှားပါးပါးတစ်ဦးပါ။ သူ့ရဲ့အသင်းနာမည်က Luna Esports ပါ။ ဒါတင်မကသေးပါဘူး၊ esports ပြိုင်ပွဲတွေမှာ ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထိပ်တန်းအားကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ Jota ဟာ esports လုပ်ငန်းကို ပိုပြီး တရားဝင်အသိအမှတ်ပြုမှုရအောင်လည်း အများကြီး ကူညီပေးခဲ့ပါတယ်။
ဂိမ်းကစားရာမှာပါထူးချွန်တဲ့ Diogo Jota
ဘောလုံးသမားတွေ သူတို့အားလပ်ချိန်တွေမှာ ဗီဒီယိုဂိမ်းတွေကစားရင်း ပြိုင်ဆိုင်ကြတာ အဆန်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ Diogo Jota ကတော့ ဂိမ်းကစားတာနဲ့ပတ်သက်လာရင် သူ့အသင်းဖော်တွေထက် အဆင့်တစ်ဆင့်မြင့်နေခဲ့ပါတယ်။
Conor Bradley ကလည်း Jota အတွက် သူ့ရဲ့အမှတ်တရစကားမှာ Jota ကိုယ်တိုင်က သူ့ကို ဂိမ်းကစားဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ နောက်ဆုံးမှာတော့ Jota က သူ့ကို အပြတ်အသတ် အနိုင်ယူသွားခဲ့တဲ့အကြောင်း ပြန်ပြောင်းပြောပြခဲ့ပါတယ်။
သူဟာ Sky Sports မှာ ထုတ်လွှင့်ခဲ့တဲ့ ပထမဆုံး ePremier League Invitational ပြိုင်ပွဲရဲ့ ဖိုင်နယ်မှာ သူ့ရဲ့အနာဂတ်အသင်းဖော် Trent Alexander-Arnold ကို အနိုင်ယူခဲ့ဖူးပါတယ်။ အဲ့ဒီဗီဒီယိုရဲ့အဆုံးမှာ Jota က ကွန်ရက်လိုင်းမကောင်းလို့ ရပ်သွားသလိုဖြစ်နေချိန်မှာ အောင်ပွဲခံနေတာကိုတွေ့ရပါတယ်။
![]() |
Image: Liverpool Echo |
သူဟာ Liverpool အသင်းအတွက် ePremier League အပါအဝင် esport ပြိုင်ပွဲခြေစစ်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ TheGamer နဲ့ အင်တာဗျူးတစ်ခုမှာ သူဟာ Champions League နဲ့ eChampions League နှစ်ခုလုံးမှာ ကစားဖူးတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်တယ်လို့တောင် ကြွားခဲ့ဖူးပါတယ်။
သူက The Gamer ကို ဒီလိုပြောခဲ့ပါတယ်- “ကျွန်တော်တို့ အဝေးကွင်းပွဲတွေအတွက် ခရီးသွားတိုင်း PlayStation ကို တစ်ပါတည်းယူသွားတယ်။ ဒါက အချိန်တွေကို ချောချောမွေ့မွေ့ကုန်ဆုံးစေပြီး ကျွန်တော့်ကို ဖျော်ဖြေမှုပေးတယ်။ ရိုးရိုးသားသားပြောရရင် ဒါက အထောက်အကူဖြစ်တယ်လို့ ကျွန်တော်ထင်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်သာ ကုတင်ပေါ်မှာ ဒီတိုင်းလှဲနေမယ်ဆိုရင် ဘောလုံးပွဲအကြောင်းပဲ စဉ်းစားနေမိမှာ၊ ကျွန်တော်က အများကြီးစဉ်းစားရတာကို မကြိုက်ဘူး။”
Jota ဟာ Twitch မှာလည်း ပုံမှန် live stream လုပ်လေ့ရှိပြီး FIFA/EA FC ဂိမ်းတွေကစားရင်း ပရိသတ်တွေနဲ့ စကားပြောလေ့ရှိပါတယ်။ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရချိန်မှာ ဂိမ်းကစားခြင်းနဲ့ သူ့ရဲ့ esports တာဝန်တွေက သူ့ကို စိတ်ဓာတ်ကြံ့ခိုင်စေခဲ့တယ်လို့လည်း အရင်က ပြောခဲ့ဖူးပါတယ်။
esports ကို ချစ်မြတ်နိုးတဲ့ Diogo Jota
ကိုယ်တိုင်က ဂိမ်းကစားခြင်းမှာ ယှဉ်ပြိုင်ရတာကို ဝါသနာပါသူဖြစ်တာကြောင့် Jota ဟာ esports အသင်းပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့တာက အံ့ဩစရာတော့ မဟုတ်ပါဘူး။ အစပိုင်းမှာ Diogo Jota Esports လို့ခေါ်တဲ့ FIFA အသင်းလေးတစ်ခုနဲ့ စတင်ခဲ့ပြီး အခုတော့ Luna Esports ဆိုတဲ့နာမည်နဲ့ ရပ်တည်နေပါတယ်။
ဒီအဖွဲ့အစည်းဟာ FIFA/EA FC အပြင် Rocket League နဲ့ Dota 2 တို့မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းအခြေစိုက် Luna Esports ဟာ အောင်မြင်မှုတော်တော်များများ ရရှိခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၈ သိန်းနီးပါး (£586k) ရရှိခဲ့ပါတယ်။ မနှစ်က ဒီ esports အဖွဲ့အစည်းဟာ Jota ရဲ့ မွေးရပ်မြို့ဖြစ်တဲ့ FC Porto ဘောလုံးအသင်းနဲ့လည်း partnership ဖွဲ့ခဲ့ပါတယ်။
![]() |
Image via Esports News UK |
Jota ဟာ သူ့ရဲ့ခရီးစဉ်ကို ပျော်ရွှင်ခဲ့ပြီး esports လုပ်ငန်း ဘယ်လောက်တိုးတက်လာလဲဆိုတာကို ဝမ်းမြောက်ဝမ်းသာနဲ့ ပြောဆိုခဲ့ပါတယ် “ပထမဆုံးအကြိမ် Esports World Cup မှာ ရှိနေရတာက တကယ်ကို အံ့ဩစရာကောင်းတဲ့ အတွေ့အကြုံတစ်ခုပါ။ ဒီပွဲရဲ့ နောက်ကွယ်က စီစဉ်ဖွဲ့စည်းပုံနဲ့ အတိုင်းအတာက တကယ်ကို အထင်ကြီးစရာကောင်းပါတယ်၊ ကျွန်တော်မျှော်လင့်ထားတာထက်တောင် ပိုပါတယ်။ ကျွန်တော် ကိုယ့်အသင်းမစတည်ထောင်ခင်ကတည်းက esports ရဲ့ အလားအလာကို အမြဲယုံကြည်ခဲ့တယ်၊ EWC က ဒီလောကဟာ လျင်မြန်စွာ တိုးတက်ပြောင်းလဲနေတယ်ဆိုတာရဲ့ သက်သေပါပဲ။” လို့ ဆိုခဲ့ပါတယ်။
![]() |
Image via Esports News UK |
အသက် ၂၈ နှစ်အရွယ်မှာပဲ Diogo Jota ဟာ တကယ့်အားကစားလောကရော၊ ဂိမ်းလောကမှာပါ အမှတ်ရစရာတွေကို ထားရစ်ခဲ့ပါတယ်။ FIFA/EA FC နဲ့ esports အပေါ် သူ့ရဲ့ စွဲလမ်းမှုနဲ့ ဝါသနာကြီးမှုက ပရိသတ်တွေကြားမှာ ရယ်စရာ meme တွေ နဲ့ ဟာသတွေ ဖန်တီးပေးခဲ့သလို၊ သူ့ကို ပိုပြီးတော့ ရင်းနှီးလွယ်စေပြီး ဂိမ်းမာတွေအတွက် ချစ်ခင်ရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်စေခဲ့ပါတယ်။
Jota ရေ... ကောင်းကင်ဘုံမှာလည်း controller လေးကိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဂိမ်းကစားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Source: Yahoo Sports and Esports News UK
0 Comments