![]() |
Image: Mark Russinovich on LinkedIn |
နည်းပညာလောကရဲ့ ဒိတ်ဒိတ်ကြဲ ဂုရုကြီးနှစ်ပါး ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတဲ့ အလွန်ထူးခြားတဲ့ ဓာတ်ပုံတစ်ပုံ LinkedIn မှာ ပြန့်နှံ့လို့နေပါတယ်။ အဲ့ဒီအဖွဲ့လိုက်ဓာတ်ပုံရဲ့ အလယ်မှာ Bill Gates နဲ့ Linus Torvalds တို့ ရင်းရင်းနှီးနှီး ပခုံးဖက်ပြီး ရပ်နေကြတာကို တွေ့ရမှာပါ။ ဆော့ဖ်ဝဲလ်စီးပွားရေးနဲ့ ပတ်သက်ပြီး အတွေးအခေါ် လုံးဝဆန့်ကျင်ဘက်ဖြစ်တယ်လို့ နာမည်ကြီးတဲ့ ဒီပုဂ္ဂိုလ်နှစ်ဦးဟာ Microsoft က လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဘယ်ဘက်က Mark Russinovichနဲ့ ညာဘက်က David Cutler တို့နဲ့အတူ ပျော်ရွှင်စွာ ရှိနေခဲ့ကြပါတယ်။
Windows နဲ့ Linux တို့ရဲ့ ဘုရင်နှစ်ပါးလို့ တင်စားရမယ့် သူတို့နှစ်ဦးဟာ အရင်က တစ်ခါမှ မဆုံဖူးဘူးဆိုတာကတော့ တော်တော်လေး အံ့ဩစရာကောင်းပါတယ်။ ဒါပေမဲ့ ဒီညစာစားပွဲကို တည်ခင်းဧည့်ခံခဲ့တဲ့ Russinovich ရဲ့ စကားကိုပဲ ယုံရမှာပေါ့လေ။ အချိန်က လူကို ပြောင်းလဲစေတတ်တာကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကသာ သူတို့နှစ်ယောက်ကို တစ်စားပွဲတည်းမှာ ထိုင်ခိုင်းလိုက်ရင် ရန်ပွဲဖြစ်သွားနိုင်လောက်ပါတယ်။
"ကျနော့်ဘဝမှာ တစ်သက်မမေ့နိုင်စရာ စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားခဲ့ရပါတယ်၊ Bill Gates, Linus Torvalds နဲ့ David Cutler တို့အတွက် ညစာစားပွဲ တည်ခင်းဧည့်ခံရင်းပေါ့" လို့ Russinovich က LinkedIn မှာ ရေးသားခဲ့ပါတယ်။ "Linus က Bill နဲ့ တစ်ခါမှမတွေ့ဖူးဘူး၊ Dave ကလည်း Linus နဲ့ တစ်ခါမှမတွေ့ဖူးဘူး။ Kernel နဲ့ပတ်သက်တဲ့ အဓိကဆုံးဖြတ်ချက်ကြီးတွေတော့ ဘာမှမချခဲ့ပါဘူး၊ ဒါပေမဲ့ နောက်တစ်ခါ ညစာစားပွဲကျရင်တော့ မသိဘူးပေါ့ဗျာ ;)" လို့ရေးသားခဲ့တာပါ။
ဆိုရှယ်မီဒီယာပေါ်က မှတ်ချက်ပေးသူအများအပြားကလည်း ဒီဓာတ်ပုံတစ်ပုံတည်းမှာ ကွန်ပျူတာနည်းပညာလောကရဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ အခုလို စုပြုံနေတာကို အံ့ဩတကြီး ဖြစ်ခဲ့ကြပါတယ်။ ဒီဓာတ်ပုံတစ်ပုံတည်းမှာ စုစည်းနေတဲ့ ဩဇာအာဏာ၊ လွှမ်းမိုးမှုနဲ့ သူတို့ရဲ့သမိုင်းတွေကို တိုင်းတာလို့တောင် ရနိုင်မှာမဟုတ်ပါဘူး။ တချို့ကလည်း ဒီလူတွေသာမရှိခဲ့ရင် အခုနည်းပညာလောက ဘယ်လိုပုံစံဖြစ်နေမလဲဆိုပြီး တွေးတောနေကြပါတယ်။
ဒီညစာစားပွဲမှာပြောဆိုခဲ့ကြတဲ့အကြောင်းအရာတွေကိုသာ နံရံပေါ်က ယင်ကောင်တစ်ကောင်လိုမျိုး ချောင်းနားထောင်ခွင့်ရရင် သိပ်ကောင်းမှာပါ။ အခုလို စုစည်းမိနေတဲ့ နည်းပညာထိပ်သီးကြီးတွေက နည်းပညာနယ်ပယ်က အကြောင်းအရာတွေကို အလေးအနက် ခွဲခြမ်းစိတ်ဖြာ ဆွေးနွေးခဲ့ကြမလား။ ဒါမှမဟုတ် နည်းပညာအကြောင်းကို မပြောဖြစ်ဘဲ ပေါ့ပေါ့ပါးပါး စကားစမြည်ပဲ ပြောခဲ့ကြမလား။ ကျုပ်တို့လည်း မှန်းဆကြည့်ရုံပဲ တတ်နိုင်ပါတယ်။
ကမ္ဘာနှစ်ခု ဆုံတွေ့ခြင်း
Bill Gates ဟာ Microsoft ကို ပူးတွဲတည်ထောင်သူဖြစ်လာပြီးနောက် IT လုပ်ငန်းရဲ့ အထင်ကရပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ သူဟာ ၁၉၇၀ ပြည့်နှစ်လယ်တွေကစပြီး စီးပွားဖြစ်ရောင်းချတဲ့ ဆော့ဖ်ဝဲလ်နဲ့ personal computing ဂေဟစနစ်တွေကို ရှေ့ဆောင်လမ်းပြ ဖော်ဆောင်ရာမှာ အဓိကကျခဲ့သူပါ။
Gates ဟာ Windows ရဲ့ အထွန်းတောက်ဆုံးအချိန်တွေအထိ Microsoft ကို ဦးဆောင်ခဲ့ပေမယ့် အခုချိန်မှာတော့ သူ့ရဲ့ ပရဟိတလုပ်ငန်းတွေအတွက် ပိုမိုထင်ရှားပါတယ်။ ဒါပေမဲ့ နည်းပညာလောကနဲ့ပတ်သက်တဲ့ သူ့ရဲ့မှတ်ချက်တွေကတော့ အခုထိ ခေါင်းကြီးပိုင်းသတင်းတွေ ဖြစ်နေတုန်းပါပဲ။ မကြာသေးခင်ကပဲ AI ကြောင့် အလုပ်အကိုင်အများအပြား ပျောက်ကွယ်သွားလိမ့်မယ်လို့ ခန့်မှန်းခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။
Linus Torvalds ကတော့ open-source ဖြစ်တဲ့ Linux kernel ရဲ့ ပထမဆုံးဗားရှင်းကို ၁၉၉၁ ခုနှစ် စက်တင်ဘာလမှာ ဖြန့်ချိခဲ့ပါတယ်။ သူ့ရဲ့ အဆင့်မြင့်ကွန်ပျူတာနည်းပညာနယ်ပယ်မှာ software ကို အခမဲ့ဖြန့်ချီပြီး တိုးတက်အောင်လုပ်ဆောင်တဲ့ ချဉ်းကပ်ပုံက Gates နဲ့ Microsoft တို့နဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်ဖြစ်တဲ့ Windows OS က ပိုက်ဆံပေးဝယ်ရပြီး နည်းပညာအသိုင်းအဝိုင်းမှာ လှောင်ပြောင်ခံနေရသလောက် Linux ခေတ်ကလည်း အခုထိ ရောက်မလာသေးပါဘူး။
Torvalds ဟာ နည်းပညာလောကမှာ စကားလုံးပြင်းပြင်းတွေသုံးတတ်သူ၊ မျက်နှာမထောက်တတ်သူအဖြစ် နာမည်ကြီးပါတယ်။ Gates ရဲ့ AI အပေါ်အမြင်နဲ့ ဆန့်ကျင်ဘက်အနေနဲ့ သူက AI ဆိုတာ "၉၀% က မားကတ်တင်းသက်သက်ပဲ" လို့ ယူဆထားပါတယ်။ သူဟာ Linux အသိုင်းအဝိုင်းကလူတွေကိုတောင် အားမနာတမ်း ဝေဖန်တတ်သူဖြစ်ပြီး မကြာသေးခင်ကပဲ Linux 6.15-rc1 မှာတွေ့ရတဲ့ random turd files နဲ့ ပတ်သက်ပြီး လူသိရှင်ကြား ဒေါသတကြီး ဝေဖန်ခဲ့ပါသေးတယ်။
Source: Tom's Hardware
0 Comments