 |
Photo: Soe Thu Aung |
ကျနော်တို့ အကောင်းဆုံး TWS တွေလို့ပြောရင် ဘယ် website၊ ဘယ် နေရာပဲကြည့်ကြည့် Bose, Sennheiser, Apple, Sony သူတို့ လေးယောက်ကိုပဲ ကနေ့ ၂၀၂၅ အထိ အများဆုံးတွေ့နေမှာ မြေကြီးလက်ခတ်မလွဲပါပဲ။
- Bose QuietComfort Ultra
- Sennheiser Momentum True Wireless 4
- Apple AirPods Pro 2
- Sony WF-1000XM5
စတဲ့ ကောင်တွေပေါ့.. (အနိမ့်အမြင့်အလိုက် စီထားခြင်းမဟုတ်၊ ဤကား စကားချပ်)
သူတို့က ဆိုင်ရာ manufacturer တွေရဲ့ flagship TWS earbuds တွေလို့ပြောရင် မမှားဘူး။ စျေးတွေက ကျန်တဲ့နှစ်ယောက် (Bose, Sennheiser) ခနထား .. လူအယောက် တစ်ရာမှာ ကိုးဆယ်လောက်သိကြတဲ့ Apple နဲ့ယှဉ်ပြောရင် AirPods Pro 2 က ပြည်တွင်း မှာ ၉သိန်း ၃သောင်း ဝန်းကျင်မှာရှိနေတယ်။ (Launch MSRP က $249)
Sony WF-1000XM5 က ဆယ်သိန်းကျော်ကျော် (sales ရှိတဲ့အချိန်ဆိုရင် သူလည်း ၉သိန်းခွဲ ဝန်းကျင်လောက်နဲ့ ရနိုင်ပါတယ်) (Launch MSRP $299)
ဆိုတော့ Apple ပဲဝယ်တော့မှာပေါ့ဆိုတဲ့ သူတွေကို အလင်းပြဖို့ ကလည်း ယှဉ်စမ်းစရာ AirPods Pro 2 မရှိတဲ့အတွက် အလင်းမပြတော့ပါဘူး။ AirPods Pro ကိုတော့ ခနတဖြုတ်စမ်းဖူးပါတယ်။
အသံပိုင်းမှာ XM5 ကိုမမီဘူးပြောလို့ရပေမဲ့ သူ့ ecosystem နဲ့သူ သုံးရတာ seamless ဖြစ်ချက်နဲ့ out of the box (tuning လုပ်စရာမလို/လုပ်လို့လည်းမရ) အသံ က တော်တော်ကောင်းတယ်ဆိုတာတော့ ဝန်ခံရမယ်။
WF-1000XM5 အကြောင်းဆက်သွားမယ်။
1000X series က အခု နားထဲ ထည့်ထားရတဲ့ earbuds ပဲဖြစ်ဖြစ် နားအလုံပိတ် headphones မှာပဲဖြစ်ဖြစ် Sony ရဲ့ flagship ထုတ်ကုန်တွေ.. Sony က ဒါ "ငါတို့ရဲ့ အကောင်းဆုံးနည်းပညာတွေပဲ" ဆိုပြီး လုပ်ပြထားတာဖြစ်လို့ စျေးကိုသက်သာဖို့ မျှော်လင့်ထားလို့ မရတဲ့ flagship series ဖြစ်ပါတယ်။
WH-1000XM5 (headphone)
WF-1000XM5 (earbuds)
ရှေ့မှာ
WH-1000XM4
WF-1000XM4
စသဖြင့် ထွက်ခဲ့ပြီးပါပြီ။
အလွယ်ပြောရရင် WF က WH ရဲ့ shrink-down ဗားရှင်းပါ၊ ဒါပေမဲ့ ရူပဗေဒ နိယာမတွေအရ ဒီဖန်ပေသီးလောက် သေးသေးလေးက သူ့နောင်တော်ကြီးတွေရဲ့ audio/feature တွေကို မမီနိုင်ဘူးဆိုတာကိုတော့ ကျနော်တို့ နားလည်ထားရပါလိမ့်မယ်။
XM6 မှာ နောင်တော်ကြီး (WH-1000XM6) မကြာသေးခင်ကပဲထွက်ထားပြီးပြီဆိုပေမဲ့သူ့ ညီငယ်ကိုမြင်ရဖို့က တစ်နှစ်လောက်ကြာအုံးမယ်ထင်ပါတယ်။ (Sony က XM series ကို သုံးနှစ်တစ်ကြိမ် refresh လုပ်လေ့ရှိပါတယ်)
ဒါကြောင့် လက်ရှိအချိန်အထိတော့ 2023 ကထွက်ခဲ့တဲ့ WF-1000XM5 က Sony ရဲ့ flagship TWS earbuds အဖြစ် ဆက်ရှိနေဆဲပါပဲ။
WF-1000XM5 ရဲ့ review ကို
- Design & Comfort
- Audio Quality
- Mic Quality
- Battery Life
- Media Control
- Features
- Conclusion
ဆိုပြီး ရေးပေးပါ့မယ်။
 |
Photo: Soe Thu Aung |
Design & Comfort
သူ့ရဲ့ ပုံစံက ကျစ်လစ်ဆွဲဆောင်မှုရှိတယ်၊ အရောင်ရွေးချယ်စရာ Black, Silver, White သုံးမျိုးရှိပါတယ်။earbuds ဘေးပတ်လည်က ပြောင်ပြောင်လေးနဲ့ ကြည့်ကောင်းပေမဲ့ glossy ဖြစ်နေတဲ့အတွက် လက်ရာတွေထင်တာ အလွယ်တကူဖြစ်နိုင်ပါတယ်၊ အသန့်ကြိုက်ရင် microfiber cloth တစ်ခုလောက် ဆောင်ထားဖို့လိုပါလိမ့်မယ်။ အဲ့ဒီ glossy ပြောင်ပြောင်လေးက ဘေးပတ်လည်တင်ပါပဲ၊ ထိပ်တည့်တည့် tap control လုပ်လို့ရတဲ့နေရာမှာတော့ ပြောင်လက်လက်မဟုတ်တော့ဘူး။ (tap control အသေးစိတ် Battery & Features တွင်ကြည့်နိုင်) earbuds tips တွေက silicone လည်းမက memory foam လည်းမကျတဲ့ ဟိုက်ဘရစ်လို့ ပြောရမလား... Sony ကတော့ ပိုလီယူရီသိန်း(polyurethane) လို့ အမည်ပေးထားပါတယ်။
 |
Photo: Soe Thu Aung |
ANC အကူအညီမပါပဲ ဒီ tips တွေရဲ့ passive noise isolation နဲ့တင် တော်တော်အသံလုံတာ တွေ့ရပါတယ်။ ကိုယ့် နားပေါက် အကျဉ်း၊ အကျယ်ပေါ် မူတည်ပြီး ရွေးစရာ earbuds tips ၄စုံ လည်း အပိုထည့်ပေးထားပါသေးတယ်။ ဒီ အိစိစိလေးကို နားအတွင်းထဲ ထိုးထဲ့ထားရတာက ကနဦးမှာ ခုလုလု ဖြစ်တာမှန်ပေမဲ့ အတော်မသက်မသာဖြစ်တယ်ရယ်လို့လည်း မဟုတ်ပါဘူး။ စသုံးကာစ ဒီနှစ်ကောင် ဘယ်အချိိန်များ အောက်ပြုတ်ကျမလဲဆိုတဲ့ psycho လေးလည်း ဖြစ်တယ်။ ဒါပေမဲ့စိတ်မပူနဲ့ tips လေးတွေသာ နားအတွင်း သူသတ်မှတ်ထားသလောက် ရောက်ပါစေ၊ ဦးခေါင်း ခပ်ကြမ်းကြမ်းလှုပ်ခါတာတောင်မှ ထွက်မကျသလို နေရာတစ်စက်မရွေ့ပါဘူး။
အသုံးပြုချိန်ကြာလာတာနဲ့အမျှ အသားကျသွားမှာဖြစ်ပြီး အိပ်ရင်းနဲ့နားထောင်တဲ့အခါ ဘေးတစောင်း အနေအထားနဲ့အထိ နား မနာပဲအခက်အခဲမရှိ အသုံးပြုလို့ရလာပါတယ်။ earbuds tips အရွေးမှန်ဖို့တော့ လိုတာပေါ့နော်။
ကိုယ့် ear အနေအထားနဲ့ ဘယ် tips က သက်တောင့်သက်သာရှိလည်း fitting ပိုဖြစ်မလည်း ဆိုတာကို အရင် စမ်းကြည့်ဖို့လိုပါလိမ့်မယ်။ Sony ကတော့ အခု WF-1000XM5 က အရင် WF-1000XM4 ထက် 20% ပိုပေါ့ပြီး 25% ပိုသေးတယ် ပြောထားပါတယ်။
 |
Photo: Soe Thu Aung |
earbuds တွေအကြောင်းပြီးတော့ အလှည့်ကျတာက charging case သူလည်း ခပ်သေးသေးပါပဲ..
ပေါ့ပါးတယ် ဆွဲဆောင်မှုရှိတဲ့ design နဲ့။ ကျောဖက်မှာ Bluetooth Pair လုပ်ဖို့ Button တစ်ခု နဲ့ အားသွင်းဖို့ USB C တစ်ပေါက် ပါပါတယ်။ Wireless Charging ကိုလည်း အသုံးပြုနိုင်ပါတယ်။
 |
Photo: Soe Thu Aung |
earbuds တွေ case အတွင်းရှိနေချိန်မှာ magnetic housing က လုံလောက်တဲ့ ဆွဲအားရှိတာကြောင့် case ကို အဖုံးဖွင့်ထားချိန် အမှတ်တမဲ့ ဇောက်ထိုးလုပ်မိ ရမ်းခါကိုင်တွယ်မိရင်တောင် earbuds နှစ်ကောင်က case ကနေ လွတ်ထွက်သွားတာမျိုး မဖြစ်ပါဘူး။ ဒီလိုပြောလို့ magnetic က အရမ်းကပ်နေသလား ဆိုတော့လည်း မဟုတ်၊ buds တွေကို သက်တောင့်သက်သာနဲ့ပဲ ထုတ်ယူနိုင်ပါတယ်။
 |
Photo: Soe Thu Aung |
Audio Quality
ကိုယ်မြတ်နိုးတဲ့ ဂီတ သံစဉ်တွေကို ခံစား နားဆင်ဖို့ဖြစ်လေတော့ audio quality ကောင်းဖို့က အခရာဖြစ်တယ် မဟုတ်လား.. အမှန်ဆိုရရင် ကျနော်က ဒီလို earbuds/headphone တွေနဲ့ ပြင်ပလောကကို အဆက်ဖြတ်ပြီး နေရတာထက် speakers/soundbar တွေနဲ့ ဝုန်းဒိုင်းကျဲရတာကို ပိုသဘောကျတယ်.. ဂိမ်းဆော့တာပဲဖြစ်ဖြစ် movie/music ကြည့်တဲ့ နားထောင်တဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့လေ။
headphone ကောင်းကောင်းကန်းကန်းသုံးခဲ့တာဆိုလို့ Sony ကပဲထုတ်တဲ့ MDR XB550AP ပဲရှိတယ်၊
၂၀၁၉ လောက်က ထွက်ခဲ့တဲ့ကောင်၊ Sony TMW showroom (MDY) ကနေ ကိုးသောင်းဝန်းကျင်လောက်နဲ့ ပေးဝယ်ခဲ့တဲ့ budget on-ear wired headphone လေးတစ်ခုပေါ့။
အစမှာပြောခဲ့သလို AirPods Pro (1st Gen) ခဏစမ်းဖူးတယ်၊ ဒီလောက်ပဲ။ ပုစုခရု စာရင်းထဲထည့်ဖို့မလိုတဲ့ ဟာလေးတွေလည်း သုံးဖူးနားထောင်ဖူးတာပေါ့လေ..
WF-1000XM5 မှာ XM4 ရဲ့ 6.4mm ထက် ပိုကြီးတဲ့ driver သစ်ကို ထည့်ပေးထားတယ်လို့ Sony က ပြောပါတယ်။ Dynamic Driver X လို့ခေါ်ပြီး 8.4mm ဖြစ်သွားတယ်။ driver ကြီးလာတော့ အသေးတွေနဲ့ယှဉ်ရင် သိပ်ရွေ့လျားစရာမလိုတဲ့အတွက် mechanical noise တွေ ပိုလျော့ချပေးနိုင်လာတယ်။
WF-1000XM5 ရဲ့ အသံအရည်အသွေး ဘယ်လိုနေလည်းဆိုရင် AirPods Pro ထက် ပိုကောင်းတယ်၊
MDR-XB550AP နဲ့ယှဉ်ရင် ပိုသိသာတယ် သူ့အထက် tier တစ်ခုမှာရှိနေတယ် ဆိုတဲ့ ခံစားချက်မျိုး သိသိသာသာ ဖြစ်စေတယ်။ low frequency အသံ (Bass) တွေ အနှစ်ရှိရှိနဲ့ ထုတ်ပေးနိုင်သလို mid frequency vocal သံ တွေကိုလည်း ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားထုတ်ပေးနိုင်တယ်။ စူးရှတဲ့ frequency အမြင့်ပိုင်း အသံတွေလည်းပဲ အက်သွားတာ မျိုးတွေ လုံးဝမရှိတာကိုတွေ့ရပါတယ်။
24-bit, 96 kHz high-res audio အတွက် Sony ရဲ့ကိုယ်ပိုင် LDAC codec သုံးလို့ရမယ်။ (high-res နီးပါးပေါ့... ဘာလို့ဆို Bluetooth ဖြစ်နေတာကိုး) Xperia 1 VII, Xperia 10 VI, Civi 5 Pro, ROG Phone 9, Galaxy S25 Ultra စတဲ့ စမတ်ဖုန်းတွေနဲ့ဆိုရင် LDAC ရပါမယ်။
LDAC မရတဲ့ Apple iPhone/iPad တွေနဲ့ အခြား Android/Windows device တွေမှာတော့ SBC, AAC codec တွေအထောက်အပံ့ပေးပါတယ်။
Qualcomm aptX Adaptive နဲ့ aptX HD တော့ မရပါဘူး။
(WF-1000XM5 ကို iPhone XS နဲ့ Meta Quest 2 အသုံးပြုပြီး စမ်းခဲ့ပါတယ်၊ Quest 2 မှာက LDAC ရတဲ့အတွက် high-res audio encode လုပ်ထားတဲ့ MKV ဖိုင်တွေကြည့်မယ် နားထောင်မယ်ဆိုရင် တော်တော်အနှစ်ကျပါတယ်)
bit rate နည်းတဲ့ lossy format တွေ .. ဥပမာ MP3 တွေနားထောင်တဲ့အခါ ပိုကောင်းအောင် မြှင့်တင်ပေးမဲ့ DSEE Extreme ဆိုတဲ့ AI upscale algorithm လည်းပါပါတယ်။ NVIDIA DLSS, AMD FSR, Intel XeSS တို့က fake pixel တွေထဲ့ ပုံရိပ်တွေဆွဲချဲ့ပြီး အမြင်ပိုင်းပိုကောင်းအောင်လုပ်ပေးသလို Sony DSEE Extreme ကတော့ အသံခပ်ညံ့ညံ့တွေကို နားထောင်ကောင်းအောင်လုပ်ပေးတာလို့ပြောရင် မမှားပါဘူး။
Sony headphone တွေ earbuds တွေသုံးတဲ့အခါမှာ တစ်ခုရှိတာက EQ ကို နည်းနည်းလေး tune ပေးဖို့ ကစားပေးဖို့လိုလိမ့်မယ်။ EQ သေချာချိန်ပြီး ANC သို့ Ambient mode နဲ့ နားထောင်ရင် အသံထွက်က လုံးဝအနှစ်ကျပါတယ်။ ANC (Active Noise Canceling) နဲ့ဆက်ပြောရရင် WF-1000XM5 ရဲ့ earbuds tips တွေနဲ့တင်ကို isolation တော်တော်ကောင်းနေပြီဆိုတာ အစမှာ ပြောခဲ့တယ်။ ဒါကို ANC ထပ်ပေါင်းပေးလိုက်တော့ ပြင်ပဆူညံသံသိသိသာသာကြီး လျော့သွားပါတယ်။ ဘေးနား မီးစက်သံလိုမျိုး တဒုန်းဒုန်းရှိနေတာတောင် အနှောက်အယှက်မဖြစ်ပဲ ကိုယ့် ဂီတကမ္ဘာလေးထဲမှာ စီးမျောနေနိုင်တာမျိုးပါ။
ပိစိ earbuds လေးက သူ့အရွယ်နဲ့မလိုက် ပြင်ပအသံတွေ filter လုပ်ပေးနိုင်၊ ဂီတသံကို boost လုပ်ပေးနိုင်တာက Sony ရဲ့ chip တွေ လက်စွမ်းဘယ်လောက်ထက်တယ်ဆိုတာ သက်သေပြနေသလိုပါပဲ။
ANC ON/OFF တာ EQ ချိန်တာ စတဲ့ ကိစ္စတွေကို Sony Sound Connect app ကနေစိတ်ကြိုက် ကလိနိုင်တယ်။ iOS/Android app နှစ်မျိုးလုံးရှိပါတယ်။ မ tune ပဲ သူ့ default out of the box settings နဲ့ဆိုရင်တော့ ကိုစိုးနိုင်က ပန်းသီးပဲ့ထက် စျေးသာကြီးတာ မစွံပါဘူးကွာဆိုပြီး ဖြစ်သွားလိမ့်မယ်။
Apple AirPods တွေကတော့ ထုံးစံအတိုင်း custom EQ တွေလုပ်လို့မရ၊ ANC on မလား Transparency ထားမလား ဒီလောက်ပါပဲ။
Microphone Quality
Mic test မှာ ဖုန်းပြောတဲ့အပိုင်း (call quality) နဲ့ ရိုးရိုး အသံဖမ်း (audio recording quality) နှစ်မျိုးခွဲစမ်းကြည့်တဲ့အခါ ဖုန်းပြောတဲ့နေရာမှာ အသံက ပုံမှန်ပဲဆိုပေမဲ့ recording မှာတော့ iPhone XS ရဲ့ default microphone ကို မမီပါဘူး။ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ မသိသာပေမဲ့ ဆူညံသံတွေရှိနေခဲ့ရင်တော့ recording မှာ အသံ အက် သလိုလို ရိုဘော့သံလိုလိုမျိုးတွေ ဖြစ်လာပါတယ်။ ဖုန်းပြောဖို့အတွက်ပဲအသုံးချမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။
Battery Life
အားအပြည့်သွင်းထားရင် ANC ဖွင့်ထားရင်တောင် earbuds ၈ နာရီ (case ၁၆ နာရီ)၊ စုစုပေါင်း ၂၄ နာရီ အထိသုံးလို့ရမယ်လို့ Sony ကပြောထားပါတယ်။ (ANC ဖွင့်ထားရင် SoC တွေ အလုပ်ပိုလုပ်ရတဲ့အတွက် battery ပိုစားပါတယ်)
ANC ON ဖွင့်ထားတယ် music volume ကို 40% လောက်အထိထားပြီး ၃ နာရီ ဆက်တိုက်သုံးကြည့်တော့ earbuds battery 60% ကျန်သေးတာတွေ့ရပါတယ်။ ဆိုတော့ battery ဒေါင်းတဲ့အထိသုံးရင်
၇ နာရီခွဲလောက်အထိ playtime ရမယ်ဆိုတဲ့သဘော..
case မှာက earbuds battery သိုလှောင်နိုင်စွမ်းရဲ့ နှစ်ဆ ပါတာမို့ case + earbuds အားအပြည့်ရှိနေခဲ့မယ်ဆိုရင် နာရီ ၂၀ လောက်ကြာနိုင်တဲ့ ခရီးရှည်သွားတဲ့အခါ အားပြန်သွင်းဖို့ မလိုတော့မှာအမှန်ပဲ။ (volume 40% မှာ အသံက တိုးတိုးလေးပေါ့ဆိုရင်တော့မှားပါလိမ့်မယ်၊ 50% လောက်အထိတင်လိုက်ရင် နားက မခံနိုင်တော့ပါဘူး)
 |
Photo: Soe Thu Aung |
Media Control
touch sensor ပါပါတယ်၊ earbuds ရဲ့ ဘေးဘက်မှာပါ။ လက်ချောင်းနဲ့ tap လုပ် ပြီးသုံးနိုင်တယ်။
tap တဲ့အချိန် အသံတစ်ခုနဲ့ တုံ့ပြန်ပေးတဲ့အတွက် ထိမိလား မထိမိဘူးလားဆိုတာလည်း သိနိုင်ပါတယ်။
Right earbud
- 1 tap (pause/play)
- 2 tap (next song)
- 3 tap (previous song)
- quick repeatedly tap (volume up)
- tap and hold (voice assist) *
(voice assist က မိမိသုံးတဲ့ device အပေါ်မူတည်ပါတယ် iPhone/iPad တွေဆိုရင် Siri၊ Android တွေမှာ Gemini စတဲ့ ဆိုင်ရာ manufacturer တွေရဲ့ AI voice assistant တွေ အဲ့ဒါတွေကို တစ်ခုမှမသုံးချင်ဘူးဆိုရင်လည်း Amazon Alexa ကို ရွေးလို့ရပါသေးတယ်။ ဒါမှမဟုတ် လုံးဝ ပိတ်ထားလို့လည်းရတယ်) *
Left earbud- 1 tap (switching between ANC, Ambient, and OFF)
- 2 tap (app launch) **
- 3 tap (app launch) **
- quick repeatedly tap (volume down)
- tap and hold (quick attention)
(app launch မှာက Amazon Music, Spotify စတဲ့ app တွေ ဘယ်သူ့ကိုဖွင့်မလဲဆိုတာ assign လုပ်ထားနိုင်ပါတယ်) **
ကျန်တာတွေမှာ ပြသနာမရှိပေမဲ့ အသံ အတိုးအလျော့မှာ သုံးချက်လောက် ခက်သွက်သွက် ပုတ် ပေးရတာက အစပိုင်းမှာတော်တော်လက်ပေါက်ကတ်တယ်လို့ပြောနိုင်တယ်။ Sony Sound Connect app ထဲမှာ tap control တွေကို စိတ်ကြိုက် ပြန်ပြင်ခွင့် ပေးမထားတာကလည်း အားနည်းချက်ပါပဲ။ ဥပမာ 1 tap ကို pause/play အစား အခြားတစ်ခုခုပြောင်းထားတာမျိုး လုပ်လို့မရဘူး။
ဒါပေမဲ့ လုံးဝ ပိတ်ခွင့်လေးတော့ ပေးထားတယ်။ unassigned လုပ်ထားလိုက်ရင် အိပ်ရင်းနဲ့နားထောင်တဲ့အခါ ခေါင်းအုံးနဲ့ ထိမိလို့ သီချင်းကျော်သွားတာ ရပ်သွားတာ တွေမဖြစ်တော့ဘူး။ ကိုယ်သုံးချင်မှ assigned ပြန်လုပ်။ ခြုံပြီးပြောရရင် control ပိုင်းတွေက တစ်ခုချင်းစီ စိတ်ကြိုက် customize လုပ်မရတာကလွဲရင် tapping experience က လွယ်တယ် အဆင်ပြေတယ်ဆိုတဲ့ ခံစားချက်ကို ရစေပါတယ်။
Features
- Active Noise Canceling
- Speak to chat
- Head Gesture
- Multipoint connect
- Auto Switch
- 360 Reality Audio
ANC က ရှေ့မှာ ဖော်ပြခဲ့ပြီးသားမို့ အထွေအထူး ပြောစရာမရှိပါဘူး။
Speak to chat ဆိုတာက ကိုယ်စကားစပြောလိုက်တာနဲ့ music ကို အလိုအလျောက် pause ပေးတဲ့ လုပ်ဆောင်ချက်ပါ၊ တော်တော်အသုံးဝင်ပါတယ်။ ကိုယ်စကားပြော ရပ်သွားတာနဲ့ သတ်မှတ်ထားတဲ့ timer ရောက်ရင် play mode ပြန်ဖြစ်သွားပါတယ်။ 5s, 10s, 15s, 30s ဆိုပြီး timer ပေးထားလို့ရပါတယ်။
ဥပမာ 5s ဆိုရင် ကိုယ့်အသံရပ်ပြီး နောက် ၅ စက္ကန့်ကြာတဲ့အခါ music ကို ပြန် play ပေးပါတယ်။
လက်တွေ့မှာလည်း တကယ်အသုံးတည့်ပါတယ်။ ကိုယ့်ရဲ့ laptop နဲ့ ဖုန်းကို multipoint လုပ်ထားမယ်ဆိုရင် laptop နဲ့ သီချင်းနားထောင်နေတုန်း ဖုန်းဝင်လာတဲ့အခါ အထစ်အငေါ့မရှိ ဘက်ချိန်းပေးတာမျိုးပါ။
Head Gesture က ဖုန်း call ဝင်လာတဲ့အခါ လက်ခံလိုရင် ခေါင်းညိတ် reject လုပ်မယ်ဆိုရင် ခေါင်းခါ ပေးလိုက်ရုံပါပဲ။ sensor တွေအလုပ်လုပ်တာက တိကျလွန်းတဲ့အတွက် သုံးရတာအဆင်ပြေပါတယ်။
Multipoint connect ဆိုတာက device နှစ်ခုကိုတစ်ပြိုင်နက် ချိတ်ထားလို့ရတဲ့ လုပ်ဆောင်ချက်ပါ။
Auto Switch ဆိုတာကတော့ ကိုယ်က earbuds နဲ့ နားထောင်နေရာကနေ pause လိုက်မယ်ဆိုရင် သတ်မှတ်ထားတဲ့ နောက် bluetooth device (speaker) မှာ သီချင်းသံက ရောက်သွားတာမျိုးပါ။
 |
Image: Soe Thu Aung |
Sony ရဲ့ Bluetooth speaker တော်တော်များများနဲ့ compatible ဖြစ်ပါတယ်။ (list ကို Sound Connect app ထဲကနေ ကြည့်နိုင်) တခြား bluetooth speaker တွေနဲ့လည်းရတယ်ဆိုပေမဲ့ အပြည့်အဝ အလုပ်ဖြစ် မဖြစ်ကတော့ စမ်းကြည့်ဖို့လိုပါလိမ့်မယ်။
360 Reality Audio အတွက်က content တွေကိုအလွယ်တကူရှာမရ၊ subscription service တွေလည်း ယူမထားနိုင်တဲ့အတွက် သူ့ကို မစမ်းလိုက်ပါဘူး။ ပြောခဲ့တဲ့ feature တွေ အစုံ tune ချင်ရင် Sony ရဲ့ Sound Connect app ကို မဖြစ်မနေ အသုံးပြုရပါလိမ့်မယ်။ UI က ကြည့်ရ ရှင်းလင်းလွယ်ကူပြီး ကိုယ်အသုံးများတဲ့ function တွေကို pin လုပ်ထားလို့လည်းရပါတယ်။
 |
Photo: Soe Thu Aung |
Conclusion
ဆိုတော့
⁃ ဂီတသံစဉ် လှလှလေးတွေကို အကောင်းဆုံး ခံစားချင်တယ်
⁃ top-notch ANC ကို TWS တစ်ခုကနေ ရချင်တယ်
⁃ ဘက်ထရီ ကြာကြာခံတာ လိုချင်တယ်
⁃ Apple/Android နှစ်ခုလုံးအတွက် အသင့်တော်ဆုံးဖြစ်ရမယ်
⁃ သက်တောင့်သက်သာရှိရမယ် စတိုင်လည်းကျရမယ်
အဲ့ဒီအချက်တွေအတွက် ဆိုရင် Sony ရဲ့ WF-1000XM5 ကိုချွင်းချက်မရှိ ရွေးလိုက်ပါ။ voice call/audio record နှစ်ခုလုံးအတွက် Microphone အကောင်းဆုံး TWS ရှာနေတာဆိုရင်တော့ .. မိတ်ဆွေ တခြားဟာကိုပဲ ရွေးလိုက်ပါလို့ပဲ ပြောလိုပါတယ်။ (ယခု Review သည် En Thue Tech ၏ Admin တစ်ဦးဖြစ်သူ Soe Thu Aung မှ ရေးသားထားခြင်းဖြစ်ပါသည်။)
0 Comments