![]() |
| Image via OC3D |
Microsoft ကုမ္ပဏီဟာ Windows 11 အသုံးပြုသူတွေအတွက် OS Update တွေကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားလို့ရမဲ့ Windows Update အသစ်တစ်ခုကို စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။ အကယ်၍ ဒီစနစ်သာ တရားဝင်ထွက်ရှိလာမယ်ဆိုရင် Windows အသုံးပြုသူတွေအနေနဲ့ Update တွေကို အနာဂတ်ကာလ အဝေးကြီးတစ်ခုအထိ ရွှေ့ဆိုင်းထားခြင်းအားဖြင့် Update အတင်းအကျပ် တင်ခိုင်းတာတွေကို အဆုံးသတ်နိုင်တော့မှာဖြစ်ပါတယ်။ လက်ရှိ Windows 11 မှာတော့ Update တွေကို အများဆုံး ၅ ပတ်အထိသာ အများဆုံးရွှေ့ဆိုင်းလို့ ရတာဖြစ်ပါတယ်။
ဒီပြောင်းလဲမှုကို phantomofearth လို့အမည်ရတဲ့ Twitter/X အသုံးပြုသူတစ်ဦးက ပထမဆုံး သတိပြုမိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ Windows Latest သတင်းဌာနကပါ အတည်ပြုပေးခဲ့ပါတယ်။ Windows Latest ရဲ့ ဖော်ပြချက်အရ Microsoft ဟာ အသုံးပြုသူတွေကို သူတို့ရဲ့ စက်တွေအပေါ်မှာ ပိုမိုထိန်းချုပ်ခွင့်ပေးတဲ့အနေနဲ့ Update တွေကို အလိုရှိသလောက်စိတ်ကြိုက်ရပ်ဆိုင်းထားနိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း Microsoft ရဲ့ Scott Hanselman က Windows 11 ကို အသုံးပြုသူတွေအတွက် ပိုမိုငြိမ်းချမ်းပြီး စိတ်အနှောင့်အယှက်ကင်းတဲ့ OS တစ်ခုဖြစ်အောင် ဖန်တီးချင်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ အခုလို Update တင်ရမယ့်အကြိမ်ရေကို အသုံးပြုသူကိုယ်တိုင် လျှော့ချသတ်မှတ်နိုင်အောင် ခွင့်ပြုပေးတာဟာ Windows 11 ကို စိတ်ပျက်စရာမကောင်းအောင် လုပ်ဆောင်တဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်စေမှာပါ။First look at changes coming to Windows 11's pause updates option!The button/dropdown menu are being replaced with a button for a calendar view, which lets you choose a specific date to pause until (instead of 1 week, 2 weeks, etc. and having to manually resume early). pic.twitter.com/mv6yw76cNL— phantomofearth 🌳 (@phantomofearth) April 11, 2026
လက်ရှိအချိန်မှာတော့ Windows 11 Preview ဗားရှင်း အသုံးပြုသူတွေအနေနဲ့ Update ရပ်ဆိုင်းထားမယ့်ရက်စွဲကို မိမိစိတ်ကြိုက် အကန့်အသတ်မရှိ သတ်မှတ်နိုင်တာကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ဆောင်ချက်ဟာ တရားဝင်ဗားရှင်းမှာ အခုအတိုင်းပဲ ပါဝင်လာမလား ဒါမှမဟုတ် အပြောင်းအလဲတွေ ရှိဦးမလားဆိုတာကတော့ သေချာမသိရသေးပါဘူး။ အမှန်အတိုင်းပြောရရင် Windows 11 အသုံးပြုသူတွေကို သူတို့ရဲ့ စက်ပစ္စည်းတွေအပေါ်မှာ ပိုမိုစီမံခွင့်ပေးတာဟာ အလွန်ကောင်းမွန်တဲ့ အချက်လို့ဆိုနိုင်ပါတယ်။
ဒါဟာ သေးငယ်တဲ့ ပြုပြင်ပြောင်းလဲမှုလေးတစ်ခု ဖြစ်ပေမဲ့ Microsoft အတွက်တော့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းလိုက်တာပါ။ Update တွေကို အရမ်းကြာအောင် ရွှေ့ဆိုင်းထားတာဟာ လုံခြုံရေးပိုင်းဆိုင်ရာမှာ စိုးရိမ်စရာရှိနိုင်ပေမဲ့ မိမိစက်ကို ဘယ်အချိန်မှာ Update တင်မယ်ဆိုတာကိုတော့ သုံးစွဲသူကိုယ်တိုင်ကသာ ဆုံးဖြတ်ခွင့်ရှိသင့်ပါတယ်။ သိသာထင်ရှားစွာပဲ နောက်ဆုံးမှာ Microsoft ဟာ Windows 11 ရဲ့ နှစ်ရှည်လများဖြစ်နေတဲ့ ချို့ယွင်းချက်တွေကို ဖြေရှင်းပေးဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: OC3D

0 Comments