![]() |
| Image: ASUS ROG |
အမေရိကန်နဲ့ ဥရောပလို အနောက်နိုင်ငံတွေမှာ ကွန်ပျူတာတစ်လုံး ဆင်ရတာနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကွန်ပျူတာတစ်လုံး ဆင်ရတာက တကယ့်လက်တွေ့ဘဝမှာ မိုးနဲ့မြေလို ကွာခြားကြောင်း ကာဇက်စတန်နိုင်ငံက Aman ဆိုတဲ့ နည်းပညာဝါသနာရှင်တစ်ဦးက "Building a PC in a 3rd World Country Is a Different Reality" ဆိုတဲ့ ဗီဒီယိုထဲမှာ ရှင်းပြထားတာကိုတွေ့လိုက်ပါတယ်။ ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကို မိတ်ဆွေတို့ကိုလည်း သိစေချင်တဲ့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
အနောက်နိုင်ငံတွေမဟုတ်တဲ့ အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Tech ပစ္စည်းတွေ၊ အထူးသဖြင့် PC အစိတ်အပိုင်းတွေ ဝယ်ရတဲ့ ဒုက္ခက Apple ပစ္စည်းတွေဝယ်ရတာထက် ပိုပြီးခက်ခဲပါတယ်။ ဒါက ဈေးကြီးတာတို့၊ တရားဝင်ဆိုင်တွေ မရှိတာတို့လောက်ပဲ မဟုတ်ပါဘူး။ နောက်ကွယ်မှာ အကြောင်းရင်းတွေ အများကြီး ရှိနေပါသေးတယ်။ ဒီနေ့တော့ ဘယ်သူမှ သိပ်မပြောကြတဲ့၊ လက်ခံရခက်တဲ့ အမှန်တရားတချို့ကို ပြောပြသွားပါမယ်။ ကျွန်တော်က ဗဟိုအာရှနိုင်ငံတစ်ခုဖြစ်တဲ့ ကာဇက်စကန်နိုင်ငံမှာ နေတာပါ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ နေရတာ ဘယ်လိုနေမလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ Tech ဝါသနာအိုးတစ်ယောက်အနေနဲ့ ကျွန်တော်တို့ဆီမှာ ဘယ်လောက်တောင် အခွင့်အရေးတွေ နည်းပါးနေလဲဆိုတာ သိလိုက်ရတဲ့အချိန်မှာ ဒီဗီဒီယိုကို လုပ်ဖြစ်သွားတာပါ။
အနောက်နိုင်ငံက လူတွေကတော့ AMD တို့ Nvidia တို့ရဲ့ မိတ်ဆက်ပွဲတွေကို ကြည့်ပြီး RTX 4090 က ဒေါ်လာ ၁၆၀၀ ဆိုရင် ဈေးကြီးပေမယ့် တတ်နိုင်ပါသေးတယ်လို့ ပြောကြလိမ့်မယ်။ ဒါမှမဟုတ် အလုပ်ရှာပြီး ဝယ်မယ်၊ ဒါမှမဟုတ် ဈေးနည်းနည်းပိုသက်သာတဲ့ RTX 3090 ပဲ ဝယ်တော့မယ်လို့ တွေးကြပါလိမ့်မယ်။ ဒါပေမဲ့ ဒါက သူတို့ဆီမှာပဲ အဆင်ပြေတာပါ။ ကျွန်တော်တို့လို အနောက်နိုင်ငံတွေနဲ့ ဝေးတဲ့နေရာက လူတွေအတွက်ကျတော့ အတွေးက တစ်မျိုးဗျ။ ဒေါ်လာ ၁၆၀၀ ဆိုတဲ့ ဈေးကို မြင်တာနဲ့ ဒီဈေးအပေါ်မှာ သယ်ယူစရိတ်တွေ၊ ဆိုင်ကတင်မယ့် အမြတ်တွေနဲ့ အစိုးရအခွန်အခတွေ ပေါင်းလိုက်ရင် ဘယ်လောက်ကျမလဲဆိုတာ ကျွန်တော်တို့ခေါင်းထဲမှာ အလိုလို တွက်ချက်ပြီးသား ဖြစ်သွားတယ်။ ကြောက်စရာကြီးနော်။ ဒါပေမဲ့ ဒါက အဓိက ပြဿနာ မဟုတ်သေးပါဘူး။
ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတော့ အဖြေက ရှင်းရှင်းလေးပါ၊ အခွန်ကြောင့်ပါပဲ။ အမေရိကန်မှာလို ကုမ္ပဏီကြီးတွေက အခွန်ဆောင်ရသလိုမျိုး ကျွန်တော်တို့ဆီက ကုမ္ပဏီတွေကလည်း အခွန်ဆောင်ရပါတယ်။ အစိုးရက အခွန်တိုးကောက်လိုက်ရင် လုပ်ငန်းရှင်တွေက မခံပါဘူး၊ သာမန်ပြည်သူတွေပဲ ခံရတာပါ။ သယ်ယူစရိတ်တွေ၊ အမြတ်တွေ ပေါင်းတင်လိုက်ကြတော့ ဈေးတွေတက်ကုန်ရော။ ပြည်တွင်းက Tech ပစ္စည်းပြန်ရောင်းတဲ့ ဆိုင်တွေကလည်း အမြတ်ရဖို့ပဲ ကြည့်ကြတော့ ဈေးတွေတင်ကြတာပေါ့။ ဒါကြောင့် မူရင်းဈေး ဘယ်လောက်လဲဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ တိတိကျကျ မသိရပါဘူး။ ဥပမာပြောရရင် အမေရိကန်မှာ ၅၄၃ ဒေါ်လာလောက်ပဲရှိတဲ့ RTX 4070 က ကျွန်တော်တို့ဆီရောက်လာရင် ၈၅၉ ဒေါ်လာလောက် ဖြစ်သွားပါတယ်။ တစ်ဆခွဲလောက် ပိုကြီးနေတာဗျာ၊ ဒေါ်လာ ၃၀၀ ကျော်လောက် ကွာဟနေတာက တော်တော်လေး ရူးချင်စရာကောင်းပါတယ်။ ဒီငွေနဲ့ဆို CPU တစ်လုံးတောင် ထပ်ဝယ်လို့ရနေပြီလေ။
နောက်ထပ် ပြဿနာအကြီးကြီးတစ်ခုကတော့ ငွေကြေးတန်ဖိုးပါပဲ။ ဒေါ်လာ သို့မဟုတ် ယူရို မသုံးတဲ့နိုင်ငံတွေမှာ နေရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ တော်တော်များများ စဉ်းစားကြည့်လို့တောင် ရမှာမဟုတ်ပါဘူး။ Tech ကုမ္ပဏီကြီးတွေအားလုံးက အမေရိကန်မှာ အခြေစိုက်တာဖြစ်လို့ ပစ္စည်းတိုင်းကို ဒေါ်လာနဲ့ပဲ ဈေးသတ်မှတ်ကြပါတယ်။ ပြဿနာက ကျွန်တော်တို့နိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးက နှစ်တိုင်းလိုလို ကျဆင်းနေတာပါပဲ။ တစ်နှစ်အတွင်းမှာ တန်ဖိုး ၁၀ ရာခိုင်နှုန်းလောက် ကျသွားတတ်ပါတယ်။ ငွေဈေးကျပေမယ့် ရတဲ့လစာကတော့ ဒီအတိုင်းပါပဲ။ ဆိုလိုတာက နောက်နှစ်ရောက်ရင် ကိုယ့်ဝင်ငွေက ဒေါ်လာနဲ့တွက်ရင် လျော့သွားသလိုဖြစ်နေပြီး PC ပစ္စည်းတွေကတော့ ဈေးမကျတဲ့အပြင် ပိုလို့တောင် ဈေးတက်လာသလို ဖြစ်နေပါတယ်။ ဒါကို ငွေကြေးဖောင်းပွမှုလို့ ခေါ်ကြပြီး ဒီလိုနဲ့ပဲ လူတွေက ဈေးကြီးပေးပြီး ဝယ်နေကြရတာပါ။
ဒါကြောင့်မို့လို့ ဒုတိယနဲ့ တတိယကမ္ဘာ့နိုင်ငံတွေမှာ PC ဆင်မယ်ဆိုရင် ထူးခြားတဲ့အချက်တစ်ခု ရှိလာပါတယ်။ အဲ့ဒါကတော့ component အဟောင်းတွေက အခုထိ အသုံးဝင်နေဆဲ ဖြစ်နေတာပါပဲ။အနောက်နိုင်ငံတွေမှာတော့ GPU ဝယ်မယ်ဆိုရင် RTX 50 series တို့ Ryzen 9000 series တို့လို နောက်ဆုံးပေါ်တွေပဲ ညွှန်းကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာတော့ GTX 10 series လောက်အထိတောင် ပြန်ဆင်းပြီး စဉ်းစားကြရပါတယ်။ GTX 750, 1050, 1080 စတာတွေကို Secondhand ဈေးကွက်မှာ ရှာဝယ်ကြတုန်းပါပဲ။ လူတွေရဲ့ အတွေးက ဘယ်လိုလဲဆိုတော့ RTX 5080 ထွက်လာပြီဆိုတော့ 4080 ဈေးကျမယ်၊ 3080 လည်း သက်သာလာမယ်၊ 2080 လည်း ဝယ်ရလွယ်လာမယ်၊ ဒါဆိုရင် ငါ GTX 1080 လေးတော့ ဝယ်နိုင်လောက်ပြီ ဆိုပြီး တွက်ကြတာမျိုးပါ။ ဒါကြောင့် မျိုးဆက်ဟောင်း ပစ္စည်းတွေက ကျွန်တော်တို့ဆီမှာတော့ ရှင်သန်နေဆဲပါပဲ။
နောက်တစ်ခု ပြောချင်တာကတော့ ပစ္စည်းထွက်တဲ့ ရက်စွဲတွေအကြောင်းပါ။ AMD, Nvidia တို့က မိတ်ဆက်ပွဲတွေမှာ ဘယ်နေ့ဖြန့်ချိမယ်ဆိုပြီး ကြေညာကြပေမယ့် အဲ့ဒီရက်စွဲတွေက အမေရိကန်၊ ဥရောပ၊ ဂျပန်တို့လို ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက်ပဲ မှန်ကန်ပါတယ်။ ကျွန်တော်တို့လို နိုင်ငံတွေမှာတော့ ဒေသခံပြန်ရောင်းတဲ့ ဆိုင်တွေကိုပဲ အားကိုးရပြီး သူတို့ဆီ ပစ္စည်းရောက်ဖို့က အများကြီး နောက်ကျပါတယ်။ စီးပွားရေး ပိုကောင်းတဲ့ အိမ်နီးချင်းနိုင်ငံတွေကနေတစ်ဆင့် သယ်ယူရတာတွေ၊ အခွန်ကိစ္စတွေ၊ ဈေးကွက်အရွယ်အစားတွေကြောင့် ပစ္စည်းအသစ်တစ်ခုထွက်ရင် ချက်ချင်း ဝယ်လို့မရပါဘူး။ Founders Edition လိုမျိုး ရှားပါးပစ္စည်းတွေဆိုရင် ပိုဆိုးပါတယ်၊ လုံးဝ ရှာမရတာမျိုးတောင် ဖြစ်တတ်ပါတယ်။
ပြီးတော့ လူပြောများတဲ့ စကားတစ်ခု ရှိတယ်မလား။ Gamer တွေက PC အစိတ်အပိုင်းတွေအတွက် ဒေါ်လာထောင်ချီ သုံးရဲပေမယ့် Windows Key ဝယ်ဖို့ကျတော့ ဒေါ်လာနည်းနည်းတောင် မသုံးချင်ကြဘူးဆိုတာလေ။ ခင်ဗျားတို့က ဒါကို ဟာသလို့ ထင်နေကြမှာပါ။ တကယ်တော့ ကျွန်တော်တို့ဆီမှာ ဒါက ဟာသမဟုတ်ပါဘူး၊ တကယ့်လက်တွေ့ပါပဲ။ PC တစ်လုံးဆင်ပြီးသွားရင် ဘယ်သူမှ Microsoft Office တို့ Windows Key တို့ကို ပိုက်ဆံပေး မဝယ်ကြတော့ပါဘူး။ အများစုက Pirate လုပ်ထားတဲ့ version တွေပဲ သုံးကြတာ များပါတယ်။ ဘာလို့လဲဆိုတော့ Microsoft ရဲ့ ဈေးနှုန်းတွေက ပေးရတဲ့ ဝန်ဆောင်မှုနဲ့ယှဉ်ရင် အရမ်းဈေးကြီးလွန်းတယ်လို့ မြင်ကြလို့ပါ။ တရားဝင် Store မှာ ကျောက်ကပ်တစ်လုံးစာလောက် ဈေးပေးဝယ်ရမယ့်အစား Google Docs လိုမျိုး အခမဲ့ရတာတွေကိုပဲ သုံးကြတာ များပါတယ်။
ခြုံပြောရရင်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမှာ Tech Enthusiast တစ်ယောက်ဖြစ်ရတာဟာ အနောက်နိုင်ငံကလူတွေ ကြုံတွေ့နေရတာနဲ့ လုံးဝမတူပါဘူး။ သူတို့က ဈေးနည်းနည်းတက်တာ၊ ပစ္စည်းပြတ်တာလောက်ကို ညည်းတွားနေချိန်မှာ ကျွန်တော်တို့က အခွန်တွေ၊ ငွေဈေးကျတာတွေ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ မတန်တဆ ဈေးကြီးတာတွေကို ရင်ဆိုင်နေရပါတယ်။ သူတို့အတွက် PC ဆင်တာက ဝါသနာတစ်ခု သက်သက်ဆိုပေမယ့် ကျွန်တော်တို့အတွက်ကတော့ စိတ်ရှည်သည်းခံမှု၊ လေ့လာမှုနဲ့ ကံတရားပါ လိုအပ်တဲ့ ဇိမ်ခံပရောဂျက်ကြီးတစ်ခု ဖြစ်နေပါတော့တယ်။ ဒါပေမဲ့လည်း ဒီကလူတွေက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြပါတယ်။ ချေးငှားတယ်၊ လနဲ့ချီ ပိုက်ဆံစုကြတယ်။ ဘာပဲပြောပြော iPhone အသစ်တစ်လုံး ဝယ်မယ့်အစား PC ကောင်းကောင်းတစ်လုံး ဆင်လိုက်ရတာက ပိုပြီးတန်တယ်လို့ သူက သုံးသပ်ထားပါတယ်။
First World(ပထမကမ္ဘာ)၊ Second World (ဒုတိယကမ္ဘာ) နဲ့ Third World (တတိယကမ္ဘာ) ဆိုတဲ့ ဝေါဟာရတွေဟာ စစ်အေးတိုက်ပွဲကာလမှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး၊ ကမ္ဘာ့နိုင်ငံတွေကို စီးပွားရေးအခြေအနေထက် နိုင်ငံရေးမဟာမိတ်ဖွဲ့မှုအပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုအချိန်က အမေရိကန်နဲ့ ၎င်းရဲ့မဟာမိတ် အရင်းရှင်နိုင်ငံတွေကို "First World" ဟု ခေါ်ဆိုပြီး ဆိုဗီယက်ယူနီယံနှင့် ကွန်မြူနစ်နိုင်ငံတွေကို Second World လို့ သတ်မှတ်ကာ ဘက်မလိုက်နိုင်ငံတွေကိုတော့ Third World လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဆိုဗီယက်အုပ်စု ပြိုကွဲပြီး စစ်အေးတိုက်ပွဲပြီးဆုံးသွားတဲ့အခါ Second World ဆိုတဲ့ အသုံးအနှုန်းမှာ သုံးစွဲစရာမလိုတော့တာကြောင့် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Third World ဆိုတာ နိုင်ငံရေးအရမဟုတ်တော့ဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေလို့ ပြောင်းလဲအဓိပ္ပာယ်ဖွင့်ဆို သုံးစွဲလာကြပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Aman (YouTube Channel)

0 Comments