| Image: www.goodfon.com |
ပထမဆုံး Microprocessor ရဲ့ နာမည်ကို Google၊ DuckDuckGo၊ Bing နဲ့ ChatGPT တို့လို ရှာဖွေရေးအင်ဂျင်တွေနဲ့ AI တွေမှာ မေးလိုက်မယ်ဆိုရင် ၁၉၇၁ ခုနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Intel 4004 ချစ်ပ်လို့ တညီတညွတ်တည်း ဖြေကြမှာပါ။ တကယ်တမ်းမှာတော့ Grumman F-14 Tomcat တိုက်လေယာဉ်ကို မောင်းနှင်ရာမှာ ကူညီပေးခဲ့တဲ့ MP944 ချစ်ပ်ဟာ ပထမဆုံး microprocessor နေရာကို ရယူသင့်တယ်ဆိုတာ လူသိရှင်ကြားဖြစ်လာခဲ့တာ ၂၅ နှစ်ကျော်ခဲ့ပါပြီ။
လူအများစုသိထားတဲ့ ဇာတ်လမ်းကတော့ ၁၉၇၀ ခုနှစ်မှာ NCM လို့ခေါ်တဲ့ ဂျပန်ကုမ္ပဏီတစ်ခုက စားပွဲတင်ဂဏန်းပေါင်းစက် (desktop calculator) အတွက် chip တွေထုတ်ဖို့ Intel နဲ့ ပူးပေါင်းခဲ့တာပါ။ NCM က မူလက ချစ်ပ် ၈ ခုပါတဲ့ စနစ်ကို တောင်းဆိုခဲ့ပေမယ့်၊ Intel က chip အရေအတွက်ကို တစ်ဝက်လျှော့ချပြီး ဘက်စုံသုံး processor တစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။ ရလဒ်အနေနဲ့ နောက်တစ်နှစ်မှာ ခေတ်မီ CPU တွေရဲ့ ရှေ့ပြေးလို့ ယူဆရတဲ့ နာမည်ကျော် 4004 ထွက်ပေါ်လာခဲ့ပါတယ်။
![]() |
| Image: firstmicroprocessor.com |
MP944 ချစ်ပ်ကိုတော့ အင်ဂျင်နီယာ ၂၅ ဦးခန့် ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က နှစ်နှစ်ကြာ ဒီဇိုင်းထုတ်ခဲ့ပြီး Steve Geller နဲ့ Ray Holt တို့က ဦးဆောင်ခဲ့ကြပါတယ်။ ၎င်းပရိုဆက်ဆာဟာ ၁၉၇၀ ပြည့်နှစ်၊ ဇွန်လမှာ F-14 တိုက်လေယာဉ်ရဲ့ အတိုးအလျှော့လုပ်နိုင်တဲ့ တောင်ပံစနစ် (variable sweep wing system) ကို ထိန်းချုပ်တဲ့ ဗဟိုပျံသန်းရေးကွန်ပျူတာ (Central Air Data Computer – CADC) မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဒါဟာ Intel 4004 စတင်ရရှိနိုင်မယ့် ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလထက် တစ်နှစ်ကျော် စောပါတယ်။
Geller နဲ့ Holt တို့ရဲ့ ဒီ chip ဟာ Intel 4004 ထက် ၈ ဆလောက် ပိုမြန်သလို Intel chip က 4-bit ပဲရှိချိန်မှာ MP944 က 20-bit အထိ အလုပ်လုပ်နိုင်ခဲ့ပါတယ်။ ဖြစ်နိုင်တာကတော့ CADC ကနေ လိုအပ်တဲ့ ရှုပ်ထွေးတဲ့ Polynomial တွက်ချက်မှုတွေအားလုံးကို ပြီးမြောက်ဖို့အတွက် ဒီလို စွမ်းဆောင်ရည်မျိုးကို မဖြစ်မနေ ပေးအပ်ခဲ့ရပုံပေါ်ပါတယ်။ Google သုတေသီတစ်ဦးက ရှင်းပြရာမှာတော့ အမေရိကန်ရေတပ် လိုချင်တဲ့ စွမ်းဆောင်ရည်ရရှိဖို့အတွက် တောင်ပံတွေကို လိုသလို ဖြန့်ကားလိုက်၊ ပြန်သိမ်းလိုက်လုပ်ဖို့ဆိုတာ ဘယ်လေယာဉ်မှူးကမှ လူ့စွမ်းအားနဲ့ အမြန်ဆုံးလိုက်မလုပ်နိုင်တဲ့အတွက် Garrett ရဲ့ ဒီ chip က sensor အချက်အလက်တွေကို ယူပြီး ရှုပ်ထွေးတဲ့ တွက်ချက်မှုတွေကို လူအစား ဝင်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာကြီးက 4004 ကိုပဲ ရှေ့ဆောင် microprocessor အဖြစ် လက်ခံထားရတဲ့ အကြောင်းရင်းကတော့ MP944 ရဲ့ တည်ရှိမှုဟာ ၁၉၉၈ ခုနှစ်အထိ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် တစ်ခု ဖြစ်နေခဲ့လို့ပါပဲ။ ဦးဆောင်ဒီဇိုင်နာ Ray Holt ဟာ ၁၉၇၁ ခုနှစ်ကတည်းက ဒီ chip အကြောင်း ဆောင်းပါးရေးခဲ့ပေမယ့် ၁၉၇၁ ခုနှစ်နဲ့ ၁၉၈၅ ခုနှစ်တွေမှာ ထုတ်ဝေခွင့် ငြင်းပယ်ခံခဲ့ရပြီး ၂၇ နှစ်အကြာ ၁၉၉၈ ခုနှစ်မှာမှ လျှို့ဝှက်ချက်ကို ဖွင့်ချခဲ့ပါတယ်။ ဒါကြောင့် Intel ရဲ့ chip ကို"ပထမဆုံး စီးပွားဖြစ် ဝယ်ယူရရှိနိုင်တဲ့ microprocessor" လို့ ခေါ်ဝေါ်ကြတာပါ။
ဗိသုကာပညာရှင် Holt က သူတို့ရဲ့ 20-bit, Pipelined, Parallel Multi-microprocessor ကို ခေတ်မီတဲ့ MOS နည်းပညာနဲ့ ပေါင်းစပ်ပြီး MP944 ကို ဖန်တီးခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။ ဒီပရိုဆက်ဆာဟာ 375 kHz နဲ့ အလုပ်လုပ်ခဲ့ပြီး တစ်စက္ကန့်ကို ညွှန်ကြားချက် ၉,၃၇၅ခု လုပ်ဆောင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ၎င်းဟာ ၁၉၇၀ ပြည့်လွန်နှစ်များ အစောပိုင်းအတွက် အံ့အားသင့်စရာ စွမ်းဆောင်ရည်ကို ပေးနိုင်ခဲ့တဲ့အပြင် တင်းကျပ်တဲ့ စစ်ဘက်ဆိုင်ရာ သတ်မှတ်ချက်အချို့ကိုလည်း ပြည့်မီခဲ့ပါတယ်။ ဥပမာအားဖြင့် -55 ဒီဂရီ စင်တီဂရိတ်မှ +125 ဒီဂရီ စင်တီဂရိတ် အထိ ပြင်းထန်တဲ့အပူချိန်တွေမှာ ဆက်လက် လည်ပတ်နိုင်စွမ်းရှိရမှာ ဖြစ်ပါတယ်။
ပျံသန်းမှုစနစ်ရဲ့ မရှိမဖြစ် အစိတ်အပိုင်းဖြစ်တဲ့အတွက် အမေရိကန်စစ်တပ်က ဘေးကင်းရေးနဲ့ အရန်သင့် (Failsafe) အစီအမံတွေကိုပါ ထည့်သွင်းဖို့ တွန်းအားပေးခဲ့ပါတယ်။ F-14 Tomcat တွေဆီ ပေးအပ်ခဲ့တဲ့ စနစ်ကတော့ ပျံသန်းမှုကွန်ပျူတာက တာဝန်တွေကို ဆောင်ရွက်နေရင်း ပြဿနာတွေကို အမြဲတမ်း ကိုယ်တိုင် စစ်ဆေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒီ MP944 ချပ်စ်ရဲ့ ကိုယ်တိုင်စစ်ဆေးတဲ့စနစ်က ချို့ယွင်းချက်တစ်ခုကို အချက်ပြလိုက်တာနဲ့ တစ်စက္ကန့်ရဲ့ ၁/၁၈ ပုံ အတွင်းမှာ အရန်သင့် တပ်ဆင်ထားတဲ့ အလားတူယူနစ်ဆီကို အလိုအလျောက် ပြောင်းနိုင်တယ်လို့ သိရပါတယ်။
အခုဆိုရင် ဒီပရိုဆက်ဆာဟာ ယနေ့ခေတ်မှာ ပညာရပ်ဆိုင်ရာ စိတ်ဝင်စားမှုတစ်ခုအနေနဲ့သာ ရှိနေပုံပေါ်ပေမဲ့ Holt ရဲ့ F-14 တိုက်လေယာဉ်မှာ တပ်ဆင်ထားတဲ့ CADC စနစ်ရဲ့ ဗိသုကာကို ဖော်ပြထားတဲ့ သုတေသနစာတမ်း ထုတ်ဝေဖို့ ကြိုးပမ်းမှုတွေကို ၁၉၇၁ ခုနှစ်တုန်းက ခွင့်ပြုခဲ့မယ်ဆိုရင် ကျွန်တော်တို့အားလုံးဟာ အခုချိန်မှာ မတူညီတဲ့ အနာဂတ်တစ်ခုမှာ နေထိုင်နေရမှာ သေချာပါတယ်။
ဒါပေမဲ့လည်း ပထမဆုံး Microprocessor ဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ရင် ငြင်းခုန်စရာတွေတော့ ရှိနေပါသေးတယ်။ အကြောင်းကတော့ microprocessor ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က နည်းနည်း ဝေဝါးနေလို့ဖြစ်ပါတယ်။ ခေတ်မီ CPU တွေနဲ့မတူဘဲ 4004 ရော MP944 ရော နှစ်ခုလုံးက အလုပ်လုပ်ဖို့အတွက် အပို chip တွေ လိုအပ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၇၀-၇၁ လောက်မှာ ထွက်ခဲ့တဲ့ လူသိနည်းတဲ့ Four-Phase Systems AL1 ဆိုတာကလည်း ပထမဆုံး microprocessor နေရာကို စိန်ခေါ်နိုင်တဲ့ နောက်ထပ် chip တစ်ခု ဖြစ်နေပါသေးတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများကို ခွင့်ပြုချက်မရှိဘဲ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အစုံဖြစ်စေ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Tom's Hardware and TechSpot

0 Comments