Mobile Chip တွေ ဒီဇိုင်းပြုဖန်တီးတဲ့ ARM Holdings ရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတဲ့ SoftBank Group Corp. ဟာ Intel ရဲ့ သာမန်ရှယ်ယာ(common stock) တွေကို ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမဲ့ အပြီးသတ် သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း မနေ့က ကြေညာခဲ့ပါတယ်။ အဆိုပါရင်းနှီးမြှုပ်နှံမှုဟာ Intel နဲ့ SoftBank တို့ရဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အဆင့်မြင့်နည်းပညာနဲ့ semiconductor ဆန်းသစ်တီထွင်မှုတွေမှာ ရင်းနှီးမြှုပ်နှံသွားမယ်ဆိုတဲ့ သူတို့ရဲ့ ကတိကဝတ်ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
"Semiconductor တွေက စက်မှုလုပ်ငန်းတိုင်းရဲ့ အခြေခံအုတ်မြစ်ပါ။ နှစ်ပေါင်း ၅၀ ကျော်ကြာအောင် Intel ဟာ ဆန်းသစ်တီထွင်မှုမှာ ယုံကြည်စိတ်ချရတဲ့ ဦးဆောင်သူ ဖြစ်ခဲ့ပါတယ်။ ဒီမဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုက အဆင့်မြင့် semiconductor ထုတ်လုပ်ရေးနဲ့ ထောက်ပံ့ရေးဟာ အမေရိကန်ပြည်ထောင်စုမှာ ပိုမိုကျယ်ပြန့်လာမယ်ဆိုတဲ့ မိမိတို့ရဲ့ ယုံကြည်မှုကို ထင်ဟပ်နေပြီး Intel က အဲ့ဒီမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်" လို့ SoftBank Group Corp. ရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ Masayoshi Son က ပြောကြားခဲ့ပါတယ်။
Intel ၏ CEO ဖြစ်သူ Lip-Bu Tan ကလည်း "SoftBank နဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ရတာ အလွန်ဝမ်းသာပါတယ်။ သူတို့ဟာ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုနယ်ပယ်များစွာမှာ ရှေ့ဆောင်ဖြစ်ပြီး အမေရိကန်ရဲ့ နည်းပညာနဲ့ ထုတ်လုပ်မှု ဦးဆောင်မှုကို မြှင့်တင်ဖို့ ကျွန်တော်တို့နဲ့ ကတိကဝတ်ချင်း တူညီကြပါတယ်။ Masa နဲ့ ကျွန်တော်ဟာ ဆယ်စုနှစ်ပေါင်းများစွာ နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ကြတာပါ။ ဒီရင်းနှီးမြှုပ်နှံမှုအတွက် Intel အပေါ်ထားရှိတဲ့ သူ့ရဲ့ ယုံကြည်မှုကို ကျွန်တော် အထူးကျေးဇူးတင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
သဘောတူညီချက် စည်းကမ်းချက်တွေအရ SoftBank ဟာ Intel ၏ သာမန်ရှယ်ယာတစ်စုကို $23 ဖြင့် ပေးချေမှာဖြစ်ပါတယ်။ ဒီအရောင်းအဝယ်ဟာ ပုံမှန်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အပြီးသတ်ဖို့ လိုအပ်မှာဦးဖြစ်ပါတယ်။
Tom's Hardware က Financial Times ကို ကိုးကားပြီး ဖော်ပြရာမှာတော့ SoftBank ဟာ Intel ရဲ့ Chip ထုတ်လုပ်ရေးဌာန (Foundry Division) တစ်ခုလုံးကို ဝယ်ယူလိုခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ကုမ္ပဏီရဲ့ ဒေါ်လာ ၂ ဘီလီယံတန် ရှယ်ယာပိုင်ဆိုင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ လွန်ခဲ့သော ၁၅ နှစ်ခန့်က AMD က GlobalFoundries ကို ခွဲထုတ်ခဲ့သလိုမျိုး Intel ကလည်း သူတို့ရဲ့ Intel Foundry Services (IFS) ကို သီးခြားကုမ္ပဏီအဖြစ် ခွဲထုတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ လုပ်ငန်းနယ်ပယ်အတွင်း ထင်မြင်ယူဆချက်တွေနဲ့ ကိုက်ညီလို့နေပါတယ်။
သတင်းတွေအရ SoftBank ဟာ Intel ရဲ့ CHIPS Act ရန်ပုံငွေတွေကြောင့် အတားအဆီးတွေ ကြုံတွေ့ခဲ့ရပုံရပါတယ်။ ၂၀၂၄ ခုနှစ်မှာ Intel ဟာ သမ္မတ Biden အစိုးရရဲ့ CHIPS and Science Act အရ ရန်ပုံငွေတွေ ရရှိဖို့အတွက် အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ သဘောတူညီမှု ရယူခဲ့ပါတယ်။ အဆိုပါ သဘောတူညီမှုအရ Intel ဟာ IFS ကို သီးခြားကုမ္ပဏီတစ်ခုအဖြစ် ခွဲထုတ်လိုပါက အနည်းဆုံး ၅၀.၁% သော ရှယ်ယာကို ထိန်းသိမ်းထားရမည် ဆိုတဲ့ စည်းကမ်းချက်နဲ့ ဒေါ်လာ ၇.၈၆ ဘီလီယံ ရှိတဲ့ရန်ပုံငွေကို ခွင့်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။
Note: En Thue Tech ၏ သတင်းဆောင်းပါးများအား အခွင့်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခွင့်မပြုပါ။
Source: Techpowerup
0 Comments