Subscribe Us

header ads

ဆယ်စုနှစ်များအတွင်း PNG image format ၏ ပထမဆုံး Update တွင် HDR နှင့် Animation အထောက်အပံ့ရရှိလာ

Image via TechSpot

အားလုံးသိကြတဲ့အတိုင်း JPEG၊ PNG နဲ့ GIF တို့ဟာ WebP နဲ့ AVIF လိုမျိုး format အသစ်တွေ ပေါ်လာခဲ့သည့်တိုင် ဆယ်စုနှစ်နဲ့ချီလူသုံးအများဆုံး ပုံရိပ် format တွေဖြစ်နေဆဲပါ။ အခုဆိုရင် PNG (Portable Network Graphics) format ဟာ သူ့ရဲ့ third edition ကို ထုတ်ပြန်လိုက်တာနဲ့အတူ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် သိသာထင်ရှားတဲ့ update အသစ်တစ်ခုကို ရရှိလာခဲ့ပြီး အရင်ကထက် ပိုပြီးစွယ်စုံရတဲ့ format တစ်ခု ဖြစ်လာတော့မယ်လို့သိရပါတယ်။

Web standard တွေနဲ့ လမ်းညွှန်ချက်တွေကို စီမံခန့်ခွဲတဲ့ World Wide Web Consortium (W3C) အဖွဲ့က PNG format အတွက် သတ်မှတ်ချက်အသစ်တွေကို မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီ update အသစ်အရ PNG format ဟာ အခုဆိုရင် animationတွေ၊ ပိုမိုကျယ်ပြန့်တဲ့ အရောင်အသွေးတွေ၊ Exif metadata နဲ့ HDR (High Dynamic Range) တို့ကို အထောက်အပံ့ပေးနိုင်ပြီ ဖြစ်ပါတယ်။ HDR ကို အသုံးပြုနိုင်ဖို့အတွက် CICP လို့ခေါ်တဲ့ နည်းလမ်းကို သုံးထားပါတယ်။ ဒီနည်းလမ်းက ပုံတစ်ပုံရဲ့ အရောင်အသွေးအပိုင်းအခြား (color space) ကို 4 bytes လောက်ရှိတဲ့ဒေတာ နဲ့ သတ်မှတ်ပေးနိုင်တာကြောင့် ဖိုင်အရွယ်အစားကို သိသိသာသာ မကြီးသွားစေဘဲ high dynamic range ကို ရရှိစေမှာ ဖြစ်ပါတယ်။

နောက်ထပ်သတင်းကောင်းကတော့ အသုံးပြုသူတွေအနေနဲ့ HDR PNG တွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြူနိုင်ဖို့ အကြာကြီး စောင့်စရာမလိုတော့ပါဘူး။ Chrome နဲ့ Edge အပါအဝင် Chromium အခြေခံ browser တွေ၊ Firefox နဲ့ Safari တို့ဟာ လက်ရှိအချိန်မှာ ဒီလို အရောင်အသွေး ပိုမြင့်တဲ့ပုံတွေကို ကောင်းမွန်စွာ ဖော်ပြပေးနိုင်နေပြီ ဖြစ်ပါတယ်။ မူရင်းသတင်းက နှိုင်းယှဉ်ပြသထားတဲ့ပုံမှာဆိုရင် CICP data ပါတဲ့ အပေါ်ပုံက ပိုပြီးတောက်ပနေမှာဖြစ်ပြီး၊ အောက်ပုံကတော့ အရောင်ပိုဖျော့ပြီး မှိန်နေတာကို တွေ့ရမှာပါ။

Developer တွေက PNG မှာ animation အထောက်အပံ့ကို ၂၀၀၁ ခုနှစ်ကတည်းက စတင်ထည့်သွင်းခဲ့ပြီး Firefox လို browser တွေမှာ နှစ်ပေါင်းများစွာ အသုံးပြုလို့ ရနေခဲ့တာပါ။ ဒါပေမဲ့ အခု နောက်ဆုံးထုတ်ပြန်တဲ့ တရားဝင်သတ်မှတ်ချက်မှာမှ ဒီ feature က ပထမဆုံးအကြိမ် ပါဝင်လာတာ ဖြစ်ပါတယ်။ Animated PNG တွေဟာ GIF တွေထက် အရောင်အသွေး ပိုစုံလင်စွာပြသနိုင်ပေမယ့် ဖိုင်အရွယ်အစားကတော့ ပိုကြီးလေ့ရှိပါတယ်။

Exif data အထောက်အပံ့ပါဝင်လာတာကြောင့်လည်း ဓာတ်ပုံဆရာတွေအနေနဲ့ မူပိုင်ခွင့်၊ သုံးထားတဲ့ မှန်ဘီလူးအမျိုးအစား၊ GPS တည်နေရာလိုမျိုး အချက်အလက်တွေကို ပုံဖိုင်ထဲမှာ တိုက်ရိုက်ထည့်သွင်းထားနိုင်မှာ ဖြစ်ပါတယ်။  ProgramMax က လက်ရှိခေတ်ပေါ် browser တွေ၊ iOS၊macOS၊ Photoshop၊ DaVinci Resolve နဲ့ Avid Media Composer တို့က PNG specification အသစ်ကို အထောက်အပံ့ပေးနေပြီဖြစ်တယ်လို့မှတ်ချက်ပြုထားပါတယ်။

PNG format ကို မူပိုင်ခွင့်အခကြေးငွေပေးစရာမလိုတဲ့ GIF အတွက် အစားထိုး format တစ်ခုအဖြစ် ၁၉၉၅ ခုနှစ် အစောပိုင်းမှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ GIF ရဲ့ မူပိုင်ခွင့်ကို ပိုင်ဆိုင်တဲ့ Unisys ကုမ္ပဏီက ၁၉၉၄ ခုနှစ် ဒီဇင်ဘာလမှာ GIF format ကိုသုံးတဲ့ software တွေဆီက မူပိုင်ခွင့်ကြေး ကောက်ခံတော့မယ်လို့ ကြေညာခဲ့တဲ့နောက်မှာ PNG ကိုဖန်တီးခဲ့ကြတာပါ။ PNG ကို ဖန်တီးသူတွေရဲ့ ရည်ရွယ်ချက်ကတော့ အခကြေးငွေမလိုဘဲ ပိုမိုကောင်းမွန်တဲ့ ရုပ်ပုံချုံ့နည်းစနစ်ကို ပေးအပ်နိုင်ဖို့ပါပဲ။ ဒီနေ့အထိ PNG ဟာ သူ့ရဲ့ အရည်အသွေးမကျဆင်းစေတဲ့ ချုံ့နည်းစနစ်၊ ပုံရိပ်အရည်အသွေးမြင့်မားမှုနဲ့ transparency ကို အထောက်အပံ့ပေးမှုကြောင့် လူကြိုက်များနေဆဲဖြစ်ပါတယ်။

PNG ရဲ့ third edition ကို ဖန်တီးဖို့အတွက် W3C ဟာ Google၊ BBC၊ Apple၊ Adobe၊ NBCUniversal နဲ့ MovieLabs တို့က ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ HDR နဲ့ SDR ပုံတွေကြားမှာ ပိုမိုကိုက်ညီအဆင်ပြေချောမွေ့စေဖို့ fourth edition ထွက်လာဖို့ရှိသလို ချုံ့နည်းစနစ်ကို ပိုမိုကောင်းအောင်လုပ်မယ့် fifth edition တို့လည်း မကြာခင် ထပ်ထွက်လာနိုင်တယ်လို့ သိရပါတယ်။

Source: TechSpot


Post a Comment

0 Comments