![]() |
Image via DCD |
အမေရိကန်အစိုးရဟာ Intel နဲ့ TSMC တို့ကြား ပူးတွဲလုပ်ငန်းတစ်ခုကို အားပေးနေတယ်ဆိုတဲ့အကြောင်း ကောလာဟလထွက်ပေါ်လာခြင်းက ထိုင်ဝမ်မှာ "Silicon Shield" ဆုံးရှုံးနိုင်ခြေနဲ့ပတ်သက်ပြီး အကြီးအကျယ် ကန့်ကွက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ "Silicon Shield" ဆိုတာ TSMC ရဲ့ ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်ထုတ်လုပ်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကြောင့် တရုတ်ကကျူးကျော်မှာကို ကာကွယ်ပေးနိုင်တယ်၊ ဒါမှမဟုတ် စစ်ပွဲဖြစ်ပွားခဲ့ရင် အခြားနိုင်ငံတွေက အကူအညီပေးဖို့ အလျင်အမြန် လာရောက်လိမ့်မယ်ဆိုတဲ့ သီအိုရီတစ်ခုဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဒီကောလာဟလက TSMC ရဲ့ မဟာဗျူဟာနဲ့ ထိုင်ဝမ် နိုင်ငံရေးကို သက်ရောက်မှုရှိလာမှာပါ။ အဲဒီလို ပူးတွဲလုပ်ငန်းတစ်ခုနဲ့ဆိုရင် ထိုင်ဝမ်ဟာ ကမ္ဘာမှာ အဆင့်မြင့်ပရိုဆက်ဆာတွေကို အဓိကပံ့ပိုးသူအဖြစ် ဆက်လက်ရပ်တည်နိုင်မှာ မဟုတ်တော့ပါဘူး။
အာရှအခြေစိုက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ TriOrient ရဲ့ ဒုတိယဥက္ကဋ္ဌ Dan Nystedt က X မှာ "မီဒီယာတွေက အတော်ဆိုးနေပြီ" လို့ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ post မှာ "ထိုင်ဝမ်က ခေါင်းကြီးပိုင်းတွေက တရုတ်ကွန်မြူနစ်ပါတီကို ထောက်ခံပြီး အမေရိကန်ကို ဆန့်ကျင်တဲ့ မီဒီယာတွေဆီကပါ" လို့ ဆိုထားပါတယ်။
တကယ်တော့ ထိုင်ဝမ်မီဒီယာတွေက TSMC နဲ့ ထိုင်ဝမ်ကို တစ်ခုတည်းလို့ သဘောထားကြတာကြောင့် TSMC ဟာ အမေရိကန်ပိုင်ကုမ္ပဏီ ဖြစ်သွားခဲ့ရင် ထိုင်ဝမ်ဟာ ‘Silicon Shield’ ကို ဆုံးရှုံးသွားလိမ့်မယ်လို့ သတိပေးနေကြပါတယ်။ Nystedt က ခေါင်းကြီးပိုင်း သုံးခုကို ထောက်ပြခဲ့ပါတယ်။
- No.1 foreign analyst warns: be afraid for TSMC! The whole bowl is going to be taken away.
- Shocking report: The U.S. asks TSMC to save Intel with a joint venture fab, technology transfer: Taiwan is finished!
- Rivals become teammates? TSMC and Intel are joining forces to become US Semiconductor (USSMC).
သတင်းအများစုကတော့ ဒီသတင်းကို သံသယဝင်နေကြပြီး ဒီပူးပေါင်းလုပ်ငန်းက TSMC အတွက် အကျိုးမရှိဘဲ ကုမ္ပဏီနဲ့ ထိုင်ဝမ်ကိုပဲ ထိခိုက်စေလိမ့်မယ်လို့ ဝေဖန်နေကြပါတယ်။ တချို့ကလည်း ဒီပူးပေါင်းလုပ်ငန်းကို ထောက်ခံတဲ့အနေနဲ့ မဆိုင်တဲ့အကြောင်းအရာတွေကိုပါ ဆက်စပ်ပြောဆိုနေကြပါတယ်။ ဒီလအစပိုင်းမှာ TSMC ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေက ပထမ ၃လပတ်အစည်းအဝေးကို ထိုင်ဝမ်မှာ မလုပ်ဘဲ အမေရိကန်မှာ လုပ်ခဲ့ပါတယ်။ စီးပွားရေးမီဒီယာတွေကတော့ ဒါဟာ အရီဇိုးနားပြည်နယ်မှာရှိတဲ့ Fab 21 မှာ အဆင့်မြင့်ပရိုဆက်ဆာတွေကို အများအပြားထုတ်လုပ်ဖို့ ပြင်ဆင်နေတာကြောင့်လို့ ဆိုကြပေမဲ့ ထိုင်ဝမ်မီဒီယာတွေကတော့ ဒီအစည်းအဝေးဟာ ထရမ့်သမ္မတဖြစ်ပြန်ဖြစ်လာတာကြောင့်လို့ ပြောနေကြပါတယ်။
ဒါပေမဲ့ မီဒီယာတွေက ခေါင်းကြီးပိုင်းတွေမှာ ကြောက်ရွံ့မှုတွေကို မီးမောင်းထိုးနေပေမဲ့ ကျွမ်းကျင်သူတွေရဲ့ ပြည်ပထုတ်လုပ်မှု အရှိန်အဟုန်မြင့်လာတာကြောင့် ထုတ်လုပ်မှုစွမ်းရည်ကို ထိုင်ဝမ်ပြင်ပမှာ တည်ဆောက်မယ့် TSMC ရဲ့ ဆုံးဖြတ်ချက်ဟာ ရှောင်လွှဲလို့ မရဘူးလို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒီကျွမ်းကျင်သူတွေက TSMC ဟာ အမေရိကန်မှာ မကြုံစဖူး နိုင်ငံရေးဖိအားကို ခံရနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
Kirkland Capital ရဲ့ ဥက္ကဋ္ဌ Yang Yingchao က China Times News Network ကို ပြောကြားခဲ့ရာမှာ အရီဇိုးနားပြည်နယ်က TSMC ရဲ့ Fab 21 စီမံကိန်းဟာ နိုင်ငံရေးအရ အရေးပါတဲ့ သက်ရောက်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်မှာ ဒေါ်လာ ၆၅ ဘီလီယံတန်ဖိုးရှိ ချစ်ပ်ထုတ်လုပ်ရေး စက်ရုံတစ်ခု တည်ဆောက်တာဟာ TSMC အတွက် စီးပွားရေးအရ သိပ်အဆင်မပြေလှဘူးလို့ သူက ပြောပါတယ်။ ထိုင်ဝမ်မှာ ချစ်ပ်ထုတ်လုပ်တာက ကုန်ကျစရိတ်လည်း သက်သာပြီး အင်ဂျင်နီယာအင်အားလည်း ပိုများတာကြောင့် ပိုပြီးအဆင်ပြေပါတယ်။ ဒါ့အပြင် ချစ်ပ်တွေက သေးငယ်ပြီး သယ်ရတာ လွယ်ကူလို့ အမေရိကန်မှာ ထုတ်လုပ်တာက ထောက်ပံ့ပို့ဆောင်ရေးအရလည်း အကျိုးကျေးဇူး သိပ်မရှိပါဘူး။ ဒါပေမဲ့ အဆင့်မြင့်ချစ်ပ်ထောက်ပံ့ရေးဟာက နိုင်ငံတော်လုံခြုံရေးနဲ့ စီးပွားရေးအတွက် အရေးကြီးလာတော့ TSMC က အမေရိကန်မှာ ထုတ်လုပ်မှုစွမ်းရည်ကို တိုးချဲ့မှုကို ရှောင်လွဲလို့ မဖြစ်နိုင်တော့ပါဘူး။
Yang Yingchao က အမေရိကန်အစိုးရက ထိုင်ဝမ်မှာ ထုတ်လုပ်တဲ့ ချစ်ပ်တွေအပေါ် ၁၀၀% အခွန်ကောက်ခံဖို့ ဖြစ်နိုင်ခြေကိုလည်း သံသယရှိပါတယ်။ ထရမ့်က ညှိနှိုင်းတဲ့အခါ မကြာခဏ ရဲရဲဝံ့ဝံ့ ခြိမ်းခြောက်လေ့ရှိပြီး အရင်က အလားတူ အခွန်ခြိမ်းခြောက်မှုတွေကို နောက်ဆုံးမှာ ပြန်လည်ရုပ်သိမ်းခဲ့တာကိုလည်း သူက ထောက်ပြပါတယ်။ ချစ်ပ်တွေအပေါ် ၁၀၀% အခွန်ကောက်ခံရင် စားသုံးသူစျေးနှုန်းတွေ ဒါမှမဟုတ် ထောက်ပံ့ရေးကွင်းဆက်မှာ စျေးတွေ တက်လာနိုင်ပြီး နောက်ဆုံးမှာ အမေရိကန်စီးပွားရေးကို ထိခိုက်စေနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် Yang က အမေရိကန်မှာ ဘုတ်အဖွဲ့အစည်းအဝေးလုပ်ရတဲ့အကြောင်း TSMC ရဲ့ စီးပွားရေးဆိုင်ရာ ရှင်းလင်းချက်တွေအပေါ်မှာ သံသယဖြစ်နေတုန်းပါ။ သူက အဲဒီရှင်းလင်းချက်တွေဟာ တကယ်တမ်း လိုအပ်လို့ လုပ်တာထက် ပြင်ပက ဖိအားပေးလို့ လုပ်ရတာလို့ ထင်နေတာပါ။ ဒီအချက်က Intel နဲ့ TSMC ပူးပေါင်းလုပ်ဆောင်မှုသတင်းမှာ အကြောင်းရင်းအချို့ရှိနိုင်တယ်လို့ ဆိုလိုတာဖြစ်နိုင်ပါတယ်။
Source: Tom's Hardware
0 Comments